စပါးအသင်းသည် အောက်တိုဘာ ၂၉ ရက်က ဘယ်လ်ဂျီယံသို့ သွားပြီး အန့်တဝပ်အသင်းနှင့် ယူရိုပါလိဂ်အုပ်စုပွဲ ကစားခဲ့ရာ ၁ ဂိုး-ဂိုးမရှိ ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ မော်ရင်ဟိုသည် အသင်းခြေစွမ်းကို အလွန်စိတ်ပျက်ပြီး ပထမပိုင်း ပြီးကတည်းက ၁၁ ဦးစလုံးကို လူစားလဲချင်ခဲ့ ကြောင်း ပြောသည်။
မော်ရင်ဟိုသည် ထိုပွဲတွင် ပြီးခဲ့သည့်ပွဲစဉ်က ပွဲထွက်စာရင်းကို ကိုးဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး အသင်းသို့ အငှားဖြင့် ရောက်ရှိလာသော ဂါရတ်ဘေးလ်၊ မော်ရင်ဟို လက်အောက်တွင် ပွဲထွက်ခွင့် ပျောက်ဆုံးနေသော ကွင်းလယ်ကြယ်ပွင့် ဒီလီအလီတို့ကို ပွဲထွက်ကစားစေခဲ့ရာ ပထမပိုင်း၌ အန့်တဝပ်အသင်း တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားခဲ့ခြင်းဖြစ်သည်။
မော်ရင်ဟိုသည် ပထမပိုင်းအပြီးတွင် ဒီလီအလီ၊ လိုဆဲလ်ဆို၊ ဘာ့ဂ်ဝင်းနှင့် ဗီနီးစီးယက်စ်ဂျူနီယာ တို့ကိုထုတ်ပယ်ပြီး လာမီလာ၊ လူးကပ်စ်မော်ရာ၊ ဟိုလ်ဘာ့ဂ်နှင့် ဆွန်ယောင်မင်တို့ကို အစားဝင် စေပြီး ပွဲချိန် ၅၈ မိနစ်တွင် ဂါရတ်ဘေးလ်နေရာ၌ ဟယ်ရီကိန်းကိုပါ ထည့်သွင်းကစားခဲ့သော်လည်း ချေပဂိုးပြန်မရနိုင်ဘဲ ရှုံးခဲ့သည့်အတွက် မော်ရင်ဟိုက ဒေါသထွက်ပြီး ပွဲပြီးသတင်းစာ ရှင်းလင်းပွဲတွင် ''ပထမပိုင်းပြီးကတည်းက ၁၁ ဦးစလုံးကို လူစားလဲချင်ခဲ့တာပါ။ အပြစ်တင်ရမယ့် တစ်ယောက်တည်းက ကျွန်တော်ပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီပွဲထွက်စာရင်းကို ကျွန်တော်ရွေးခဲ့တာ ဖြစ်လို့ပါ။ နောက်လာမယ့် ရွေးချယ်မှုပိုင်းကတော့ အရမ်းကို လွယ်ကူသွားပြီ။ ဒါကျွန်တော့်တာဝန် ပဲ။ ပွဲတွေမတိုင်မီ ဘာကြောင့်ကျွန်တော်မကစား ရတာလဲ၊ ဘာကြောင့် ရွေးချယ်မခံရတာလဲလို့ ကစားသမားတွေက မေးကြတယ်။ အခု ဒါမှမဟုတ် နောက်ရက်သတ္တပတ် အနည်းငယ်လောက်အထိ တော့ သူတို့ကျွန်တော့်ကို ဘာကြောင့်ဆိုတဲ့စကား မေးတော့မှာမဟုတ်ဘူး။ သူတို့မှာ အဖြေရှိသွား ပြီ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပဲအပြစ် တင်သင့်ပြီး ပြိုင်ဘက်ကို ချီးကျူးတာမျိုးပဲတတ် နိုင်တော့တယ်'' ဟု ပြောသည်။
မော်ရင်ဟိုသည် ဘယ်လ်ဂျီယံမှအပြန် နောက်တစ်ရက်တွင် အသင်းသားအားလုံးကို နံနက် ၁၁ နာရီကတည်းက အချိန်ပို လေ့ကျင့်ခန်း ဆင်းခိုင်းမည်ဟု ၎င်း၏ အင်စတာဂရမ်၌ ရေးတင်ခဲ့သည်။