PDF အမည်ခံအကြမ်းဖက်သမားများက လားရှိုးမြို့၊ ရန်တိုင်းအောင် ဘုရားဝန်းအရှေ့ ပန်းခြံအနီးတွင် လက်လုပ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာများရရှိ

PDF အမည်ခံအကြမ်းဖက်သမားများက လားရှိုးမြို့၊ ရန်တိုင်းအောင် ဘုရားဝန်းအရှေ့ ပန်းခြံအနီးတွင် လက်လုပ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာများရရှိ

နေပြည်တော်၊ ဧပြီ - ၁၃

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ မြို့အဝင်မုခ်ဦးအနီး ရန်တိုင်းအောင် ဘုရားဝန်းအရှေ့ ပန်းခြံအနီးရှိ ကားများရပ်နားထားသည့်နေရာ၌ ယနေ့နံနက်ပိုင်းက PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

          ဖြစ်စဉ်မှာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြိုနေ့အခါသမယတွင် ဒေသခံ ဘုရားဖူးပြည်သူများနှင့် ပန်းခြံသို့ လာရောက်လည်ပတ်သူများ စည်ကားသိုက်မြိုက် လျက်ရှိသည့် လားရှိုးမြို့၊ ရပ်ကွက်(၁)၊ မြို့အဝင်မုခ်ဦးအနီး ရန်တိုင်းအောင် ဘုရား ဝန်းအရှေ့ ပန်းခြံအနီးရှိ ကားများရပ်နားထားသည့်နေရာ၌ ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် Honda Fit အနီရောင် ယာဉ်ပေါ်မှ PDF အမည်ခံအကြမ်းဖက် သမားများ ထောင်ထားသည့် လက်လုပ်ဗုံး ၁ လုံး ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်သမား များ၏ ဗုံးထောင်ဖောက်ခွဲမှုကြောင့် ဘုရားဖူးလာရောက်ကြသည့် အပြစ်မဲ့ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြောင်း သိရှိရသည်။

          အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ နှစ်သစ်ကူးအကြိုအခါသမယတွင်  ဘုရားဖူးဒေသခံပြည်သူများနှင့် ပန်းခြံသို့ လာရောက်လည်ပတ်သူများဖြင့် စည်ကား လျက်ရှိသည့် နေရာကို ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။