ငွေကျပ်သိန်း ၃ဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့အဝင်   အိုရီယမ်တယ်တိုးဂိတ်အနီး၌ အောက်တိုဘာ ၂၉ ရက်နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် ယာဉ်တစ်စီးပေါ်မှ ငွေကျပ်သိန်း ၃ဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်ဇော်ထိုက် ဦးစီး တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး နောင်ချိုမြို့အဝင်အိုရီယမ်တယ်တိုးဂိတ် အနီးတွင် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်းများ

ဆောင်ရွက်နေစဉ် မူဆယ်မှမန္တလေးသို့ ယာဉ်မောင်း ဦးဝင်းကို မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်အမှတ် MDY /FF----AD VAN အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်း ယာဘက်ထိုင်ခုံပေါ်တွင် လိုက်ပါလာသည့် အောင်အောင်မျိုး(ခ) အောင်မျိုး၏ ပေါင်ပေါ်တွင်တင်ထားသော အနက်ရောင် ကျောပိုးအိတ်ထဲရှိ အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်း အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်ငယ် တစ်အိတ်လျှင် ပန်းရောင်စိတ်ကြွဆေးပြား ၂ဝဝ   ပြားစီပါ  ၁ဝ ထုပ်စည်း သုံးထုပ်စီ ထုပ်ထားသော အထုပ်ကြီး ခြောက်ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား၃၆ဝဝဝ ပြား၊ ကာလတန်ဖိုးငွေကျပ် ၃၆ဝဝဝဝဝဝ အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော အောင်အောင်မျိုး(ခ)အောင်မျိုးနှင့် ဇေယျာလင်းတို့အား နောင်ချိုမြို့မရဲစခန်းက မယ(ပ)၁ဝ၈/၂ဝ၂ဝ၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့်   အမှုဖွင့် အရေးယူထားကြောင်း သိရသည်။