တစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်း ရမှတ်အများဆုံး မမေသက်ထွန်းနှင့် တွေ့ဆုံခြင်း

ရန်ကုန်  သြဂုတ်  ၉

၂ဝ၁၉-၂ဝ၂ဝ    ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မြန်မာ တစ်နိုင်ငံလုံး၌ သိပ္ပံတွဲ အထူးပြုဘာသာရပ် ဖြင့် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ မမေသက်ထွန်းက ဘာသာစုံ ဂုဏ်ထူးရမှတ်ပေါင်း ၅၅၂ မှတ်ဖြင့် အမှတ် အများဆုံးရရှိသည်။

''သမီးအနေနဲ့ အထက်တန်းရောက်လာ တဲ့အခါမှာ အခုလို Top Ten ဝင်ချင်တဲ့ စိတ်လေးဖြစ်လာခဲ့မိတယ်။ Top Ten ထဲမှာ တစ်နေရာရာတော့ ဝင်ရမယ်ပေါ့။ ဒီအတွက် ရည်မှန်းချက်ထားပြီး တက္ကသိုလ်ဝင်တန်း  ရောက်လာတဲ့ အခါမှာ   အကောင်းဆုံး ကြိုးစားခဲ့တာပါ။

အခုလိုအောင်မြင်မှုရရှိလာတဲ့အပေါ်မှာ  ကြိုးစားအားထုတ်မှုကတော့ အားနည်းတဲ့ဘာသာတွေကို အချိန်ပိုပေးပြီး တော့ ပိုကျက်ဖြစ်တယ်။ ကျက်လို့မရတဲ့စာတွေ ဆိုရင် မကျက်ဘဲ အထပ်ထပ်အခါခါ ဖတ်တယ်။  တွက်စာတွေ ဆိုရင်လည်း တချို့ မလွယ်တဲ့ ပုဒ်စာတွေဆိုရင် အထပ်ထပ်အခါခါ ပြန်ပြီးလေ့ကျင့်ဖြစ်တယ်။ စာကြည့်တဲ့ အချိန် ဇယားဆွဲပြီး အတတ်နိုင်ဆုံး အချိန်ဇယားထဲ ဝင်အောင်လေ့ကျင့်ဖြစ်ပါတယ်။ ကျောင်းတို့  ပြင်ပ ကျူရှင်တို့ရဲ့ စာမေးပွဲတွေကြောင့်  ကျောင်းက ဆရာမတွေပေးတဲ့ အိမ်စာတွေ မပြီးတာရှိရင်လည်း အိပ်ချိန်ကို လျှော့ပြီး  အချိန်ပိုမှာ အိမ်စာတွေပြီးအောင် လုပ်ဖြစ်ပါတယ်။

ရှေ့ဆက်ပြီး အနာဂတ်ရည်မှန်းချက် အနေနဲ့ကတော့ ကလေးတွေကိုချစ်တယ်။ ကလေးတွေနဲ့အတူ နေချင်တဲ့ အတွက် သူတို့ နဲ့နီးစပ်တဲ့ ကလေးအထူးကုဆရာဝန်ကြီး တစ်ယောက်ဖြစ်ချင်ပါတယ်။ ဖြစ်အောင်လည်း ကြိုးစားသွားပါမယ်။ သမီးအနေနဲ့ အရင်ရှစ်တန်းနှစ်မှာ သင်္ချာအိုလံပစ်ဝင်ပြိုင် ခဲ့ပါတယ်။ ကိုးတန်း၊ ဆယ်တန်းမှာလည်း ဆက်တိုက်ပြိုင်ခဲ့တာတွေ ရှိတယ်။ ကျောင်း စာပြင်ပအနေနဲ့ ရေကူး၊ ကြက်တောင်နဲ့ စက်ဘီးစီး အားကစားတွေလုပ်တယ်။ ပန်းချီ ဆွဲတယ်။ စာဖတ်တယ်။ သီချင်းတွေလည်း နားထောင်ဖြစ်ပါတယ်။

ဒါကြောင့် တက္ကသိုလ်ဝင်တန်းကို အသစ်တက်ကြမယ့် မောင်ငယ်ညီမငယ်တွေအနေနဲ့လည်း ကြိုးစားကြပါ။ လူတိုင်း မှာ ကိုယ်ရဲ့ ရည်မှန်းချက်အတိုင်း အကောင်းဆုံး ဖြစ်အောင်လုပ်ကြပါ''ဟု မမေသက်ထွန်း ကပြောသည်။

မမေသက်ထွန်းသည် ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပန်းလှိုင်လမ်းရှိ  ပန်းလှိုင် အိမ်ရာ တိုက်  အမှတ်(၉)၌ မိဘနှင့် အတူ နေထိုင်လျက်ရှိ ကြောင်းသိရသည်။

မောင်မျိုး(ဧရာဝတီ)