နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မိုင်းပျဉ်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မိုင်းပျဉ်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဧပြီ - ၈

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့မွန်းလွဲပိုင်းတွင် မိုင်းပျဉ်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ သွားရောက် တွေ့ဆုံအမှာစကားပြောကြားသည်။

        အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မိုင်းပျဉ်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ် ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က  အမှာစကားပြောကြားရာတွင် တပ်မတော်သည် အဖွဲ့စနစ်မှစတင်၍ အစုအဖွဲ့အလိုက် ဖွဲ့စည်း လုပ်ကိုင် ဆောင်ရွက်ရသော အမျိုးသားရေး အင်အားစုကြီး ဖြစ်၍ စည်းလုံး ညီညွတ်မှုသည် အလွန်ပင်အရေးကြီးကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ၏ ပေးအပ်သောတာဝန်များအရ ကြီး လေးသော နိုင်ငံတော် တာဝန်များကို ခေတ္တထိန်းသိမ်း တာဝန်ယူထားသည့် ကာလဖြစ်၍ နိုင်ငံ့ အရေးအတွက် အားလုံး ပိုမိုကြိုးပမ်း လုပ်ဆောင်ရန်လိုကြောင်း။  နိုင်ငံတော်အနေဖြင့် လွတ်လပ်ရေးရပြီး ၇၅ နှစ်ကျော်ကာလအတွင်းတွေ့ကြုံခဲ့ရသည့်  လက်နက်ကိုင် ပဋိပက္ခများနှင့် သဘာဝ ဘေး အန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ချိန်တိုင်းတွင်လည်း တပ်မတော်သည် နိုင်ငံအတွက် မားမားမတ်မတ် ရပ်တည်ခဲ့ကြောင်း။

ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှုတို့ကြောင့်  တစ်ပြည်တည်းနေ တစ်ရေ တည်းသောက် တစ်အူတုံဆင်း သွေးချင်းများဖြစ်သော်လည်း တိုင်းရင်းသားရေး၊ အယူဝါဒရေး၊ ဘာသာရေး စသည်ဖြင့် အယူဝါဒအမျိုးမျိုး ကွဲပြားမှုများ ဖြစ်ပေါ်ခဲ့ရ ပြီး သွေးရင်းညီအကိုအချင်းချင်းသံသယများရှိလျက် စည်းလုံးညီညွတ်မှု ပျက်ပြား ရာမှ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့ကြောင်း၊  သို့သော်လည်း စုစည်းညီညွတ်မှု  ခိုင်မာ အားကောင်းသော၊ စနစ်တကျဖွဲ့စည်းလေ့ကျင့်ထားသော၊ မျိုးချစ်စိတ်အရင်းခံ၍ မိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင်ကြသူများဖြင့် ဖွဲ့စည်းထားသည့် တပ်မတော် မှပင် အဆိုပါ လက်နက်ကိုင်ပဋိပက္ခများ၊ ခွဲထွက်မည့်အန္တရယ်များ နှင့် လွတ်မြောက် နယ်မြေကြံစည်ခြင်းများအပြင် ရန်ကုန်အစိုးရဟုပင် ခေါ်ဆိုခံရသည့် အခြေအနေမှ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ မိမိ တို့ တပ်မတော်ရှိနေ၍လည်း တပ်မတော်အား နိုင်ငံရေးဇာတ်ခုံမှ အပြီးတိုင်ဖယ်ရှား  ရန် အစဉ်အဆက် ကြိုးပမ်းမှုများခံခဲ့ရကြောင်း၊ ယနေ့အချိန်အခါတွင် ပို၍ပင် တပ်မတော်ပြိုကွဲရေးအား ကြိုးပမ်းလျက်ရှိရာ နိုင်ငံရေးအရ၊ စီးပွားရေးအရ လူမှုရေး အရ၊ စစ်ရေးအရ ထိုးနှက်မှုများ ဆောင်ရွက်လာခဲ့ပြီး တပ်မတော်၏ နယ်မြေ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ဆောင်မှုများတွင်လည်း နိုင်ငံတကာ၏ အထင်လွဲမှားမှုနှင့် ဖိအားပေးမှုများ ဖြစ်ပေါ်စေရန် အကြမ်းဖက် အဖွဲ့များဖြင့် ကျေးရွာများကို မီးရှို့မှုအား တပ်မတော်မှ မီးရှို့သော အသွင်ဖြင့် လုပ်ဆောင်ကာ အကြမ်းဖက်အဖွဲ့များ၏အုပ်စုလိုက် ရက်ရက်စက်စက် ဒလန် သတင်းပေး သတ်မှတ်၍ သတ်ဖြတ်မှုအပေါ်တွင်လည်း တပ်မတော်မှ သတ်ဖြတ်မှု အဖြစ် စွပ်စွဲ၍ တရားခံဖြစ်စေရေး စသည့်ဖြင့် လူမှုကွန်ရက်များတွင် ဝါဒဖြန့်လျက် ရှိကြောင်း၊ သို့ဖြစ်၍ အဆိုပါ လုပ်ကြံအကြပ်ကိုင်မှုများကို စုစည်းညီညွတ်သော စွမ်းအားဖြင့် ရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေး တပ်တွင်း စည်းလုံးညီညွတ်မှုကို ရေပက်မဝင်သည့် စည်းလုံးမှုအဖြစ် ခိုင်မာ ကျစ်လျစ် အောင် ဆောင်ရွက်နေရန် လိုကြောင်း၊ သာတူညီမျှ အေးအတူပူအမျှ စိတ်ဓာတ်ကို အခြေခံသော ပေါင်းစည်း သောစွမ်းအားသည် မည်သည့်အန္တရာယ်ကိုမဆို ရင်ဆိုင် ဖြတ်ကျော်နိုင်မည်ဖြစ်ကြောင်း။

လေ့ကျင့်ရေးနှင့်ပတ်သက်၍ သတ်မှတ်ညွှန်ကြားထားသော လေကျင့်ရေး အချိန်ဇယားများနှင့်အညီ မပြတ်လေကျင့်နေရန်လိုကြေင်း၊ လေ့ကျင့်မှုကောင်းမွန် မှသာ တတ်ဆင်ပေး ထားသည့် ခေတ်မီလက်နက် ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ပြီး ယုံကြည်မှုဖြင့် ရဲရဲဝံ့ဝံ့လုပ်ကိုင်ဆေင်ရွက်နိင်မည်ဖြစ်ကြောင်း၊ တစ်ဘက် တွင်လည်း တတ်ဆင်ပေးထားသော လက်နက်ကိရိယာများ၏ စွမ်းပကားကို သိရှိပြီး မှန်ကန်စွာဖြင့် ထိထိရောက်ရောက်အသုံးချနိုင်ရန်လိုကြောင်း။

လုပ်ငန်းတာဝန်ထမ်းဆောင်မှုနှင့် မိသားစုအရေးအရာ ကိစ္စများအတွက် ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်မှုသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ ကိုယ်စိတ် ကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန်ကိစ္စရပ်များ၊ လမ်းညွှန်ချက်၊ ညွှန်ကြား ချက်များ အဖြစ် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ တစ်ဦးချင်းကိုယ်စီ အသိစိတ်ဓာတ်ဖြင့် ထိန်းသိမ်း လိုက်နာရန်လိုကြောင်း၊ စိတ်ဓာတ်ကောင်းမွန်ရေးအတွက် စာဖတ်ခြင်း သည် အကောင်းဆုံးအထောက်အကူပြုမှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော် အကြီး အကဲ၏လမ်းညွှန်ချက်အရ ကလေးစာပေမှစ၍ စစ်ပညာဆိုင်ရာ၊ သိပ္ပံ ပညာဆိုင်ရာနှင့်အထွေထွေဗဟုသုတ ဆိုင်ရာများအပြင် သုတရသစုံလင်စွာဖြင့် နေ့စဉ် သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်များကို တပ်များသို့အရောက် ထုတ်ဝေဖြန့် ချိပေး လျက်ရှိကြောင်း၊ ပုံမှန်ဖတ်ရှုလေ့လာနိုင်ရေး တာဝန်ရှိသူများက စီမံဆောင်ရွက် ပေးရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ ရဲမေများ၏ တစ်ဦးချင်းစီ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် တပ်မတော် စက်ရုံများမှ ထုတ်လုပ်သည့်စားသောက်ကုန်ပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရ ယူသည်။ အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ် က ဒေသထွက်စားသောက်ဖွယ်ရာများနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။

        ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီးတို့က စားသောက်ဖွယ်ရာများနှင့် အားကစားပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်တော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။