နှစ်သစ်ရက်မြတ်အချိန်အခါ ငြိမ်းချမ်းကြစေရာ

နှစ်သစ်ရက်မြတ်အချိန်အခါ ငြိမ်းချမ်းကြစေရာ

တစ်နှစ်ပြောင်းတော့မည်။ အတာသင်္ကြန်၏ အငွေ့အသက်တို့က ထင်ရှားလာခဲ့ပြီး တန်ခူးလေနဲ့အတူ သင်္ကြန်မိုးပြေး မိုးစက်တို့ကလည်း ရွာသွန်းဖြိုးလာခဲ့ပြီ။ ပိတောက်တို့လည်း အနည်းအကျဉ်းပွင့်လာနေပြီ။

သင်းပျံ့ပျံ့ ရနံ့မွှေးမွှေးလေးက လေအသင့်မှာ စီးမျောလျက်ရှိနေကြပြီ။

နှစ်ဟောင်းလွန်လို့ နှစ်သစ်ဆန်းတဲ့ ပထမနေ့ကို နှစ်ဆန်းတစ်ရက်နေ့လို့ ပြောကြပါတယ်။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသောနေ့ဖြစ်လို့ နှစ်သစ်ကူးနေ့လို့လည်း ခေါ်ကြပါတယ်။ နှစ်သစ်ကူးနေ့ကို မင်္ဂလာရှိသော နေ့ထူးနေ့မြတ်အဖြစ် နိုင်ငံတိုင်းမှာ မိမိတို့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့အညီ ကျင်းပပြုလုပ်ကြပါတယ်။

ကမ္ဘာပေါ်မှာ လူမျိုးအလိုက် ဘာသာအလိုက် နှစ်များကိုရေတွက်တဲ့ အစဉ်အလာမှာ လူ့ယဉ်ကျေးမှု ထွန်းကားသည့်အချိန်မှစ၍     ရှိလာခဲ့ကြောင်း မှတ်သားရပါတယ်။ အဟောင်းမှအသစ်သို့ ကူးပြောင်းခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ နှစ်သစ်ကူးအချိန်ကာလကို ပျော်ရွှင်စွာ ကျင်းပပြုလုပ်ကြပါတယ်။ မိမိတို့ဓလေ့ထုံးစံ မဟုတ်သော်လည်း နှစ်သစ်ကူးပွဲတော်များ ကျင်းပကြသည်ကို မြင်တွေ့ရတာ ပျော်ရွှင်ဝမ်းသာရပါတယ်။ ကြည်နူးရပါတယ်။

မင်္ဂလာရှိသော နှစ်သစ်ကူးအချိန်တွင် ရိုးရာဓလေ့အတိုင်း တချို့ကရေကစားကြ၍ တချို့က မီးထွန်းကြပါတယ်။ တချို့က ကခုန်ကြ၊ ဘုရားရှိခိုးဆုတောင်းကြ၊ တချို့က မီးအိုးမီးပန်းများ ပစ်ဖောက်ကြနဲ့ နှစ်သစ်ကို ကြိုဆိုကြပါတယ်။ နှစ်သစ်ကူးပွဲတော်အချိန် မိမိတို့ဇာတိရပ်ရွာသို့ ပြန်ကြသည်မှာလည်း နှစ်သက်စရာဖြစ်ပါတယ်။

မြန်မာတို့ရဲ့ နှစ်ဆန်းတစ်ရက်နေ့ကို ဧပြီ ၁၆ ရက် သို့မဟုတ်  ၁၇  ရက်မှာ ကျရောက်တတ်ပါတယ်။

ယခုနှစ်မှာတော့ တန်ခူးလပြည့်ကျော် ၁၃ ရက် ဧပြီ ၁၇ ရက် တနင်္လာနေ့ဟာ နှစ်ဆန်းမှာဖြစ်ပါတယ်။ ကျွန်မတို့မြန်မာလူမျိုးများကတော့ အတာသင်္ကြန်နှစ်သစ်ကူး ရေသဘင်ပွဲတော်အဖြစ် အကြို၊ အကျ၊  အကြတ်၊ အတက်နေ့အဖြစ်  ကျင်းပကြပါတယ်။  နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောသန့်စင်ခြင်းအနေနဲ့ တစ်ဦးနဲ့တစ်ဦး အတာရေစင်ဖျန်းပက်ကြကာ ရေကစားပွဲတော်များ ကျင်းပပြုလုပ်ကြပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်း အတာရေသင်္ကြန်ပွဲတော်များ စည်ကားစွာ ကျင်းပကြပါတယ်။ ပျော်ရွှင်ခြင်း ချစ်ခင်ခြင်းတွေနဲ့ အတာရေလောင်းကြကာ နှစ်သစ်ကူးကြပါတယ်။

အတာသင်္ကြန်ပွဲတော်များ ဆင်ယင်ကျင်းပကြရာမှာလည်း တချို့တိုင်းရင်းသားများရဲ့ မတူညီသော ရေကစားပုံများကလည်း ချစ်စရာဓလေ့လေးပါရှင့်။

ကျွန်မငယ်ငယ်က ရခိုင်သင်္ကြန်ကို ကြုံဆုံဖူးပါတယ်။

လှေကြီးထဲမှာ ရေတွေထည့်ပြီး အပြင်ကယောက်ျားလေး အထဲကမိန်းကလေး အပြန်အလှန် ရေပက်ကစားကြတာ ချစ်စရာကောင်းလှပါတယ်။ ရခိုင်ပြည်နယ်မှာ နံ့သာသွေးပွဲလည်းပြုလုပ်ကြပါတယ်။ အလှဆုံးအပျိုကလေးများ နံ့သာသွေးကြရပါတယ်။ ရရှိတဲ့ နံ့သာများနှင့် မြတ်စွာဘုရားကို ရေသပ္ပာယ်ကာ အမွှေးနံ့သာများ ပက်ဖျန်းကြပါတယ်။

ယခုနှစ်မှာတော့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစတဲ့မြို့တွေမှာ လမ်းလျှောက်သင်္ကြန်ကို စည်စည်ကားကား ကျင်းပမှာ ဖြစ်ပါတယ်။  နေပြည်တော် မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်နဲ့ နေပြည်တော်လမ်းလျှောက် သင်္ကြန်ဖွင့်ပွဲကို  သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက် နံနက်မှာ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်မှာဖြစ်ပါတယ်။ လူငယ်မောင်မယ်များအတွက် ပျော်ရွှင်စရာပွဲတစ်ခုဖြစ်မှာ  သေချာပါတယ်။ တစ်မြို့နဲ့တစ်မြို့မတူသော သင်္ကြန်ပုံစံများက တစ်ကျောင်းတစ်ဂါထာပါပဲရှင်။ သို့ပေမယ့် သင်္ကြန်ဆိုရင် ပျော်ကြရတာပါပဲ။

နှစ်ဆန်းတစ်ရက်နေ့ရောက်ပြီဆိုရင်ဖြင့် သက်ကြီးဝါကြီး အမိအဖ၊ အဘိုး၊ အဘွားများအား ပူဇော်ကြပါတယ်။ ရပ်ကွက်တိုင်းလမ်းတိုင်းမှာ အဘိုး၊ အဘွားများအား  ပူဇော်ကန်တော့ပွဲများ၊ ရေချိုးခေါင်းလျှော်၊ လက်သည်းခြေသည်း ညှပ်ခြင်းများဖြင့်လည်း ပြုစုစောင့်ရှောက်ပေးကြပါတယ်။ အင်မတန်မွန်မြတ်သော ဓလေ့လေးပေါ့ရှင်။ အဲဒါတွေအပြင် အိမ်တွင်း အိမ်ပြင်၊ ရပ်ကွက်၊ ကျေးရွာအမှိုက်ရှင်းခြင်း၊ စေတီပုထိုး၊ ဘုရားကျောင်းကန်များမှာ ဥပုသ်သီတင်းဆောက်တည်ခြင်း၊ အလှူဒါနပြုခြင်း၊ ဘုရားပုထိုးရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်း  ကုသိုလ်များ ပြုလုပ်လေ့ရှိကြပါတယ်။ နှစ်စဉ်နှစ်တိုင်း တစုတဝေးနှင့် ကုသိုလ်ပြုကြ၊ ချစ်ချစ်ခင်ခင်နဲ့ ဒါနပြုကြသည်မှာ ဝမ်းသာဂုဏ်ယူစရာကောင်းလှပါတယ်။ သင်္ကြန်တွင်း ရှင်ပြုရဟန်းခံပွဲများ ပြုလုပ်ကြပြီး ရဟန်းခံခြင်း၊ သီလရှင်ဝတ်ခြင်းများနဲ့ တရားစခန်းများမှာ ယောဂီအနေနှင့် တရားအားထုတ်ခြင်းများကလည်း မြန်မာဗုဒ္ဓဘာသာတို့ရဲ့ နှစ်သက်ဖွယ်ရာဖြစ်ပါတယ်။ အေးငြိမ်းခြင်း၊ ချမ်းမြေ့ခြင်းများ ထုံမွမ်းနေတာ ဖြစ်ပါတယ်။

နှစ်ဆန်းတစ်ရက်နေ့တွင် ရရှိသောငွေကြေးအားအမှတ်တရသိမ်းခြင်း၊ ငွေကုန်ကြေးကျမများအောင် ထိန်းသိမ်းခြင်းဓလေ့မှာလည်း  မြန်မာလူမျိုးတို့၏ ချစ်စရာဓလေ့ပါပဲ။ တစ်နှစ်လုံးမသုံးရက်ဘဲ သိမ်းထားငွေလေးတွေပေါ့ရှင်။

ကျွန်မတို့ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အတာသင်္ကြန်ပွဲတော်သာမက တိုင်းရင်းသားတို့၏ နှစ်သစ်ကူး ပွဲတော်များလည်း တခမ်းတနားကျင်းပပြုလုပ်လေ့ရှိကြပါတယ်။ ကရင်နှစ်သစ်ကူးပွဲ၊ ချင်းနှစ်သစ်ကူးပွဲ၊ ကယားနှစ်သစ်ကူးပွဲများ စသည်ဖြင့် အသီးသီးရှိကြပါတယ်။ ကရင်လူမျိုးတို့ရဲ့ နှစ်သစ်ကူးပွဲတော်က ပြာသိုလဆန်းတစ်ရက်နေ့တွင် ကျရောက်ပါတယ်။

အဲဒီနေ့မှာ ကရင်လူမျိုးတို့သည် တောင်ယာထွက်၊ လယ်ယာထွက်ကောက်ပဲသီးနှံများကို တစ်ယောက်တစ်လက် ယူဆောင်ကြကာ သက်ကြီးရွယ်အိုဘိုးဘွားများကို ပူဇော်ကန်တော့ကြပါတယ်။ သားချင်းဆွေမျိုးများ မိတ်ဆွေများ စုရုံးစားသောက်ပွဲများ ကျင်းပကြပါတယ်။ အဲဒီနေ့မှာပဲ ဝမ်းစာစပါးသိုလှောင်ခြင်းများ၊ နှစ်ဟောင်းမှ ကွယ်လွန်ပြီးသောသူများ၏ သင်္ဂြိုဟ်ပြီးပြာများကိုလည်း လေထဲတွင်ကြဲလွှင့်ဖျောက်ဖျက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း မှတ်သားရပါတယ်။

ကယားလူမျိုးများ၏ နှစ်ဆန်းတစ်ရက်နေ့အဖြစ် ဧပြီ ၂၆ ရက်ကို သတ်မှတ်ခဲ့သော်လည်း ပြည်နယ်အတွင်း တစ်မြို့နှင့်တစ်မြို့ ပွဲတော်ကျင်းပရက်မတူကြကြောင်း မှတ်သားရပါတယ်။ ကယားလူမျိုးတို့၏ နှစ်သစ်ကူးပွဲတော်ကို ကလူမင်္ဂလာပွဲတော်ဟုခေါ်ပြီး ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံအတိုင်း ဖားစည်တီး၍ ကခုန်ခြင်း၊ အိမ်သစ်တက်ခြင်းများ ပြုလုပ်ကြပါတယ်။

ချင်းလူမျိုးတို့၏ နှစ်ဆန်းတစ်ရက်နေ့ကား အောက်တိုဘာလကုန်ခန့်တွင် ကျင်းပလေ့ရှိကြသည်။ ယင်းပွဲတော်ကို ခွန်သာပွဲဟုခေါ်ကြောင်း မှတ်သားရပါတယ်။

အတာသင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင်လည်း ကျင်းပလေ့ရှိကြပါတယ်။ သင်္ကြန်အကြိုနေ့မှာရှေးမြန်မာဘုရင်များလက်ထက်က မော်လမြိုင်မြို့မှာရှိတဲ့ ခေါင်းဆေးကျွန်းမှာ ခေါင်းဆေးမင်္ဂလာပြုကြကြောင်း သိရှိရပါတယ်။

အတာသင်္ကြန်မှာ သိကြားမင်းဟာ နတ်ပြည်မှ လူ့ပြည်ကို ဆင်းသက်လာကြောင်း၊ ကောင်းတာ လုပ်တဲ့သူတွေကို ရွှေပုရပိုက်မှာ ရေးမှတ်လေ့ရှိပြီး ဆိုးသွမ်းသူတွေရဲ့အမည်တွေကို ခွေးသားရေပုရပိုက်မှာ ရေးမှတ်တယ်လို့ ကျွန်မတို့ငယ်ငယ်က လူကြီးများက ပြောလေ့ရှိကြပါတယ်။ ကလေးတွေ မဆိုးအောင်ပြောတာလား၊ တကယ်ပဲလားလို့ အခုအချိန်မှာတော့ ဆင်ခြင်စဉ်းစားမိပါတယ်။ မကောင်းတာလုပ်သူတွေ အကုသိုလ်လုပ်သူတွေ အနေနဲ့ကတော့ မှတ်တမ်းဆိုးမှာကတော့ အမှန်ပဲဖြစ်ပါတယ်။ ကောင်းတဲ့အလုပ်ကို ရိုးရိုးသားသားနဲ့စိတ်ထားဖြူစင်စွာ လုပ်ဆောင်မယ် ဆိုရင်ဖြင့် မှတ်တမ်းကောင်းမှာပါပဲ။ မြတ်စွာဘုရားရဲ့ ကောင်းမြတ်တဲ့အဆုံးအမကို နေ့စဉ်နှလုံးသွင်းကာကောင်းသောအမှုကို  ပြုကြရင်ဖြင့်   အတိတ်မှမကောင်းမှုများကို သက်သာစေပြီး  လက်ရှိဘဝမှာ အဆင်ပြေပြေနေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ယခု ကောင်းမှုများကလည်း နောင်အနာဂတ်အတွက် ကောင်းသောအရာများကို လက်ခံရရှိမှာဖြစ်ပါတယ်။

နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ဘေးရန်များကင်းရှင်းကြစေဖို့ မိမိတို့ကိုးကွယ်ရာ ဘာသာအလိုက် တရားနှလုံးသွင်းကာ ငြိမ်းချမ်းကြစေလိုပါတယ်။ အေးချမ်းကြစေလိုပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ရင်တွင်းငြိမ်းချမ်းမှသာ တစ်ရွာလုံး တစ်မြို့လုံး တစ်တိုင်းပြည်လုံး ငြိမ်းချမ်းမှာ အေးချမ်းမှာဖြစ်ပါတယ်။

နှစ်ဟောင်းကုန်လို့  နှစ်သစ်ရောက်ပြီဆိုရင်ဖြင့် ကျွန်မတို့ပြုလုပ်ခဲ့သော အကြောင်းအရာများထဲမှ အမှားတွေကို ဆင်ခြင်ပြီး ပြုပြင်ပြောင်းလဲကာ နှစ်သစ်ကို အမှန်တွေ သယ်ဆောင်လာပြီး အားအင်အပြည့်နဲ့ လှမ်းလျှောက်ကြဖို့   တိုက်တွန်းချင်ပါတယ်ရှင့်။

ပြည်ထောင်စုမြန်မာနိုင်ငံရဲ့  နှစ်သစ်ကူးအချိန်မှာ အားလုံးစိတ်ချမ်းသာ  ကိုယ်ကျန်းမာကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်ရှင့်။  ။

ချယ်ချယ်(YU)