အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ ဧပြီ ၁၀ ရက်)
လူငယ်လူရွယ်များ အသိအမြင်မှန်ကန်စေရေး
လူသားတို့နေထိုင်ရာပတ်ဝန်းကျင်သည် နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်ဖြစ်ပေါ်လျက်ရှိသည်။ လူမှုပတ်ဝန်းကျင် အသိုက်အဝန်း အတွင်း သတင်းအချက်အလက်များသိရှိအောင် ပြုလုပ်ပေးနိုင်ခြင်းမှာ ပြည်သူ့ဆက်ဆံရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများသည် အများပြည်သူနှင့်ဆက်ဆံရေး၊ မိမိပတ်ဝန်းကျင် အသိုက်အဝန်းနှင့်ဆက်ဆံရေး အစရှိသည့် ဆက်ဆံရေး အမျိုးမျိုးပါဝင်ပါသည်။ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းနယ်ပယ်များအနက် မီဒီယာဆက်ဆံရေးကို နိုင်ငံတကာ၌ တွင်ကျယ်စွာ အသုံးချဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးနေသည့် နိုင်ငံဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ် တွင် အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်ဟူ၍ရှိပေရာ အဆိုပါမဏ္ဍိုင်ကြီးသုံးရပ် တည့်မတ်မှန်ကန်စွာ ဆောင်ရွက်ရေးအတွက် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာကဆောင်ရွက်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်သူများ၏ အသံကို ပီပြင်အောင် ပြုလုပ်နိုင်သည့်အရာမှာ မီဒီယာဖြစ်သကဲ့သို့ အစိုးရအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို ပြည်သူများ သိရှိလာအောင် ဆောင်ရွက်ရာတွင်လည်း မီဒီယာသည် အဓိကပင်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ မြဝတီရုပ်မြင်သံကြား၏(၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့် အမှာစကားပြောကြားရာတွင် “မိမိတို့တပ်မတော်၏ မီဒီယာလုပ်ငန်း တာဝန်များကို ထမ်းဆောင်နေကြရသည့် မြဝတီရုပ်မြင်သံကြား၊ မြဝတီစာပေတိုက်၊ မြဝတီသတင်းစာတိုက်၊ ရတနာပုံ သတင်းစာ တိုက်နှင့် သဇင်အသံလွှင့်ဌာနတို့သည် တိကျခိုင်မာသည့် သတင်းမှန်များအပေါ် မှန်ကန်မြန်ဆန်စွာ တင်ပြနိုင်ရန်လိုသကဲ့သို့ သတင်းမီဒီယာ ကျင့်ဝတ်ကိုအလေးထားသည့် မီဒီယာများဖြစ်စေရေး ဆောင်ရွက်သွားကြရမည်၊ ပြောင်းလဲတိုးတက်နေသည့် မီဒီယာလုပ်ငန်းစဉ်များအပေါ် ခေတ်နှင့်အညီ တီထွင်ကြံဆဖန်တီးနိုင်သူများဖြစ်စေရေးအတွက်လည်း ကြိုးစားသွားကြရမည်” ဟူ၍ လမ်းညွှန်မိန့်ကြားခဲ့သည်။
ယနေ့ ၂၁ ရာစုတွင် သတင်းစီးဆင်းမှုနှုန်း မြန်ဆန်သောကြောင့် အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ထွန်းနေမှု နောက်သို့ မီဒီယာအား ကောင်းကောင်းနှင့် လိုက်ပါနိုင်စွမ်းရှိရန် လိုအပ်လှသည်။ သတင်းမီဒီယာအချို့မှာတိကျမှု၊ ဘက်မလိုက်မှု၊ မျှတမှု စသည့် မီဒီယာ ကျင့်ဝတ်များကို လိုက်နာမှုမရှိဘဲ ကျင့်ဝတ်နှင့်မညီညွတ်စွာသတင်းများ ဖော်ပြနေသည်။ သတင်းဖြစ်စဉ်အမှန်ကို ရေးသား ဖော်ပြခြင်းမပြုဘဲ လိုရာဆွဲကာရေးသားနေသည်။ တပ်မတော်၏ပုံရိပ်နှင့် ပြည်သူ့ဆက်ဆံရေးကို ထိခိုက်ကျဆင်းအောင် ပုံဖော် ဆောင်ရွက်နေကြသည်ကိုလည်း တွေ့မြင်ရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန် အရပ်ရပ်ကို ယူထား ရသည့် ကာလအတွင်း ပြည်တွင်းပြည်ပ ကျင့်ဝတ်မဲ့မီဒီယာမျိုးစုံက နည်းလမ်းပေါင်းစုံနှင့် ထိုးနှက်နေသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်ရယူခဲ့ချိန်မှယနေ့ထိတိုင် အမျိုးသားအကျိုးစီးပွားကိုရှေးရှုသည့် ဆောင်ရွက်ချက်များကို နေ့စဉ်ထုတ်သတင်းစာများနှင့် မြဝတီရုပ်မြင်သံကြားအပြင် နိုင်ငံတော်ပိုင်သတင်းဌာနကြီးများကပါ ဖော်ပြပေးလျက်ရှိသည်။ နိုင်ငံတော်အစိုးရ၏ စစ်မှန်သည့် အမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများ၊ အမျိုးဘာသာ သာသနာ အကျိုးသယ်ပိုးမှုများ၊ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းချက်များကို မြဝတီ Media Group ဖြစ်သည့် သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယို အသံလွှင့်ဌာန အသီးသီးကို ကြည့်ရှုသူတိုင်း တွေ့မြင်ကြရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ လုပ်ဆောင်ချက်အမှန်များကို ဖုံးကွယ်ကာ မြန်မာနိုင်ငံပျက်စီးရေးကို ရှေးရှုလုပ်ဆောင်နေသည့် ကျင့်ဝတ်သိက္ခာမဲ့ မဟုတ်မမှန်စွပ်စွဲမှုများအပေါ် နိုင်ငံပိုင်မီဒီယာများ၊ တပ်မတော်မီဒီယာများက သတင်းမှန်နှင့် တုံ့ပြန်လုပ်ဆောင် လျက်ရှိသကဲ့သို့ သမာသမတ်ကျသည့် ပြည်တွင်း၊ ပြည်ပမီဒီယာများ၏ အားကိုလည်း ရယူနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်။ တပ်မတော်၏ မီဒီယာလုပ်ငန်းမှာ ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်၊ စည်းရုံးရန်ဟူသည့် ရည်မှန်းချက်များဖြင့် ပြည်သူများ အကျိုးသယ်ပိုးနေခြင်း ဖြစ်သည်။ တပ်မတော်မီဒီယာလုပ်ငန်းများမှာ ပြည်သူလူထု၏ ကောင်းကျိုးစီးပွား ဖြစ်ထွန်းရေး ကိုဦးတည်လုပ်ဆောင်နေခြင်းဖြစ်သည်။
ပြည်သူအပေါ် အသိပညာဗဟုသုတပေးနိုင်ရေး၊ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်ကြမည့်၊ နိုင်ငံတော်ကို ထုဆစ်ပုံဖော် ကြမည့်၊ လက်ဆင့်ကမ်းတာဝန်ယူကြမည့် လူငယ်လူရွယ်များ လမ်းမှားမရောက်စေရေး၊ ပညာတတ်သားကောင်းရတနာများ ဖြစ်လာစေရေးအတွက် တပ်မတော်မီဒီယာဂရုက ကြိုးပမ်းထမ်းဆောင် လျက်ရှိပါသည်။ မိဘပြည်သူများအနေဖြင့် နိုင်ငံတော် အစိုးရနှင့် တပ်မတော်၏ ဆောင်ရွက်ချက်အမှန်များကိုသိရှိကာ မိမိတို့သားသမီးများ လမ်းမှားသို့မရောက်စေရေး ကြိုးပမ်းဆောင် ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။