လတန်ခူး၏မြန်မာ့နှစ်ကူးခါသင်္ကြန်ပွဲတော်

လတန်ခူး၏မြန်မာ့နှစ်ကူးခါသင်္ကြန်ပွဲတော်

    တန်ခူးလသည် မြန်မာနှစ်ဦး၊ နှစ်သစ်အစ ပထမလဖြစ်သည်။ “လတန်ခူးပေမို့၊ အလှထူးပါဘိ၊ မြမြဖူးရယ်တဲ့၊ ခိုင်ရွှေဝါ” ဆိုသကဲ့သို့ သင်္ကြန်အကြိုမိုးပြေးအောက်ဝယ် ပန်းပိတောက်ရွှေဝါတို့သည်  ပင်လုံးညွတ်ဖူးပွင့်ကြလေပြီ။ သင်္ကြန်၏ပုံရိပ်ပန်းပိတောက်

မင်းနှင့်အတူ ကံ့ကော်ပန်း၊ ငုဝါပန်း၊ ရင်ခတ်ပန်းတို့သည် ပတ်ဝန်းကျင်အနှံ့ မွှေးပျံ့ထုံသင်းလျက်ရှိသည်။

တောတောင်အနှံ့  ရာသီပန်းတို့၏အလှများ ပေါင်းဆုံလွှမ်းခြုံနေသော လတန်ခူးတွင်မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို ဆင်နွှဲကြသည်။ သင်္ကြန်ဟူသော ဝေါဟာရသည် “သင်္ကတ”ဟုခေါ်သော ပါဠိဘာသာ၊ “သင်္ကန္တြ”ခေါ် သက္ကတဘာသာမှ ဆင်းသက်လာခြင်းဖြစ်၍ “ပြောင်းရွှေ့ခြင်း၊ကူးပြောင်းခြင်း” ဟုအဓိပ္ပာယ်ရသည်။ တန်ခူးလသည်ရာသီအားဖြင့် မိန်ရာသီမှမိဿရာသီသို့ ကူးပြောင်းသည့်ကာလဖြစ်သည်။ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပြောင်းသည့် သင်္ကြန်ပွဲတော်တွင် တစ်ဦးကိုတစ်ဦး ရေဖျန်းပက်ကစားသည့် ဓလေ့မှာ မြန်မာတို့၏ ချစ်စရာရိုးရာ ယဉ်ကျေးမှု အစဉ်အလာလည်းဖြစ်သည်။

မြန်မာတို့၏ နှစ်သစ်ကူးသင်္ကြန် ရေပက်ကစားခြင်း အစဉ်အလာသည် သကျသာကီဝင်မင်းတို့ စိုးစံသည့် တကောင်းခေတ်ကပင် ပေါ်ထွန်းခဲ့ခြင်းဖြစ်သည်။ တကောင်းလွန်မြောက်သော် သရေခေတ္တရာနှင့် ပုဂံခေတ်ရောက်သောအခါတွင်လည်း မြန်မာတို့သည် ရိုးရာမပျက် သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြသည်။

မြန်မာသက္ကရာဇ် ၆၁၇ ခုနှစ်  နရသီဟပတေ့မင်း လက်ထက်တွင် ရေအိုင်အနီးမြစ်ဆိပ်၌  မင်းတဲလုံခြုံစွာ ဆောက်လုပ်၍ ဘုရင်ကိုယ်တိုင်မိဖုရား၊ မောင်းမမိဿံတို့နှင့်အတူ ရေဖျန်းသဘင်ပွဲ ကျင်းပလေ့ရှိကြောင်း မှန်နန်းရာဇဝင်တွင် စာတင်ထားသည်ကို မှတ်သားရသည်။

ခရစ်နှစ်  ၁၇၆၁  ခုနှစ်  ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း လက်ထက်၌ အင်းဝမြို့တွင်ကျင်းပ သော သင်္ကြန်ပွဲတော်သည် ပျော်ရွှင်ကြည်နူးဖွယ် အကောင်းဆုံးပွဲတော်ဖြစ်သည်။ အင်းဝနေပြည်တော် ရှိသင်္ကြန်ပွဲတော်သို့ ဘုရင်နှင့်မိဖုရားတို့သည် ကရဝိက်ဖောင်တော်ကြီးဖြင့်ကြွလာပြီး ရေပက်ကစားကြသည်။ ထိုကရဝိက်ဖောင်တော်ကြီး၏ အမြင့်မှာ ပေ ၃၀ ရှိပြီး   ရွှေပိန်းချထားသည်ဟု သိရသည်။ မင်းညီ၊ မင်းသားများနှင့် နန်းတွင်းသူ၊ နန်းတွင်းသားတို့သည်လည်း ရွှေပိန်းချလှေများဖြင့်ပင် ထိုနေရာသို့ လာကြသည်။ မြစ်ထဲတွင် ဘုရင်၏လှေတော်နှင့်တကွ မှူးမတ်တို့၏လှေများ၊ နန်းတွင်းသူ၊ နန်းတွင်းသားတို့၏ လှေများသည် အိုးစည်ဗုံမောင်းတီး၍ လည်းကောင်း၊ လှေတော်သားများက သံချပ်များထိုး၍ လည်းကောင်း၊ သင်္ကြန်သုံးရက်လုံးလုံး လှေပြိုင်ပွဲကျင်းပကြသည်။ လှေတက်များမှာလည်း    ရွှေပိန်းချထားသဖြင့် တက်ခတ်လိုက်သည့်အခါတိုင်း ရေစက်၊ ရေမြွာများသည် တဖွားဖွား ဖြာထွက်ကာ နေရောင်နှင့်ပနံရလှသည်။ သုံးရက်မြောက်သောနေ့တွင် ဘုရင်၏ လှေတော်မှာ အခြားလှေများခြံရံလျက် ပြိုင်ပွဲဝင်လှေများကြားသို့ ဝင်ရောက်လာသည့်အခါတွင် အမြောက်ပစ်ဖောက်ခြင်းဖြင့်  သင်္ကြန်ပွဲတော် ပြီးစီးခဲ့သည်ကို ဆရာမြသန်းတင့်၏ “သမိုင်းထဲကမန္တလေး”ဘာသာပြန် စာအုပ်တွင် လေ့လာဖတ်ရှုခဲ့ရသည်။ ယင်းစာအုပ်တွင် အင်္ဂလိပ်သံကိုယ်စားလှယ် မိုက်ကယ်ဆိုင်းက “ဝင်လုဆဲနေခြည်သည်   ထူပိန်းနေသည့်ရွှေပြားပေါ်တွင်  ဖိတ်ဖိတ်လက်နေသည်။    မြန်မာတို့၏ လှေသဘင်သည်  ကျွန်ုပ်တွေ့ဖူးသမျှတွင်  အခမ်းနားဆုံး၊ အကြီးကျယ်ဆုံးဖြစ်ပေ၏ “ ဟု ရေးသားထားသည်ကို မူရင်းစာရေးဆရာ ဗွီစီစကော့အိုကွန်းနားက မှတ်တမ်းတင်ထားသည်ကို လေ့လာဖတ်ရှုခဲ့ရသည်။

မြန်မာတို့၏ ရိုးရာအတာသင်္ကြန် ရေသဘင်ပွဲတော်သည်  တောင်ငူ၊  အင်းဝ၊  ဟံသာဝတီ  ခေတ် အဆက်ဆက်တွင်   ပျော်ရွှင်စွာဆင်နွှဲကြသကဲ့သို့ ပဒေသရာဇ်ခေတ်ကုန်ပြီး   ကိုလိုနီခေတ်သို့ရောက် သည့်တိုင်အောင် မပျောက်ကွယ်ခဲ့ပေ။   သူ့ခေတ်သူ့အခါလိုက်  ရိုးရာသင်္ကြန်ပွဲတော်ကို  ပျော်ရွှင် ကြည်နူးဖွယ်ကျင်းပခဲ့ကြသည်။ “ ကျုံးရေသီတာပက်ကာဝိုင်း၊ တန်ခူးလရောက်လေတိုင်း၊ သင်္ကြန်ကားလေးနဲ့ ရေကစားထွက်လို့လည်၊ ကိုကိုတို့ရေကစားထွက်လို့လည်” ဟုသီချင်းထဲတွင်သီဆိုခဲ့ကြသည့် အတိုင်း မန်းမန္တလာမြေ၏ကျုံးပတ်လည်တွင် ရေကစားခဲ့ကြသည်။ ထို့ပြင် “ကန်တော်ကြီးပါကွယ်၊ ချီကာပက်ကြတယ်၊ တို့များကတော့ မလျှော့ဘူးကွယ်” ဟု ဆရာရွှေတိုင်ညွန့် ရေးဖွဲ့ခဲ့သည်ကိုကြည့်ခြင်းဖြင့် ရန်ကုန်မြို့ကန်တော်ကြီးနှင့်  အင်းယားကန် များတွင်လည်း   သင်္ကြန်ပွဲတော်ကို  ပျော်ရွှင်စွာ နွှဲပျော်ခဲ့ကြသည်ကို သိရပေသည်။

တန်ခူးလသင်္ကြန်ပွဲတော်သည်   မြန်မာတို့၏ ဆယ့်နှစ်လရာသီ ပွဲတော်များအနက်  အထူးခြားဆုံး၊ အစည်ကားဆုံးနှင့်   ရက်အရှည်ကြာဆုံး ပွဲတော်ဖြစ်သည်။  သင်္ကြန်ပွဲတော်ကို    မြန်မာပြည်ရောက် နိုင်ငံခြားသားများပင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။ မြန်မာနိုင်ငံနေရာ ဒေသအသီးသီးရှိ   တိုင်းရင်းသားတို့သည်လည်း   သင်္ကြန်ပွဲတော်ကို မိမိတို့ရိုးရာအလိုက် ကျင်းပကြသည်။ ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာသင်္ကြန်ပွဲတော်တွင် လောင်းလှေထဲမှရေများကိုခပ်ကာ လူပျိုကာလသားများနှင့် မိန်းမပျိုလေးများက မျက်နှာချင်းဆိုင်ကာ ပျော်ရွှင်စွာ ရေပက်ကစားကြပုံမှာ     ထူးခြားလှသည့် မြင်ကွင်းဖြစ်သည်။ ရခိုင်တိုင်းရင်းသားတို့သည်   သင်္ကြန်ရေပက်ခံထွက်

ရာတွင်  ယခင်ကနွားလှည်းများဖြင့်သာ   လည်ပတ်ကြပြီး     တိုးတက်လာသော ယနေ့ခေတ်တွင်မူ မော်တော်ကားများနှင့်    ရေပက်ခံထွက်ကြသည်။ မွန်တိုင်းရင်းသားတို့၏ ရိုးရာသင်္ကြန်ထမင်းသည် နူးညံ့ပျော့ပျောင်းအောင် ချက်ထားသည့်   ထမင်းကို ရေစိမ်စားရသည့် ထမင်းတစ်မျိုးဖြစ်သည်။ သင်္ကြန်အချိန်အခါတွင် မွန်တိုင်းရင်းသားတို့၏ သင်္ကြန်ထမင်းဖြင့်  ဧည့်ခံကျွေးမွေးခြင်းသည် ယနေ့တိုင် ထင်ရှားလှသည်။

မြန်မာတို့၏    နှစ်သစ်ကူးသင်္ကြန် ပွဲတော်သည် အပျော်သက်သက် ရေကစားခြင်း မဟုတ်ပေ။ သင်္ကြန်ကာလရောက်တိုင်း မြို့ကြီး၊ မြို့ငယ်၊   ကျေးလက်၊ တောရွာမကျန်  မဏ္ဍပ်များထိုးပြီး  ရေပက်ကစားကြသကဲ့သို့     စေတနာရှင်အလှူရှင်များ စုပေါင်းပြီး သင်္ကြန်မုန့်ဟု တင်စားကြသော   မုန့်လုံးရေပေါ်၊ မုန့်ကြာစိ၊ သာကူကျို၊ ရွှေရင်အေး၊ မုန့်လက်ဆောင်း စသည့်မုန့်များကို စတုဒိသာအဖြစ် လှူဒါန်းကျွေးမွေးကြသည်။  မြန်မာနှစ်ဆန်းတစ်ရက်နေ့  တောဓလေ့သင်္ကြန်၏ ထူးခြားချက်မှာ ဘေးမဲ့လွှတ်ခြင်းဖြစ်သည်။ မိမိတို့တတ်နိုင်သော ငွေကြေးများဖြင့် ဘေးမဲ့လွှတ်မည့်တိရစ္ဆာန်တစ်ကောင်ကောင်ကို ဝယ်ယူပြီး  ထိုသတ္တဝါကို ရေချိုးပေးခြင်း၊ အမွှေးနံ့သာများ လိမ်းပေးခြင်းများ  ပြုလုပ်ကာ ဘေးမဲ့ပေးကြသည်။   

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်သည်   သမိုင်းကြောင်း ရှည်လျားပြီး အစဉ်အလာမပျက်  ကျင်းပခဲ့သည့် ရိုးရာယဉ်ကျေးမှု ပွဲတော်ဖြစ်သည်။ သင်္ကြန်ပွဲတော်ကို မြန်မာတိုင်းရင်းသား အားလုံး စိတ်အားထက်သန်စွာ ပါဝင်ဆင်နွှဲကြသည်။

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်၏ အနှစ်သာရသည်   နှစ်ဟောင်းကုန်၍   မြန်မာ့နှစ်သစ်မင်္ဂလာအခါတွင်    နှစ်ဟောင်းမှကြေးညှော်များကို အတာရေဖြင့် သန့်ရှင်းစင်ကြယ်စေရန် ဆေးကြောခြင်း၊ ပူပြင်းသော တန်ခူးလနွေရာသီကာလတွင် သင်္ကြန်ရေအေးပက်ဖျန်းခြင်းဖြင့်  အပူဒဏ်ကို    လျော့ပါးသက်သာစေခြင်းစသည့် ကောင်းမြတ်သော အစဉ်အလာများကို ပြုလုပ်ကြခြင်း ဖြစ်သည်။  နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပြောင်းမှုသည် လူမျိုးတိုင်း၏ ရိုးရာဓလေ့ သင်္ကေတတစ်မျိုးဖြစ်သည်။

မြန်မာတို့၏  နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်တွင် တစ်ဦးကိုတစ်ဦး   ရေဖျန်းပက်ကစားခြင်းသည် နွေအပူရှိန်ကို သက်သာစေရုံသာမက    ပျော်ရွှင်ဝမ်းမြောက်ခြင်း၊  ကြည်နူးချမ်းမြေ့ခြင်းစသည့်   အနှစ်သာရများကိုလည်း ရရှိစေသည်။ ရေသည်အညစ်အကြေး ဟူသမျှကို သန့်ရှင်းစင်ကြယ်စေသည်ဖြစ်ရာ သင်္ကြန်ရေဖြင့်   ပက်ဖျန်းကစားကြသူတိုင်းသည်   နှစ်ဟောင်းမှ ဘေးဥပဒ်အန္တရာယ်များ ကင်းရှင်းကြစေလိုကြောင်းနှင့်   ကိုယ်စိတ်နှစ်ပါး သန့်ရှင်း စင်ကြယ်ကြပါစေကြောင်း  ရည်ရွယ်၍ဆုမွန်ကောင်း တောင်းကာ ဖျန်းပက်ကြခြင်းဖြစ်သည်။   

အချုပ်အားဖြင့်ဆိုသော်     မဟာသင်္ကြန်ကာလအတွင်း ရေသဘင်ပွဲတော်နွှဲပျော်ကြခြင်း၊ သင်္ကြန် လှပျိုဖြူများ၏ တေးသီချင်းသံများဖြင့် သီဆိုကခုန် ပျော်ရွှင်ခြင်းများနှင့်    စည်ကားသိုက်မြိုက်နေသကဲ့သို့ ဒါနကောင်းမှု ကုသိုလ်များလည်း   ပြုလုပ်ကြသည်။ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့်အလျောက် သင်္ကြန်ကာလအတွင်း ကောင်းမှုကုသိုလ်အဖြစ် ဘုရားကျောင်းကန် စေတီပုထိုးများသို့ သွားရောက်၍ အလှူဒါနပြုကြခြင်း၊ ငါးလွှတ်ပွဲ၊ တိရစ္ဆာန်လွှတ်ပွဲများ ပြုလုပ်၍ ဇီဝိတဒါနပြုလုပ်ခြင်း၊  စတုဒိတာ   အလှူပွဲများပြုလုပ်၍ ကျွေးမွေးကုသိုလ်ယူခြင်း၊    ဥပုသ်သီတင်း သီလဆောက်တည်၍  တရားဘာဝနာ    ပွားများခြင်းနှင့် သက်ကြီးရွယ်အို ဘိုးဘွားများအား ရေချိုးခေါင်းလျှော်၊ ခြေသည်း၊ လက်သည်းလှီး၍  လုပ်ကျွေးပြုစုကုသိုလ် ယူခြင်းစသည့် မင်္ဂလာရှိသော ကောင်းမှုကုသိုလ်အစုစုကို   ရွေးချယ်ပြုလုပ်ကြသည်။

ထိုသို့ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော သင်္ကြန်၏ အနှစ်သာရကို   အပြည့်အဝ ခံစားနိုင်စေရန်အတွက် နိုင်ငံတော်က နှစ်သစ်ကူးရုံးပိတ်ရက်  ၁၀   ရက်ကို နိုင်ငံ့ဝန်ထမ်းများ အတွက် အထူးအခွင့်အရေးအနေဖြင့် သတ်မှတ်ပေးခဲ့သည်။ သင်္ကြန်ကာလအတွင်း ပြည်သူများ  စိတ်ပျော်ရွှင် အနားယူနိုင်စေရန်   နှစ်ဟောင်းမှ ပင်ပန်းနွမ်းနယ်မှုများကို ဖြေဖျောက်ကာ နှစ်သစ်တွင် စိတ်သစ်၊ လူသစ်နှင့်    ကောင်းခြင်းမင်္ဂလာ အဖြာဖြာပြည့်စုံကြစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်။ မြန်မာ့ယဉ်ကျေးမှုကို ဖော်ဆောင်သည့်   မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်တွင် ဘာသာယဉ်ကျေးမှုဓလေ့ ထုံးတမ်း အစဉ်အလာမပျက်   မြန်မာ့မူဟန်ပီပြင်စွာဖြင့်  အနှစ်သာရရှိရှိ ဖော်ဆောင်သွားကြရမည်ဖြစ်သည်။ သို့ဖြစ်၍  မြန်မာတို့၏  ယဉ်ကျေးမှုကိုပီပြင်စွာ ဖော်ကျူးနိုင်သည့်   မင်္ဂလာအပေါင်းခညောင်းသည့်   မြန်မာနှစ်သစ်ကူးသင်္ကြန်ပွဲတော်တွင် အတာရေဖြင့်ပျော်ရွှင်ကြည်နူးစွာ  ရေကစားကြဖို့ ဆန္ဒပြုရင်း နှစ်ဦးသင်္ကြန်ကို စဉ်လာမပျက်     ကြိုဆိုလိုက်ရပါသည်။    ။

မယ်ထွေးလေး