ပုဂံမြို့ရှိ အရှေ့ဖက်လိပ်ဘုရားနှင့် အနောက်ဖက်လိပ်ဘုရားရှိ စဉ့်ရည်မသုတ်သော ရှေးကျသည့် မြေမီးဖုတ် ဇာတ်တော်အုတ်ခွက်များကို လေ့လာနိုင်

ပုဂံမြို့ရှိ အရှေ့ဖက်လိပ်ဘုရားနှင့် အနောက်ဖက်လိပ်ဘုရားရှိ စဉ့်ရည်မသုတ်သော ရှေးကျသည့် မြေမီးဖုတ် ဇာတ်တော်အုတ်ခွက်များကို လေ့လာနိုင်

    မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံလောကနန္ဒာ စွယ်တော်မြတ်စေတီအနီးအရှေ့ဖက်လိပ်ဘုရားနှင့် အနောက်ဖက် လိပ်ဘုရားရှိ စဉ့်ရည်မသုတ်သော ရှေးကျသည့် မြေမီးဖုတ် ဇာတ်တော်အုတ်ခွက်များကို လာရောက်လေ့လာနိုင်ကြောင်း လောကနန္ဒာဂေါပက အတွင်းရေးမှူး ဦးထင်လင်းဦး ထံမှ သိရသည်။

အရှေ့ဖက်လိပ်ဘုရားနှင့် အနောက်ဖက် လိပ်ဘုရားသည် အေဒီ ၁၁ ရာစုလက်ရာများ ဖြစ်ပြီး ၁၉၀၅ ခုနှစ်ခန့်တွင် ဖက်လိပ်ဘုရားနှစ်ဆူ အောက်ပိုင်းရှိ ပြိုကျနေသော အုတ်ကျိုးအုတ်ပဲ့   အပျက်အစီးများကို ရှင်းလင်းဖယ်ရှားပြုပြင်စဉ် စဉ့်ရည်မသုတ်သော ရှေးကျသည့် မြေမီးဖုတ်အုတ်ခွက်များကို တွေ့ရှိခဲ့ကြောင်း၊ မူလတည်ဆောက်ခဲ့စဉ်က အဆိုပါစေတီနှစ်ဆူ၏ ပတ်လည်တွင်  ပေါင်းကူးမုခ်ခုံး စင်္ကြံပတ်လမ်းများ ရှိခဲ့ကြောင်း၊   အဆိုပါစေတီ၏ အတွင်းအောက်ခြေပတ်လည်နှင့် အတွင်းနံရံများတွင် လေးထောင့်ပုံသဏ္ဌာန် ဇာတ်တော်အုတ်ခွက်များ၊ ထားရှိသော အရာဟောင်းများ တွေ့ရှိရပြီး   တွေ့ရှိရသော  ဇာတ်တော်အုတ်ခွက်များကို နေသားတကျ စီစဉ်ထားရှိကာ မပျက်စီးစေရန် ကွန်ကရစ်အမိုးများဖြင့် ပြုပြင်ထိန်းသိမ်း ထားရှိကြောင်း တွေ့ရသည်။

အနောက်ဖက်လိပ်ဘုရား၏ ဖောင်းရစ်အပေါ်ပိုင်းမှာ  စိမ်းညက်ညီမ ဘုရားနှင့် ဆင်တူနေသည်ကို   လေ့လာတွေ့ရှိနိုင်သည်။

အရှေ့ဖက်လိပ်ဘုရားနှင့် အနောက်ဖက် လိပ်ဘုရား၏ အနောက်တောင်ဘက်တွင် လောကနန္ဒာစွယ်တော်မြတ်စေတီ၊ မြန်မာပြည်၏ အရပ်အရှည်ဆုံး  ဒေါ်ဇီးကွက် အထိမ်းအမှတ်ကျောက်တိုင်၊ တောင်ဘက်တွင် လောကနန္ဒာဥယျာဉ်၊ မြောက်ဘက်တွင်ပျူသုံးဆူတန်းဘုရား၊ စိမ်းညက်အစ်မဘုရား၊ ကျောက်မျက်မှော်ဘုရား၊ အပါယ်ရတနာဘုရားနှင့် နဂါးရုံဘုရားတို့အား တစ်ဆက်တစ်စပ်တည်း မတူညီသည့် တည်ထားမှု ပုံစံအမျိုးမျိုးဖြင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင်ရှိသော ဘုရားများကိုလေ့လာဖူးမြော်နိုင်ကြောင်း သိရသည်။