တယ်လီဖုန်းဘေမဲပေါက်သည်ဟုလိမ်လည်ကာ ငွေများလိမ်လည်ထုတ်ယူမှုဖြစ်ပွား

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၌   အောက်တိုဘာ  ၂၉ ရက်တွင်   တယ်လီနောကုမ္ပဏီကဟု ဆိုကာ ဖုန်းဘေမဲပေါက်၍    ငွေလွှဲပေးရန်ဟု ဆိုကာ အကြောင်းကြားခံရသူ အမျိုးသမီး တစ်ဦး၏ KBZ  PAY  အကောင့်ထဲမှ ငွေများ လိမ်လည်ထုတ်ယူမှုဖြစ်ပွားကြောင်း ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံး(လားရှိုး)မှ သိရသည်။

ဖြစ်စဉ်မှာ လားရှိုးမြို့မရဲစခန်းမှ ရဲအုပ်ကျော်ကျော်ကိုသည် တာဝန်မှူးတာဝန် ထမ်းဆောင်နေစဉ် မဥမ္မာလွင်ရောက်ရှိလာပြီး ၎င်းသည် အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီခန့်တွင် နေအိမ်တွင်ရှိနေခဲ့ကြောင်း၊ ထိုစဉ်သူမ၏ဖုန်းသို့ တယ်လီနောကုမ္ပဏီမှဟု ဆိုကာ အမည်မသိသူ တစ်ဦး ဖုန်းဆက်သွယ်လာခဲ့ကြောင်း၊ ဆက်သွယ်ရာတွင် အမည်မသိသူသည် တယ်လီဖုန်းထဲမှတစ်ဆင့်  သူမအား တယ်လီနော၏ ဖုန်းဘေ ငွေကျပ်တစ်သိန်းပေါက်သဖြင့်   ငွေလွှဲပေးရန် ရှိကြောင်း  ပြောခဲ့သည်။

အဆိုပါ ဖုန်းဘေပေါက်ငွေအား Wave Moneyဖြင့် လွှဲပေးမည်ဖြစ်ကြောင်း ဦးစွာ ဖုန်းဖြင့်ပြောသည်။

၎င်းနောက် အဆိုပါ အမည်မသိသူက မဥမ္မာလွင်ထံသို့ Wave Money သည် ငွေပမာဏများသဖြင့်  လွှဲရန် အခက်အခဲ ရှိကြောင်း၊ ထိုသို့ပြောသည်ကို မဥမ္မာလွင်ကယုံကြည်သွားသဖြင့် သူမ၏ KBZ Pay ထဲဝင်လာသော ကုဒ်နံပါတ်အား တစ်ဖက်တွင် ဖုန်းခေါ်ဆိုသူ အမည်မသိသူထံ ပြောပြခဲ့သည်။ ပြောပြပြီးနောက် မဥမ္မာလွင် မှာသူ၏ KBZ Pay ထဲသို့  ငွေရောက်မရောက်အား စစ်ဆေးခဲ့ရာ  သူမစုထားသောငွေကျပ်  ၂၁၆ဝဝဝဝ မှာ မရှိတော့သည်ကို တွေ့ရှိရသဖြင့် လားရှိုးမြို့မရဲစခန်းသို့ လာရောက် တိုင်တန်းခြင်းဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ငွေလိမ်လည်သူ အမည်မသိ အမျိုးသားအား လားရှိုးမြို့မ ရဲစခန်းက (ပ)၅၅၅/၂ဝ၂ဝ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဂ)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။