နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ

နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ

နိဒါန်း

နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို ယုံကြည် လက်ခံ၍ နိုင်ငံရေးဝါ ဒသဘောတရားတစ်ရပ်အပေါ်တွင်အခြေခံပြီး မိမိတို့၏လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားသော အဖွဲ့အစည်းဖြစ်ပါသည်။ နိုင်ငံရေးပါတီများ တွင် ပြည်ထောင်စုတစ်ဝန်းလုံး ၌စည်းရုံးဆောင်ရွက်မည့် နိုင်ငံရေးပါတီနှင့် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း၌ စည်းရုံး ဆောင်ရွက်မည့် နိုင်ငံရေးပါတီဟူ၍ ရှိပါသည်။ နိုင်ငံရေးပါတီများဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၁၅/၂၀၂၃)ဖြင့်လည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ်(၁၀/၂၀၂၃)ဖြင့်လည်းကောင်း၊ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင် ခွင့်တို့နှင့်စပ်လျဉ်း၍ ကြေညာချက်အမှတ်(၂/၂၀၂၃)၊ (၃/၂၀၂၃)တို့ဖြင့်လည်းကောင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင်    ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

ပါတီစုံဒီမိုကရေစီစနစ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁)၊ နိုင်ငံတော်၏ အခြေခံမူများအခန်း၊ ပုဒ်မ ၇ တွင် နိုင်ငံတော် သည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟု ပြဋ္ဌာန်းထားပါသည်။ ပါတီစုံဒီမိုကရေစီ စနစ် ကျင့်သုံးရာတွင် နိုင်ငံရေးပါတီများသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ပါတီ၏ နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်၊ ပါတီစည်းမျဉ်းနှင့်ဖွဲ့စည်းပုံ၊ ဘဏ္ဍာရေးစည်းမျဉ်း စသည်တို့ခိုင်မာစွာရှိရမည်ဖြစ်ပါ သည်။ နိုင်ငံရေးပါတီတစ်ရပ်သည် ပြည်သူလူထု၏ ရွေးကောက်တင်မြှောက်မှုကြောင့် အစိုးရအဖွဲ့အစည်းအဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းဖြစ်ပေါ်လာနိုင်ပါသည်။ ရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူလူထုက ရွေးကောက်တင်မြှောက်သော ဒီမိုကရေစီအစိုးရ တစ်နည်းအားဖြင့် ပြည်သူ့အစိုးရ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ပါတီစုံစနစ်ဆိုသည်မှာ ရွေးကောက်ပွဲများတွင် နှစ်ပါတီနှင့်အထက် ကိုယ်စားပြု ရွေးကောက်တင်မြှောက်ခံကြခြင်းကို ခေါ်သည်။ အများအားဖြင့် ပါတီသုံးပါတီထက် ပိုမိုပါဝင်သောကြောင့် ပါတီတစ်ခု တည်းက နိုင်ငံတော်အာဏာကို လွှမ်းမိုးထားနိုင်ခြင်းမရှိဘဲ ပြည်သူလူထု၏ ထောက်ခံမှုအပေါ်မူတည်၍ နိုင်ငံတော် အာဏာ ရရှိနိုင်မည်ဖြစ်သည်။ သြစတြေးလျ၊ ကနေဒါ၊ ပါကစ္စတန်၊ အိန္ဒိယ၊ အိုင်ယာလန်၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် နော်ဝေနိုင်ငံ တို့သည် ခိုင်မာသောနှစ်ပါတီနှင့် အခြားပါတီငယ်များ ပါဝင်ကိုယ်စားပြုသောစနစ်ကို ကျင့်သုံးနေသောနိုင်ငံများ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် သမ္မတစနစ်ကို စတင်အကောင်အထည်ဖော်ကတည်းက ရှေးရိုးစွဲ ရီပတ်ဗလစ်ကန်ပါတီနှင့် ခေတ်သစ် ဒီမိုကရက်တစ်ပါတီတို့ အပြန်အလှန်နိုင်ငံတော် အာဏာရယူခဲ့ကြသည်။ ပါတီငယ် သို့မဟုတ် တတိယပါတီများ ရှိသော် လည်း ထောက်ခံအားပေးမှု အနည်းငယ်သာရှိသောကြောင့်   အောင်နိုင်သည့်အဆင့်အထိ ရောက်မလာခဲ့ပါ။ ဗြိတိန်နိုင်ငံသည်လည်း နှစ်ပါတီ စနစ်ကိုအသုံးချသော နိုင်ငံတစ်ခုဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့်ယူဆကြပြီး အချုပ်အခြာအာဏာကို လေဘာပါတီနှင့် ကွန်ဆာဗေးတစ်ပါတီတို့ တစ်လှည့်စီ ရယူခဲ့ကြသည်။ ပါလီမန်အတွင်းတွင် အခြားသော နိုင်ငံရေးပါတီများနှင့် တစ်သီး ပုဂ္ဂလ ပါလီမန်အမတ်များလည်း ပါဝင်သည်။ ထို့ကြောင့် နိုင်ငံတော်အာဏာကိုရယူလိုသော နိုင်ငံရေးပါတီများသည် အင်အား တောင့်တင်း ခိုင်မာစေရန်အတွက် ပါတီ၏နိုင်ငံရေးဝါဒ၊ သဘောတရားနှင့် လုပ်ငန်းစဉ်တူညီသော နိုင်ငံရေးပါတီများစုစည်း၍ စည်းလုံးညီညွတ်စွာ အကောင်အထည်ဖော်ရေးသည် အရေးအကြီးဆုံး အကြောင်းအရပ်တစ်ခုသာ ဖြစ်သည်။

နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍ

ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ နိုင်ငံရေးပါတီတစ်ရပ်သည် အစိုးရကောင်း တစ်ရပ်ဖြစ်ရန် အရည်အချင်းရှိသည့်ကိုယ်စားလှယ်လောင်း များလိုအပ်ပါသည်။ အရည်အချင်းရှိသည့် ကိုယ်စားလှယ် လောင်းများကို နိုင်ငံရေးပါတီများက ရွေးချယ်မွေးထုတ်ရန်လိုအပ်သည်။ နိုင်ငံရေးပါတီကောင်းမှ အစိုးရကောင်းရရှိမည်ဖြစ်ပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။

ပြည်သူ့အတွက် ရွေးကောက်ပွဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် ယခင် NLD အစိုးရ၏ ရွေးကောက်ပွဲမဲမသမာမှုများမှတစ်ဆင့်   နိုင်ငံတော်အာဏာကို  မသမာသောနည်းလမ်းဖြင့် အဓမ္မရယူရန်ကြိုးပမ်းခဲ့ခြင်းကို တားဆီးရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရေးပေါ် အခြေအနေကြေညာပြီး ပေါ်ပေါက်လာသော အစိုးရဖြစ်ပါသည်။ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ  ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) နှင့်အညီ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကို ပြန်လည်ကျင်းပချိန်တွင် ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။ ပြည်ထောင်စု တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့်တရား ဥပဒေစိုးမိုးမှုအပြည့်အဝရရှိမှသာ နိုင်ငံတစ်ဝန်းလုံး အကြားအလပ်မရှိ ရွေးကောက်ပွဲ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနှင့် ဖွဲ့စည်းခဲ့သည့် CRPH၊ NUG အမည်ခံ အကြမ်းဖက်အဖွဲ့တို့မှ ပေါက်ဖွား လာသည့် PDF အပါအဝင်အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့ကို ကူညီနေသော EAO များ၏ နိုင်ငံတော်အပေါ် ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်လုပ်ဆောင်မှုများ လျော့နည်းပပျောက်၍ လုံးဝရပ်စဲသွားစေရန်အတွက် နိုင်ငံရေးပါတီများ အနေဖြင့်  ဆောင်ရွက်ရန်လိုအပ်ပါသည်။ နိုင်ငံရေးပါတီများသည် ပြည်သူလူထုနှင့်အတူ ပြည်သူများကြားတွင် ရပ်တည်နေထိုင်ကြ သည့်အဖွဲ့အစည်းများဖြစ်ကြပါသည်။ CRPH၊ NUG အမည်ခံအကြမ်းဖက်အဖွဲ့တို့နှင့် နိုင်ငံရေးသမားအချို့၏ ဖြားယောင်း လှုံ့ဆော် တိုက်တွန်းမှုများကြောင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည်   ပြည်သူလူထုထိခိုက်နစ်နာစေရန် သေကျေပျက်စီးဆုံးရှုံးမှုများ ဖြစ်စေရန်အတွက် အကြမ်းဖက်မှုများ၊ အဖျက်အမှောင့်လုပ်ငန်းများကို ဆောင်ရွက်နေကြသည်။ NUG/ PDF အမည်ခံ အကြမ်းဖက် သမားများကြောင့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ အပြစ်မဲ့ ပြည်သူလူထု ၅၀၀၀ ကျော်သတ်ဖြတ်ခံခဲ့ရပြီ ဖြစ်ကြောင်းကိုလည်း သိရှိရသည်။ သတ်ဖြတ်ခံရသည့်အရေအတွက်မှာ ကလေးသူငယ် ၁၅၆ ဦး၊ ပညာရေးဝန်ထမ်း ၇၁ ဦး၊ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၁၅ ဦး၊ ဒေသခံအုပ်ချုပ်ရေးမှူး ၇၄၄ ဦးနှင့် ရဟန်းသံဃာများ အပါအဝင် အပြစ်မဲ့ပြည်သူ ၅၂၄၇ ဦးခန့် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ အကြမ်းဖက်မှုများ၊ အဖျက်အမှောင့်များ တားဆီး ကာကွယ်နိုင် ရန်နှင့် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှု ထပ်မံမဖြစ်ပွားစေရေးအတွက် သတင်းပေးခြင်း၊ လုံခြုံရေး အဖွဲ့အစည်းများနှင့်အတူ မိမိတို့၏ရပ်ရွာဒေသငြိမ်းချမ်းသာယာရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံရေးပါတီ အသီးသီးက သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှသာ တိုင်းပြည်တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းသာယာမည်ဖြစ်သည်။ ပြည်သူလူထု၏ အေးချမ်းသာယာရေးနှင့် နေထိုင်မှုဘဝဖွံ့ဖြိုးတိုးတက်မှသာ ပြည်သူလူထု၏ ထောက်ခံမှုကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ ပြည်သူလူထု၏ ထောက်ခံမှုသည် နိုင်ငံရေးပါတီများအတွက် ရေရှည်ရပ်တည်နိုင်ရန် အဓိကလိုအပ်သည်။ အကြမ်းဖက်အဖွဲ့အစည်းနှင့်  အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့်  ပျက်စီးဆုံးရှုံးမှုများသည်  အစိုးရတစ်ရပ်အတွက်  နစ်နာဆုံးရှုံးမှုမဟုတ်ဘဲ နိုင်ငံတော်၏ ရှေ့ဆက်လျှောက်လှမ်းမည့် အမျိုးသားအကျိုးစီးပွား နစ်နာမှုဖြစ်ကြောင်းကို နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ ဒီမိုကရေစီ စနစ်ဆိုသည်မှာ ပြည်သူလူထုက ၎င်းတို့ကိုကိုယ်စားပြုမည့်သူများကို ကိုယ်တိုင်ရွေးချယ်သည့် စနစ်ဖြစ်သောကြောင့် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် ပြည်သူလူထုများ၏ ရွေးကောက်ပွဲဖြစ်သကဲ့သို့ အနာဂတ်မြန်မာနိုင်ငံတော်ကို ပုံဖော်ဖန်တီးသွား ရမည်ဖြစ်သည့်အတွက်  နိုင်ငံရေးပါတီများနှင့် နိုင်ငံသားအားလုံး အသိတရားရှိရှိ  အမြော်အမြင်ကြီးစွာဆောင်ရွက်ရမည်ဖြစ်သည်။

တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေးပါတီများ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုသော ပါတီ ၁၃ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသောပါတီ ၅၀ ပါတီရှိသဖြင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး  စိစစ်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေးပါတီ ၆၃ ပါတီရှိပါသည်။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများကို သတ်မှတ်ထားသောနည်းလမ်းများနှင့်အညီ စစ်ဆေးပြီးနောက် သတ်မှတ်ချက်နှင့်ညီညွတ်ပါက မှတ်ပုံတင်ခွင့်ပြုနိုင်သည် သို့မဟုတ် သတ်မှတ်ချက်နှင့်ညီညွတ်ခြင်းမရှိပါက မှတ်ပုံတင်ခွင့် ပြုရန်ငြင်းပယ်နိုင်ပါသည်။ နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်လိုသူများသည် ပါတီတည်ထောင်ခွင့်အား နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ ဆက်လက် လျှောက်ထားဆောင်ရွက်နိုင်သည်။

ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်းစည်းရုံးမည့် နိုင်ငံရေးပါတီများ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ လာရောက်လျှောက် ထားသည့် နိုင်ငံရေးပါတီ ၆၃ ပါတီအနက် ပြည်ထောင်စုတစ်ဝန်းလုံး  စည်းရုံးမည့်ပါတီ ၁၂ ပါတီဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၅၁ ပါတီဖြစ်ပါသည်။ ပြည်ထောင်စု တစ်ဝန်းလုံးစည်းရုံးမည့် ပါတီများသည်   ရွေးကောက်ပွဲတွင် ရွေးချယ်ခံရပါက ပြည်ထောင်စု အစိုးရအဖွဲ့ကို ကိုယ်စားပြု၍ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေး ပါတီများအနေဖြင့် ရွေးချယ်ခံရပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် ပါဝင်ခွင့်ရရှိမည်ဖြစ်ပါသည်။

ပြည်ထောင်စုအဆင့်လွှတ်တော်များ၊ အစိုးရအဖွဲ့များတွင်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်းကောင်း   ပြည်သူကို ကိုယ်စားပြုခွင့်ရရှိမည့် အဖွဲ့အစည်းများဖြစ်သည့် နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူလူထုအကျိုးစီးပွားအတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်း၊ အခြေခံလူတန်းစားများဘဝမြင့်မားအောင် ဆောင်ရွက် ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်မှုများ၊ ဥပဒေမဲ့ လုပ်ရပ်များ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်တို့ကို နှောင့်ယှက်ဖျက်ဆီးနေမှုများအား ပြည်သူလူထုနှင့်အတူ ဝိုင်းဝန်း ကာကွယ်တားဆီးကြရမည်။ မိမိတို့ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူလူထုကို စောင့်ရှောက်ကြရမည်ဖြစ်သည်။ တိုင်းပြည် အတွက်၊ ပြည်သူအတွက်၊ မိမိတို့ဒေသအတွက် အစိုးရကောင်းတစ်ရပ်အဖြစ် ရပ်တည်ဆောင်ရွက်နိုင်ရန်   ပြည်ထောင်စုအစိုးရအဖွဲ့၊   တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ အချုပ်အခြာအာဏာကို   တိုက်ရိုက်၍သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ထမ်းဆောင်ကြရမည်ဖြစ်သဖြင့် သက်ဆိုင်ရာနိုင်ငံရေးပါတီများသည်   ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများ အဖြစ် ဖွဲ့စည်းတည်ဆောက်ရမည်ဖြစ်သည်။

နိုင်ငံရေးပါတီများ စောင့်ထိန်းလိုက်နာရမည့်အချက်များ

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားသည့်အခါ အောက်ပါအချက်များအား စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း လျှောက်လွှာတွင်ဖော်ပြရပြီး လိုက်နာ ဆောင်ရွက်ရန်လိုအပ်ပါသည်-

(က)     ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊

(ခ)       တရားဥပဒေစိုးမိုးရေးနှင့်အေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊

(ဂ)       ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး၊

(ဃ)     လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့်ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့်ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှုမပြုလုပ်ရေး၊

(င)       ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုလုပ်ရေး၊

(စ)       နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏သြဇာခံယူခြင်းမပြုရေး။

နိုင်ငံရေးပါတီများစစ်ဆေးတွေ့ရှိမှု

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၃-၈-၂၀၂၁ ရက်နေ့မှ ၃-၇-၂၀၂၂ ရက်နေ့အထိ နိုင်ငံရေးပါတီ (၉၂)ပါတီ၏ ပါတီ ရုံးခန်းများ၊ ပါတီဝင်အင်အားနှင့်  ဘဏ္ဍာငွေသုံးစွဲမှုအခြေအနေများကို စစ်ဆေးခဲ့ရာ အောက်ပါအတိုင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်-

(က)      ပါတီရုံးခန်းများဖွင့်လှစ်ထားရှိမှုအခြေအနေနိုင်ငံရေးပါတီ ၉၂ ပါတီ၏ရုံးခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေမှာ

(၁)       ရုံးခန်းတစ်ရာနှင့်အထက်ရှိသောနိုင်ငံရေးပါတီ         - ၄ ပါတီ

(၂)        ရုံးခန်း ၅၀ နှင့်အထက်ရှိသော နိုင်ငံရေးပါတီ           - ၃ ပါတီ

(၃)       ရုံးခန်း ၅၀ အောက်ရှိသော နိုင်ငံရေးပါတီ                - ၇၀ ပါတီ

(၄)       ရုံးခန်း ၁ ခန်းသာရှိသော နိုင်ငံရေးပါတီ                  - ၁၅ ပါတီ

(ခ) စည်းရုံးရရှိပြီးသော ပါတီဝင်အင်အားစာရင်း

နိုင်ငံရေးပါတီ ၉၂ ပါတီ၏ စည်းရုံးရရှိပြီးသော ပါတီဝင်အင်အားစာရင်းမှာ

(၁)       ပါတီဝင်အင်အား တစ်သိန်းနှင့်အထက် နိုင်ငံရေးပါတီ           ၄ ပါတီ (မစိစစ်ရသေးသည့် NLD ပါတီ၏ ခန့်မှန်းအင်အား ပါဝင်ပါသည်။)

(၂)        ပါတီဝင်အင်အား တစ်သောင်းနှင့်အထက် နိုင်ငံရေးပါတီ       ၄ ပါတီ

(၃)       ပါတီဝင်အင်အား တစ်ထောင်နှင့်အထက် နိုင်ငံရေးပါတီ        ၇၆ ပါတီ

(၄)       ပါတီဝင်အင်အား ငါးရာနှင့်အထက် နိုင်ငံရေးပါတီ                ၈ ပါတီ

(ဂ) ပါတီရန်ပုံငွေတည်ရှိမှုစာရင်း

နိုင်ငံရေးပါတီ ၉၂ ပါတီ၏ ပါတီရန်ပုံငွေတည်ရှိမှုစာရင်းမှာ

(၁)       သိန်းတစ်ထောင်နှင့်အထက် နိုင်ငံရေးပါတီ                         ၂၁ ပါတီ

(၂)        သိန်းတစ်ရာနှင့်အထက် နိုင်ငံရေးပါတီ                               ၃၀ ပါတီ

(၃)       သိန်းတစ်ရာအောက် နိုင်ငံရေးပါတီ                                     ၂၀ ပါတီ

(၄)       ရန်ပုံငွေမရှိသည့် နိုင်ငံရေးပါတီ                                         ၁၄ ပါတီ

(၅)       စစ်ဆေးရန်ကျန် နိုင်ငံရေးပါတီ (ဘဏ္ဍာငွေမသိရှိပါ)            ၇ ပါတီ

အဆိုပါနိုင်ငံရေးပါတီ  အများစုသည် ၂၀၁၀ ပြည့်နှစ်မတိုင်မီက တည်ရှိခဲ့သည့်ပါတီအချို့ ပါဝင်သလို  ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ် ကာလများနှင့် ၂၀၂၀ ပြည့်နှစ်မတိုင်မီထိ  တည်ထောင်ခဲ့ကြသည့် ပါတီများဖြစ်ကြပြီး သက်တမ်းကာလအားဖြင့် ဆယ်စုနှစ်ကျော် သက်တမ်းရှိသည့်ပါတီများရှိသကဲ့သို့ အနည်းဆုံးကာလအားဖြင့် သုံးနှစ်ကျော် လေးနှစ်နီးပါးရှိကြပါသည်။ စစ်ဆေးတွေ့ရှိချက် များအရ နိုင်ငံရေးပါတီများအနေဖြင့် ပါတီရုံးခန်းများ ဖွင့်လှစ်ခြင်း၊ ပါတီရန်ပုံငွေ၊ ပါတီဝင်အင်အားများနှင့်စပ်လျဉ်း၍ နိုင်ငံရေး ပါတီတစ်ရပ်နှင့် ညီညွတ်အောင် ဆောင်ရွက်နိုင်မှုများ အားနည်းသည်ကို တွေ့ရှိရပါသည်။

ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီများနှင့် အနိုင်ရပါတီများ

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ၃၇ ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရပါတီ ၂၂ ပါတီ၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရပါတီ ၂၂ ပါတီ၊ ၂၀၂၀ ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲတွင် ၈၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရပါတီ ၁၉ ပါတီရှိခဲ့ပါသည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၁၇ ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး  အနိုင်ရပါတီ ၃ ပါတီ၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၂၄ ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရပါတီ ၅ ပါတီနှင့် ၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် ၂၄ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရပါတီ ၄ ပါတီ ရှိခဲ့ပါသည်။

ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုအခြေအနေ

ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုများကို လေ့လာကြည့်ပါက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း   ၉၁ ပါတီ  ဝင်ရောက်ယှဉ်ပြိုင်ရာ ပြည်ထောင်စု တစ်ဝန်းစည်းရုံးမည့်ပါတီ ၆၆ ပါတီရှိပြီး  ၎င်းတို့အနက် ကိုယ်စားလှယ်လောင်းဦးရေ ၁၀၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ ၂ ပါတီ၊ ၇၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်သည့် ပါတီ ၁ ပါတီ၊ ၃၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ ၁ ပါတီ၊ ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ ၂ ပါတီ၊ ၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ ၃ ပါတီ၊ ၁၀၀ နှင့် ၅၀ ကြား ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ ၅ ပါတီ၊ ၅၀ နှင့် ၁၀ ကြား ဝင်ရောက် ယှဉ်ပြိုင်သည့်ပါတီ ၂၆ ပါတီနှင့် ၁၀ ဦးအောက်ယှဉ်ပြိုင်နိုင်သည့်ပါတီ ၂၆ ပါတီရှိခဲ့ပြီး ၎င်းင်းတို့အနက် အနည်းဆုံး သတ်မှတ်ချက် ဖြစ်သည့် ၃ ဦးသာ ယှဉ်ပြိုင်နိုင်သည့်ပါတီ ၇ ပါတီရှိကြောင်း တွေ့ရှိရပါသည်။ ထို့အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်းသာ စည်းရုံးမည့်ပါတီ ၂၄ ပါတီအနက် ကိုယ်စားလှယ်လောင်းဦးရေ ၅၀ အထက် ယှဉ်ပြိုင်သည့်ပါတီ ၁ ပါတီ၊ ၅၀ မှ ၁၀ ကြား ၁၀ ပါတီနှင့် ၁၀ ဦးအောက် ယှဉ်ပြိုင်သည့်ပါတီ ၁၃ ပါတီဖြစ်ပြီး ၎င်းတို့အနက် အနည်းဆုံးသတ်မှတ်ချက်ဖြစ်သည့် ၃ ဦးသာ ယှဉ်ပြိုင် နိုင်သည့် ပါတီ ၂ ပါတီပါရှိကြောင်း တွေ့ရှိရပါသည်။      

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း ၈၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ပြည်ထောင်စု တစ်ဝန်း စည်းရုံးမည့်ပါတီ ၇၂ ပါတီရှိပြီး ယင်းတို့အနက် ကိုယ်စားလှယ်လောင်းဦးရေ ၁၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ ၂ ပါတီ၊ ၉၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ ၁ ပါတီ၊ ၃၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ ၁ ပါတီ၊ ၂၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်သည့်ပါတီ ၁ ပါတီ၊ ၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ ၅ ပါတီ၊ ၁၀၀ နှင့် ၅၀ ကြား  ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ ၃ ပါတီ၊ ၅၀ နှင့် ၁၀ ကြား ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ ၂၄ ပါတီနှင့် ၁၀ ဦးအောက် ယှဉ်ပြိုင်နိုင်သည့်ပါတီ ၃၅ ပါတီရှိခဲ့ပြီး ၎င်းင်းတို့အနက် အနည်းဆုံး သတ်မှတ်ချက်ဖြစ်သည့် ၃ ဦးသာ ယှဉ်ပြိုင်နိုင်သည့်ပါတီ ၁၉ ပါတီရှိကြောင်း တွေ့ရှိရပါသည်။ ထို့အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမည့်ပါတီ ၁၅ ပါတီအနက် ကိုယ်စားလှယ်လောင်းဦးရေ ၅၀ အထက် ယှဉ်ပြိုင်သည့်ပါတီ ၁ ပါတီ၊ ၅၀ မှ ၁၀ ကြား ၄ ပါတီနှင့် ၁၀ ဦးအောက် ယှဉ်ပြိုင်သည့်ပါတီ ၁၀ ပါတီတို့ဖြစ်ပြီး ၎င်းတို့အနက် အနည်းဆုံး သတ်မှတ်ချက်ဖြစ်သည့် ၃ ဦးသာ ယှဉ်ပြိုင်သည့်ပါတီ ၄ ပါတီရှိကြောင်း တွေ့ရှိရပါသည်။

အထက်ပါ အချက်အလက်များကို လေ့လာသုံးသပ်ပါက ပြည်ထောင်စုတစ်ဝန်းစည်းရုံးမည့်ပါတီ ၇၀ ကျော်အနက် ကိုယ်စားလှယ် နေရာ ၅၀ နေရာနှင့်အထက် ဝင်ရောက်ယှဉ်ပြိုင်သောပါတီ ၁၃ ပါတီ ခန့်သာရှိပြီး အများစုမှာ ကိုယ်စားလှယ်နေရာ ၅၀ အောက်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ၂၀ ရာခိုင်နှုန်းကျော်သော ပါတီများသည် အနည်းဆုံးဝင်ရောက် ယှဉ်ပြိုင်ရမည့် ကိုယ်စားလှယ်ဦးရေ ဖြစ်သည့် ၃ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ကြောင်း တွေ့ရှိရပါသည်။

ရွေးကောက်တင်မြှောက်ခံရမှုအခြေအနေကို လေ့လာပါက လွှတ်တော်ကိုယ်စားလှယ်နေရာ အနည်းဆုံး ၁ နေရာရရှိသည့် ပါတီများ အပါအဝင် အရေအတွက်မှာ ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ ၉၀ ခန့်အနက် ၂၀ ပါတီဝန်းကျင်သာရှိသည်ကိုတွေ့ရှိရသည်။ အဆိုပါ စာရင်းဇယား အချက်အလက်များအပေါ် လေ့လာသုံးသပ်ပါက နိုင်ငံရေးပါတီအများစုသည် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်မှုနှင့် အနိုင်ရရှိမှုနည်းပါးသည်ကို တွေ့ရပြီး ခိုင်မာအားကောင်းသည့်ပါတီများ ဖြစ်လာရေး နိုင်ငံရေးယုံကြည်ချက်နှင့် ရည်မှန်းချက် တူသည့်ပါတီများ ပူးပေါင်းဆောင်ရွက်ပါက ပိုမိုအောင်မြင်နိုင်ကြောင်း သုံးသပ်ရပါသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း   နည်းဥပဒေပြဋ္ဌာန်းချက်များ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေတွင် နိုင်ငံရေး ပါတီများအနေဖြင့် ပါတီဝင်အင်အား၊ ပါတီရုံးခန်းနှင့် ပါတီရန်ပုံငွေများနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းချက်များကို အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်-       

(           က        )           နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိသောပါတီသည် မှတ်ပုံတင်ခွင့်ရရှိသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် တစ်ခုလုံး စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀ ကို ပြည့်မီအောင် စည်းရုံးရမည် ဖြစ်သည်။

(           ခ          )           နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိသော ပါတီသည် မှတ်ပုံတင်ခွင့်ရရှိသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပြည်ထောင်စုတစ်ဝန်းလုံးရှိ   မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်၌ ပါတီရုံးခန်းဖွင့်လှစ်ရမည်ဖြစ်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း စည်းရုံးမည့်ပါတီဖြစ်ပါက ထိုတိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း မြို့နယ်အားလုံး၏ အနည်းဆုံး ၅ မြို့နယ်၌ ပါတီရုံးခန်းဖွင့်လှစ်ရမည်ဖြစ်သည်။

(           ဂ          )           ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီရန်ပုံငွေကျပ်သိန်း ၁၀၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီရန်ပုံငွေကျပ် သိန်း ၁၀၀ ကိုလည်းကောင်း မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုတွင် ငွေစာရင်းဖွင့်လှစ်ထားရှိရမည်ဖြစ်သည်။ အထက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်း မရှိပါက  ယင်းပါတီအား မှတ်ပုံတင်ခွင့်ပြုခြင်းကို ပယ်ဖျက်ရမည်။

နိုင်ငံရေးပါတီများသည် နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများတွင် ပြည်သူကိုကိုယ်စားပြုပြီး တိုင်းပြည်တာဝန်များကို ဦးဆောင်ဦးရွက်ပြုကြရမည့်သူများ ဖြစ်ပါသည်။ ထို့ကြောင့် ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများ၊ ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်သည့် နိုင်ငံရေးပါတီများ ဖြစ်ဖို့လိုပါသည်။ ခိုင်မာအားကောင်းသည့်နိုင်ငံရေးပါတီများဖြစ်စေရန် တစ်နိုင်ငံလုံးစည်းရုံး ဆောင်ရွက်မည့်ပါတီဖြစ်ပါက တစ်နိုင်ငံလုံးနှင့်လျော်ညီစွာ ပါတီဝင်အင်အား၊ ပါတီရန်ပုံငွေ၊ နိုင်ငံရေးပါတီ ရုံးခွဲများ ရှိရန်လိုအပ်ပါသည်။ ရွေးကောက်ပွဲတွင်လည်း သတ်မှတ်ထားသည့် မဲဆန္ဒနယ်အရေအတွက်ကို ဝင်ရောက်ယှဉ်ပြိုင်ရန် လိုအပ်ပါသည်။ ထို့အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း စည်းရုံးမည့်ပါတီနှင့်အညီ ပါတီဝင်အင်အား၊ ပါတီရန်ပုံငွေ၊ နိုင်ငံရေးပါတီရုံးခွဲများရှိရန် လိုအပ်ပါသည်။ ရွေးကောက်ပွဲတွင်လည်း သတ်မှတ်ထားသည့် မဲဆန္ဒနယ်အရေအတွက်ကို ဝင်ရောက်ယှဉ်ပြိုင်ရန်လိုအပ်ပါသည်။ နိုင်ငံရေး ပါတီများအနေဖြင့် မိမိကိုယ်တိုင် ခိုင်ခိုင်မာမာရပ်တည်ဖွဲ့စည်းနိုင်မှသာ တိုင်းပြည်အကျိုး၊ ပြည်သူများ၏ အကျိုးကို ဆောင်ရွက်ပေး နိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့အနေဖြင့် ရေရှည်အကျိုးကို မျှော်ကိုးပြီး တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက်အကျိုးများပြီး နိုင်ငံရေးပါတီများအနေဖြင့်လည်း    ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန် ရည်ရွယ်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းပေးခဲ့ကြောင်းတွေ့ရပါသည်။         

နိုင်ငံရေးပါတီ

နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင် အင်တိုနီဒေါင်းစ်(Antony Downs)က “မျှတမှန်ကန်စွာ စီစဉ် ပြုလုပ်ထားတဲ့ ရွေးကောက်ပွဲတွေမှာ ယှဉ်ပြိုင်အနိုင်ယူခြင်းအားဖြင့် အစိုးရယန္တရားတွေကို ထိန်းချုပ်ဖို့ကြိုးစားနေသော လူမှ အစုအဖွဲ့ တစ်ခုဟာ နိုင်ငံရေးပါတီဖြစ်သည်” ဟုဆိုထားသည်။ နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ ကျော်ကြားသော သုတေသီ တစ်ဦးအဖြစ် နိုင်ငံတကာတွင် အသိအမှတ်ပြုခံထားရသူ  အီတလီပညာရှင်ဂျော်ဗန်နီ(Giovanni Sartori) ကလည်း “ရွေးကောက်ပွဲ များတွင် တရားဝင်ကိုယ်ပိုင် သင်္ကေတတံဆိပ်တစ်ခုကို ကိုင်စွဲ၍ ဝင်ရောက်ယှဉ်ပြိုင်ပြီး  ထိုရွေးကောက်ပွဲများမှတစ်ဆင့် မိမိ၏ ကိုယ်စားလှယ်များအား အစိုးရရာထူးများဆီသို့ ပို့ပေးနိုင်စွမ်းရှိသောနိုင်ငံရေးအစုအဖွဲ့တစ်ခုကို နိုင်ငံရေးပါတီဟုခေါ်သည်” ဟု ဖွင့်ဆိုထားသည်။ အဆိုပါဖွင့်ဆိုချက်များသည် နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ အမျိုးမျိုးကွဲပြားနေကြသော်လည်း  တူညီသော အခြေခံလက္ခဏာနှစ်ခုရှိသည်။ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် အစိုးရရာထူးများနှင့် လူထုကိုယ်စားပြု အာဏာရရှိရေးကို ရည်ရွယ်ကြိုးပမ်းလှုပ်ရှားခြင်းတို့သည် နိုင်ငံရေးပါတီများ၏ အရေးကြီးဆုံးသော အခြေခံလက္ခဏာများ ဖြစ်သည်။

ပါတီတစ်ခုသည် ရွေးကောက်ပွဲတစ်ခုအတွက်သာ ရည်ရွယ်ဖွဲ့စည်းပြီး   ရွေးကောက်ပွဲပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ပျောက်ကွယ်သွား သည်မျိုးလည်း မဖြစ်စေရပါ။ ပါတီဆိုသည်မှာ လွတ်လပ်စွာပါတီဝင်အဖြစ် ပါဝင်နိုင်မှုနှင့် ရွေးကောက်ပွဲလမ်းကြောင်းမှတစ်ဆင့် တိုင်းပြည်၏ အရေးပါသော ရာထူးနေရာများတွင် တာဝန်ယူပြီး ရှိနေဆဲတာဝန်များ၊ ပြဿနာများကို ဖြေရှင်းအကောင် အထည်ဖော် ဆောင်ရွက်ကြရသည့် အဖွဲ့အစည်းတစ်ခုဟု ဆိုနိုင်ပေသည်။

နိုင်ငံရေးပါတီ၏ လုပ်ငန်းတာဝန်များ

နိုင်ငံရေးဖြစ်စဉ်တွင် အောင်မြင်စွာပါဝင်ဆောင်ရွက်နိုင်ရန်နှင့် ဒီမိုကရေစီခိုင်မာရေးအတွက် အထောက်အကူပြုနိုင်ရန်  ပါတီတစ် ရပ်သည် လိုအပ်သော စွမ်းဆောင်ရည်များ ထုတ်ဖော်ပြသနိုင်ဖို့လိုပေသည်။ နိုင်ငံရေးပါတီများသည် လူမှုအကျိုးစီးပွားများကို ဖော်ဆောင်ခြင်း၊  ပါတီဝင်အသစ်များစုစည်း၍  အနာဂတ်နိုင်ငံရေးမျိုးဆက်သစ်များ  ပျိုးထောင်မွေးထုတ်ပေးခြင်း၊ နိုင်ငံရေးလုပ်ငန်း စဉ်များ ရေးဆွဲချမှတ်ခြင်း၊ နိုင်ငံသားများ၏ နိုင်ငံရေးပါဝင်ဆောင်ရွက်နိုင်မှုကို မြှင့်တင်ပေးခြင်း စသည်ဖြင့် နိုင်ငံသားနှင့် နိုင်ငံရေး စနစ်တို့ကြား ချိတ်ဆက်နိုင်မှုလမ်းကြောင်းကို ဖန်တီးပေးရသည်။

နိုင်ငံရေးပါတီများသည်  လူထုအမြင်ကို ဖော်ဆောင်ပေးနိုင်သည့် အရင်းအမြစ်တစ်ခုဖြစ်ပြီး ပါတီများ၏ လှုပ်ရှားဆောင်ရွက်မှုများကို အကဲဖြတ်ကာ နိုင်ငံသားများအနေနှင့် မိမိ၏နိုင်ငံရေးယုံကြည်ချက်ကို ပါတီများမှတစ်ဆင့် ရပ်တည်နိုင်ကြသည်။ ပါတီလမ်းစဉ် များကိုကြည့်၍ မဲဆန္ဒရှင်များအနေနှင့် ပါတီတစ်ရပ်သည် လူ့အဖွဲ့အစည်းအတွင်းရှိနေသော ပြဿနာရပ်များကို သိရှိနားလည်မှု ရှိရဲ့လား၊ ပြဿနာနှင့်စိန်ခေါ်မှုများကိုဖြေရှင်းနိုင်ရေးအတွက်  လုံလောက်သောမူဝါဒများ  ချမှတ်နိုင်ရဲ့လားဆိုသည်ကို ဆန်းစစ် အကဲဖြတ်နိုင်ပါသည်။ အတိုက်အခံပါတီများအနေနှင့်လည်း အစိုးရကိုဝေဖန်ခြင်း၊  ထိန်းညှိခြင်းနှင့် ထောက်ပြခြင်း စသည့် လုပ်ငန်း တာဝန်များကို အဓိကလုပ်ဆောင်ကြရသည်။ ဤလုပ်ငန်းတာဝန်သည် ဒီမိုကရေစီစနစ်အတွက် များစွာအရေးပါသည်။ အကြောင်းမှာ အစိုးရတစ်ရပ်သည် အတိုက်အခံမရှိလျှင် ကိုယ့်ကိုယ်ကိုယ်အဟုတ်ကြီးထင်၍ ယုံကြည်မှုလွန်ကဲပြီး   အခြားသော ဘက်များကို ထည့်သွင်းစဉ်းစားမှုမပြုတော့သောကြောင့်ဖြစ်သည်။

အဆိုပါ လုပ်ငန်းတာဝန်များကို ဖြည့်ဆည်းလုပ်ဆောင်ပေးခြင်းဖြင့် နိုင်ငံရေးပါတီများသည် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းတည်ဆောက် ထားသောလူ့အဖွဲ့အစည်းအတွက် အရေးကြီးသောတာဝန်များကို ထမ်းဆောင်ပေးနေခြင်းဖြစ်သည်။ ၎င်းလုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်မှုက နိုင်ငံရေးပါတီတစ်ရပ်၏ ဂုဏ်သတင်းနှင့် အနာဂတ်အလားအလာကို များစွာအဆုံးအဖြတ် ပေးသွားမည်ဖြစ်ပါသည်။

ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီများ

နိုင်ငံရေးပါတီများမှတ်ပုံတင်ရခြင်းမှာ နိုင်ငံရေးပလက်ဖောင်း တစ်ခုရရှိရေးဟု ဆွေးနွေးပြောဆိုမှုများရှိကြောင်း တွေ့မြင်သိရှိ နေရပါသည်။ လက်တွေ့တွင် နိုင်ငံရေးပလက်ဖောင်းတစ်ခုရရှိနိုင်ရေး အနေအထားနှင့်သာ တင်းတိမ်မနေသင့်ဘဲ ထို့ထက်မကသော ရည်မှန်းချက်ဖြင့် ဆောင်ရွက်သင့်ပါသည်။ နိုင်ငံရေးပါတီတစ်ခုသည် မိမိအကျိုးစီးပွားတစ်ခုတည်းကြည့်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးကိုသာ ဆောင်ရွက်နေ၍မရပါ။ ရွေးကောက်ပွဲများတွင် အနိုင်ရရှိရန် ပြည်သူများ၏ယုံကြည်မှု၊ အားကိုးမှုကို ရရှိရန်လို အပ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အလေးထားပြီး ဒီမိုကရေစီ နည်းလမ်းကျကျ မှန်မှန်ကန်ကန်ရပ်တည်ဖို့လိုပါသည်။ အကြမ်းဖက်ခြင်း၊ လူသတ်ခြင်း၊ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် ပြုလုပ်နေသည့် အဖွဲ့အစည်းများ၊ လုပ်ရပ်များကို မြင်ပါလျက်၊ သိပါလျက်နှင့်မသိချင်ယောင်မဆောင်ဘဲ နိုင်ငံရေးပါတီကောင်း တစ်ခုပီသစွာ ပြည်သူအကျိုး၊ တိုင်းပြည်အကျိုးကိုကြည့်၍ တိုင်းပြည်တည်ငြိမ် အေးချမ်းအောင် ဝိုင်းဝန်းကြိုးပမ်းကြရပေမည်။ ထို့မှသာ ပြည်သူလူထု၏ယုံကြည်မှုကိုရရှိပြီး ပြည်သူ၏အားကိုးမှုဖြင့် ရွေးကောက်ပွဲများတွင် ပြည်သူကို ကိုယ်စားပြုနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ ပြည်သူပြည်သားအများစုသည် မိမိတို့ဓလေ့အရ ကြည်ညိုမှုကိုအခြေခံကာ စိတ်ခံစားမှုဖြင့် ယုံကြည်ထောက်ခံ လေ့ရှိကြသည်။ ရိုးသားသည့် စိတ်အရင်းခံဖြင့် အလွယ်တကူလက်ခံယုံကြည်လေ့ရှိသည်။ အဆိုပါအားနည်းချက်များကိုအသုံးပြုကာ အချို့သော နိုင်ငံရေးသမားများ၊ အဖွဲ့အစည်းများက အလွယ်တကူ ခွဲခြားပြောဆိုပြီး သိမ်းသွင်းခဲ့ကြသည်။ လက်ရှိနိုင်ငံရေး အခြေအနေတွင်လည်း ရွေးကောက်ပွဲကိုအကြောင်းပြုပြီး မိမိတို့အဖွဲ့အစည်းအာဏာရရှိရေး မပြုသင့်သည်များ၊ မလုပ်သင့်သည် များကို ဆောင်ရွက်ခဲ့သည့်အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ပျက်ပြားခဲ့ရပြီး အကြမ်းဖက်မှုများ၊ သတ်ဖြတ်မှုများ ပေါ်ပေါက်ခဲ့ရသည်။ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် ယခင်လွှတ်တော်ကိုယ်စားလှယ်များက မဲစာရင်းမှားယွင်းနေမှုများ၊ မဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် အကြိမ်ကြိမ်တင်ပြတောင်းဆိုခဲ့သော်လည်း ယခင်အစိုးရ၊ လွှတ်တော်နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့က တစ်စုံတစ်ရာဖြေရှင်းခဲ့ခြင်း မရှိသည့်အတွက် ယခုလိုအခြေအနေမျိုး ကြုံတွေ့နေရခြင်းဖြစ်သည်။

ဖြစ်ပွားခဲ့သောဖြစ်စဉ်အရ ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းစေရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများ၊ စစ်မှန်၍စည်းကမ်းပြည့်ဝသော နိုင်ငံရေးပါတီများ တည်ရှိဖို့လိုအပ်ကြောင်း  အထင်အရှားတွေ့ရပေသည်။ အသစ်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများသည်လည်း ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများ ဖြစ်လာစေဖို့ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ယင်းဥပဒေ၊ နည်းဥပဒေများတွင်လည်း ပါတီငယ်များ၊ တိုင်းရင်းသားဒေသများရှိ တိုင်းရင်းသားပါတီများအနေဖြင့် ရပ်တည်ဆောင်ရွက်နိုင်အောင် ဆောင်ရွက်ပေးထားပါသည်။   ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် ပါတီကြီးငယ်မရွေး အားလုံးပါဝင်နိုင်ရေးသည် အရေးကြီးသည့်အတွက် အားလုံးပါဝင်နိုင်အောင် ဆောင်ရွက် ပေးထားကြောင်း တွေ့ရပေသည်။

နိဂုံး

မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်သည်  စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ဖြစ်သည်။ ပြည်သူလူထု၏ ပကတိ လိုအပ်ချက်သည် ဥပဒေနှင့်အညီ အေးအေးချမ်းချမ်းနေထိုင်လုပ်ကိုင်စားသောက်ပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာဖြင့် ဘဝဖွံ့ဖြိုး တိုးတက်ရေးပင် ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အဓိကအခြေခံရမည့်အချက်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးစသည့်  ဒို့တာဝန်အရေးသုံးပါးဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းလျှောက်လှမ်းခဲ့ပါသည်။ ရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၈ ခုနှစ်  ကြားဖြတ်ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး မသမာမှုဖြစ်သည့် မဲမသမာမှုဖြစ်စဉ်များကြောင့် တပ်မတော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော် တာဝန် အရပ်ရပ်ကို ခေတ္တထိန်းသိမ်းခဲ့ခြင်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုကြီး အေးချမ်းသာယာစေရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းသား ပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ   ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး   တည်ဆောက်နိုင်ရေးအတွက် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရမည့် အချိန်ကျရောက်နေပြီဖြစ်ပါကြောင်း   တိုက်တွန်းအပ်ပါသည်။   ။

သုတကျော်