လေးစားဂုဏ်ယူမိပါသည် . . .
အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ ဧပြီ ၉ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား စွမ်းဆောင်မှုဆိုင်ရာ သီရိပျံချီဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျုက ပေးအပ်ချီးမြှင့်သည့် “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့”အား လက်ခံရယူကြောင်း သတင်းကို ၂၀၂၃ ခုနှစ် ဧပြီ ၃ ရက်နေ့ည မြဝတီရုပ်မြင်သံကြား သတင်းတွင် တွေ့မြင်လိုက်ရသည်။ သီရိပျံချီဘွဲ့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ကောင်းရာကောင်းကျိုး ဖြစ်ထွန်းစေရေး ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သူများကို ပေးအပ်ချီးမြှင့်သည့် ဘွဲ့တံဆိပ်တစ်ခုဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့”ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျု၏ President ဖြစ်သူက ရှင်းလင်းတင်ပြရာတွင် “အဆွေတော်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားမျှတမှုကို အခြေခံသည့် နိုင်ငံရေး ပွင့်လင်းမြင်သာမှုများကို မျက်ဝါးထင်ထင် တွေ့မြင်ရပါကြောင်း၊ သိပ္ပံနှင့်နည်းပညာ ကဏ္ဍအပါအဝင် မိမိတို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ၊ ဆက်ဆံမှုများသည်လည်း တိုးတက်လျက် ရှိပါကြောင်း၊ မိမိတို့တက္ကသိုလ်အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လူသားချင်း စာနာထောက်ထားမှု နယ်ပယ်အပါအဝင် ဘက်စုံပူးပေါင်း ဆောင်ရွက်ရေး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများတွင် အဆွေတော်၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုအတွက် “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့”ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ရန် ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျု၊ ပညာရေးကောင်စီမှ တညီတညွတ်တည်း မဲခွဲဆုံးဖြတ်ခဲ့ကြပါကြောင်းနှင့် အဆိုပါဘွဲ့တံဆိပ်အား ချီးမြှင့်အပ်နှင်း ခွင့်ပြုပါစေလိုကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျု၏ President ဖြစ်သူ Dr. Professor Vitaly Vyacheslavovich NAUMKIN က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်အား “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့”ကိုပေးအပ်ချီးမြှင့်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားရာတွင် “စွမ်းရည်ထက်မြက်သူများကို မွေးထုတ်ပေးလျက်ရှိသည့် ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျုမှ ပေးအပ်သည့် “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့”ကို လက်ခံရရှိခြင်းအပေါ် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ မိမိတို့နိုင်ငံမှ ပညာတော်သင်များသည်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားခဲ့ပြီး အဆင့်မြင့်ဘွဲ့များစွာကို ရရှိခဲ့ကြောင်းနှင့် ဆက်လက်၍လည်း ပညာတော်သင် သင်တန်းသား အများအပြား တက်ရောက်သင်ကြားလျက် ရှိပါကြောင်း”ထည့်သွင်းပြောကြားခဲ့သည်။
ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျုသည် အာရှနိုင်ငံများနှင့် အာဖရိကမြောက်ပိုင်း နိုင်ငံများ၏ သမိုင်း၊ ဘာသာစကားနှင့်စာပေ၊ စီးပွားရေးနှင့် လူမှုရေး၊ လူမျိုးရေးနှင့် ယဉ်ကျေးမှု စသည်တို့ကို သုတေသနပြု လေ့လာနိုင်ရန် တည်ထောင်ထားခြင်းဖြစ်သည်။ တက္ကသိုလ်မှမွေးထုတ်ပေးလိုက်သူများမှာလည်း စွမ်းဆောင်ရည်မြင့်မားသည့်အတွက် ၁၉၈၀ ပြည့်နှစ်တွင် Order of the Red Banner of Labour တံဆိပ်ချီးမြှင့်ခြင်း ခံရကြောင်း သိရှိရသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ တက္ကသိုလ်နှင့် ကျောင်းအသီးသီးမှ ပညာရှင်များ မွေးထုတ်ပေးခဲ့သည့်အတွက် ရုရှားနိုင်ငံသည် စာပေပညာရှင်၊ သိပ္ပံပညာရှင်၊ ဝိဇ္ဇာပညာရှင် စသည်ဖြင့် ပညာရှင်များစွာပေါ်ထွန်းခဲ့ပြီး သိပ္ပံနှင့်နည်းပညာ နယ်ပယ်တွင်လည်း ကမ္ဘာ့ထိပ်တန်းနေရာမှ ရပ်တည်လျက်ရှိသည်။
နိုင်ငံတော် အကြီးအကဲသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ရေရှည်အကျိုး စီးပွားအတွက် မှတ်ကျောက်တင်ထူးခြားသည့် စွမ်းဆောင်မှုများဖြင့်သာ အလေးပေး ဆောင်ရွက်ခဲ့သည်။ နိုင်ငံ့ခေါင်းဆောင် တစ်ယောက်အနေနှင့် ကမ္ဘာ့အင်အားချိန်ခွင်လျှာ မျှတရေးအတွက် အမြော်အမြင်ရှိရှိ ဉာဏ်ပညာပြည့်ဝစွာဖြင့် ရုရှားခေါင်းဆောင်နှင့်အတူ အတူတကွ ပူးပေါင်းဆောင်ရွက်နေသည်မှာ မြန်မာ့နိုင်ငံရေး သမိုင်း၏ မော်ကွန်းတင်မည့်စွမ်းဆောင်ရည်များဖြစ်သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးသမိုင်းအား စဉ်ဆက်မပြတ် သုတေသနပြုလေ့လာနေသည့် ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျု၏ ပညာရေးကောင်စီက မငြင်းပယ်နိုင်လောက်အောင် တညီတညွတ်တည်း မဲခွဲဆုံးဖြတ်ခဲ့ပြီး ”ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့”ကို ပေးအပ်ခြင်းဖြစ်သည်။
မြန်မာ့သမိုင်းတွင် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့၏ နိုင်ငံတော်ကြီး စည်းလုံးညီညွတ်ပြီး သာယာဝပြောလာအောင် စောင့်ရှောက်ခဲ့မှုအား ယနေ့နောင်လာနောက်သားများက အစဉ်အမြဲ ကျေးဇူးတင်လျက်ရှိသည်။ ထို့အတူ ယနေ့နိုင်ငံတော်အကြီးအကဲ၏ စွမ်းဆောင်မှုများအား ပြည်ပအင်အားကြီးနိုင်ငံက အသိအမှတ်ပြုသကဲ့သို့ နောင်ဝယ် ငယ်သားများကလည်း အသိအမှတ်ပြု လေးစားအားကျနေမည်သာ ဖြစ်ပါသည်။ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ လက်ခံရရှိခဲ့သည့် နိုင်ငံတော်အကြီးအကဲ၏ စွမ်းဆောင်ချက်များအပေါ် လေးစားဂုဏ်ယူမိပါကြောင်း ရေးသားလိုက်ရပေသည်။ ။