လူငယ်နဲ့အနာဂတ်

လူငယ်နဲ့အနာဂတ်

လူငယ်ဆိုတာ နိုင်ငံတော်အတွက် အလွန်တန်ဖိုးကြီးမားတဲ့ လူသားအရင်းအမြစ်ပါ။ မြန်မာနိုင်ငံမှာလူငယ်အရေအတွက် အလွန်ပဲ များပြားလှပါတယ်။ ဒီလိုများပြားလှတဲ့ လူငယ်တွေဟာ စွမ်းရည်အပြည့်အဝ ထုတ်သုံးနိုင်တဲ့ အင်အားရှိသူတွေပဲ ဖြစ်ပါတယ်။ ဒီလူငယ်တစ်ဦးစီရဲ့ ကြိုးစားအားထုတ်မှုတွေဟာ သူ့အတွက်သာ အကျိုးရှိတာမဟုတ်ဘဲ သူ့မိသားစုအသိုင်းအဝိုင်းနဲ့ နိုင်ငံတော်အထိ အကျိုးရှိစေနိုင်ပါတယ်။ လူငယ်တွေကြိုးစားမှုကြောင့်  မြင့်မားတဲ့အနာဂတ်ကိုရရှိပိုင်ဆိုင်နိုင်ရင် ရေမြင့်တော့ကြာမြင့်လာသလို  နိုင်ငံတော်လည်း  တိုးတက်လာမှာပါပဲ။ ဒါ့ကြောင့် လူငယ်တွေရဲ့ အနာဂတ်ကောင်းမွန်ဖို့ အထူးပဲ ကြိုးစားကြဖို့ အရေးကြီးကြောင်း အသိပေးချင်ပါတယ်။

လူငယ်တွေအနာဂတ်အတွက် ဗလငါးတန်ပြည့်စုံအောင် ကြိုးစားသင့်ပါတယ်။ ဗလငါးတန်ရဲ့အခြေခံက “စာရိတ္တဗလ” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံခြင်းပါ။ စာရိတ္တဗလဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့သူကို လူတွေက ချစ်ခင်လေးစားကြပါတယ်။ ဒါ့ကြောင့် “မိတ္တဗလ” ဆိုတဲ့ မိတ်ဆွေသင်္ဂဟကောင်းတွေနဲ့ ပြည့်စုံခြင်းကိုရပါမယ်။ မိတ်ကောင်းဆွေကောင်းတွေနဲ့ ပြည့်စုံတဲ့သူ တွေမှာ စီးပွားဥစ္စာရှာဖွေရလွယ်ကူတဲ့အတွက် “ဘောဂဗလ” ဆိုတဲ့  စီးပွားဥစ္စာနဲ့ပြည့်စုံခြင်းကိုရရှိပါမယ်။ စီးပွားရေးနဲ့ပြည့်စုံရင် ပညာသင်တာပဲဖြစ်ဖြစ်၊ စာအုပ်စာစောင်တွေ ဝယ်ဖတ်တာပဲဖြစ်ဖြစ် လုပ်နိုင်သွားပြီဆိုတော့ “ဉာဏဗလ” ဉာဏ်ပညာနဲ့ ပြည့်စုံခြင်း ကိုရပြီပေါ့။ ဉာဏ်ပညာနဲ့ယှဉ်ပြီး နေထိုင်စားသောက်နိုင်ပြီဆိုရင် “ကာယဗလ” ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ခြင်းနဲ့ ပြည့်စုံပါပြီ။ အဲဒီလို ဗလငါးတန်နဲ့ပြည့်စုံပြီဆိုရင် လောကမှာ အောင်မြင်တဲ့သူဖြစ်နိုင်ပါပြီ။

လူငယ်တွေ ဘဝနှောင့်နှေးရတဲ့ပြဿနာတစ်ခုကတော့ ငွေရေးကြေးရေးပါပဲ။ တချို့က ငွေကြေးမတတ်နိုင်တဲ့အတွက် ပညာတစ်ပိုင်း တစ်စနဲ့ရပ်တန့်ရတယ်။ တချို့ကတော့ ငွေကြေးကိုအလျှံပယ်သုံးပြီး ပျက်စီးကြတယ်။ မိဘကပေးတဲ့ငွေကို စနစ်တကျမသုံးဘဲ အကြွေးတင်ကြတယ်။ လောင်းကစားလုပ်ပြီး ကြွေးတင်နေတဲ့ လူငယ်တွေလည်းရှိတယ်။ ငွေကြေးကိစ္စဟာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ကြီးကြီးမားမား ထိခိုက်နိုင်တာကြောင့် လူငယ်တွေသတိထား ထိန်းသိမ်းသင့်ပါတယ်။  ကိုယ်မသုံးသင့်တဲ့ငွေကို မသုံးပါနဲ့။ ဘာကြောင့်မှ ကြွေးတင်မခံပါနဲ့။ ခြိုးခြံချွေတာပါ။ ငွေကြေးအရှုပ်အရှင်းကင်းတာဟာ စိတ်ဓာတ်ခွန်အားကို တိုးပွားစေ တာမို့ အနာဂတ်မှာအောင်မြင်ချင်တဲ့ လူငယ်တစ်ယောက်ဖြစ်ချင်ရင် ငွေကြေးကို အမြဲသတိထားဆင်ခြင်သုံးစွဲရမှာဖြစ်ပါတယ်။

အချိန်ဆိုတာ ငွေနဲ့ဆက်ပြီးဝယ်ရတာမဟုတ်တဲ့အတွက် အချိန်ကိုတန်ဖိုးမထားမိကြပါဘူး။ ကိုယ့်အချိန်ကိုပဲဖြစ်ဖြစ်၊ သူများအချိန် ကိုပဲဖြစ်ဖြစ် အလွယ်တကူဖြုန်းတီးလေ့ရှိကြပါတယ်။ “အချိန်နဲ့ဒီရေသည် လူကိုမစောင့်” လို့ အချိန်ကိုမဖြုန်းဖို့ ပြောတတ်ကြသလို၊ “လသာတုန်းဗိုင်းငင်” ဆိုပြီးလည်း အချိန်ကိုအကျိုးရှိရှိ သုံးတတ်အောင် သတိပေးလေ့ရှိကြပါတယ်။ တကယ်တော့ ငွေရှိရင်ရွှေကို ကြိုက်သလောက် ဝယ်လို့ရနိုင်ပေမယ့် ကုန်သွားတဲ့အချိန်တွေကိုတော့ ဘယ်တော့မှ ပြန်ဝယ်လို့မရနိုင်တာ လူငယ်တွေ သိစေချင် ပါတယ်။ ဘဝအတွက်တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီးရင်း ကုန်ဆုံးစေမယ့်အစား တန်ဖိုးရှိရှိသုံးစွဲစေချင်ပါတယ်။

အိပ်ချိန်၊ စားချိန်၊ စာဖတ်ချိန်၊ အလုပ်လုပ်ချိန်၊ စာသင်ချိန်ဆိုပြီး ၂၄ နာရီကို သေချာစနစ်ချပြီး သုံးစေချင်ပါတယ်။ ကိုယ်ပိုင်အချိန်ကို စနစ်တကျ သုံးစွဲတတ်မှ အလုပ်လုပ်တဲ့အခါ စနစ်ကျပြီးအောင်မြင်မှုရနိုင်မှာပါ။ အချိန်ကိုတန်ဖိုးမထားတဲ့သူက ဘယ်တော့မှ မအောင်မြင်နိုင်ပါဘူး။

အလုပ်ကိုနောက်ကျမှသွားတာ၊ အချိန်မတန်ခင်စောပြန်တာတွေက အချိန်ကိုခိုးတာဖြစ်တဲ့အတွက် အဒိန္နဒါန ကံမြောက်တယ်လို့  ဆရာတော်ကြီးတွေ ဟောကြပါတယ်။ အကြီးအကဲက အရေးယူ၊ မယူထက် အကုသိုလ်ကံကိုတော့ ကျူးလွန်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် အချိန်သူခိုးမဖြစ်စေဖို့လည်း သတိထားသင့်ပါတယ်။

လူငယ်တွေအနာဂတ်မှာ အောင်မြင်စေဖို့ ပြောပြချင်တဲ့ နောက်တစ်ချက်ကတော့ မိမိကိုယ်ကိုစီမံခန့်ခွဲဖို့ပါ။ မနက်ဘယ်နှနာရီ အိပ်ရာထမယ်။ ရေဘယ်အချိန်ချိုးမယ်။ မနက်စာဘယ်လိုစားမယ်။ ကျောင်းကိုဘယ်အချိန်တက်ရမယ်။ အိမ်က ဘယ်အချိန်ထွက် မယ်။ ဘယ်အချိန်အိမ်ပြန်မယ်။ သူငယ်ချင်းနဲ့ ဘယ်အချိန်တွေ့မယ်ကစပြီး စနစ်ချရပါမယ်။ အိပ်ချင်တဲ့အချိန်အိပ်ပြီး ထချင်တဲ့ အချိန်ထ၊ သွားချင်မှသွားဆိုရင်တော့ အောင်မြင်မှုနဲ့ဝေးကွာနေဦးမှာပါပဲ။

စီမံခန့်ခွဲမှုတွေဆိုတာ အလုပ်ခွင်ရောက်မှသင်ရမှာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲတာနဲ့စကြရမှာပါပဲ။ ကိုယ့်ဘာသာကိုယ် တောင် စနစ်တကျ စီမံချက်ချပြီး  အလုပ်မလုပ်တတ်ရင်  လူငယ်တစ်ယောက်ရဲ့အနာဂတ်အောင်မြင်မှုဆိုတာ ဝေးကွာနေဦးမှာပါလို့ ပြောပြချင်ပါတယ်။

လူငယ်တွေအနေနဲ့ နိုင်ငံ့သမိုင်းနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို သိရပါမယ်။ ကိုယ့်အမျိုးသားအကျိုးစီးပွားကို ထိပါးနှောင့်ယှက် နိုင်တဲ့အကြောင်းအရာတွေကိုလည်း သိထားရပါမယ်။ ကိုယ့်နိုင်ငံရဲ့ရေမြေတောတောင် ပထဝီဝင်ကိုလည်း သိရပါမယ်။ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေဖို့ ဘာတွေလုပ်ဆောင်ရမလဲ။ ဘာတွေလုပ်ရင် နိုင်ငံအတွက်အကျိုးမဲ့သလဲ။ ဒါတွေကို သိထားမှသာ နိုင်ငံ တည်ဆောက်ရေးမှာ  ပါဝင်ဆောင်ရွက်တဲ့အခါ အထောက်အကူပြုပါမယ်။ ဗဟုသုတနည်းရင် တစ်ကိုယ်ကောင်းဆန်ပြီး နိုင်ငံအကျိုး ဖျက်ဆီးသူဖြစ်သွားတတ်ပါတယ်။

ကိုယ်ဘယ်နေရာမှာရပ်တည်သင့်တယ်ဆိုတာကို သေသေချာချာသိနေစေဖို့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေးတွေ အားလုံးကို သိရှိနေသင့်ပါတယ်။ အနာဂတ်မှာ ခေါင်းဆောင်ရမယ့်လူငယ်တစ်ယောက်အနေနဲ့ ရှိထားတဲ့ ဗဟုသုတ တွေကို အခြေခံစဉ်းစားမှလုပ်သင့်တာ၊ မလုပ်သင့်တာတွေကို ခွဲခြားဆုံးဖြတ်နိုင်ပါမယ်။ ကိုယ်ပြုလုပ်လိုက်တဲ့အပြုအမူက အပြုသဘော ဆောင်သလား၊  အပျက်သဘော ဆောင်သလားဆိုတာကို သေသေချာချာသုံးသပ်နိုင်ဖို့ ပညာဗဟုသုတနဲ့ ပြည့်စုံမှသာ ဖြစ်နိုင်ပါမယ်။

ဗဟုသုတတွေကို ဘယ်လိုရှာမှီးကြမလဲ။ အကောင်းဆုံးကတော့စာဖတ်ခြင်းနဲ့ရှာနိုင်ပါတယ်။  တစ်အုပ်ထဲဖတ်ပြီး   တရားသေမှတ်လို့ တော့မရဘူးနော်။ ဘယ်ဆရာက ဘယ်လိုရေးခဲ့သလဲဆိုတာကို နှိုင်းယှဉ်ပြီးဖတ်ရပါမယ်။ ပြီးရင် မှန်မမှန်ပြန်သုံးသပ်ပြီး ဆုံးဖြတ် ရပါမယ်။ စာစုံဖတ်ရမယ်။ ခရီးထွက်ရမယ်။ ခရီးတွေသွားရင် ဖုန်းသုံးရင်းသွားတာထက် ပတ်ဝန်းကျင်ကိုလေ့လာရမယ်။ ရေမြေတော တောင်၊ ရာသီဥတု၊ မြေပြင်အနေအထား၊ စိုက်ပျိုးတဲ့သီးနှံ၊ ပြောလေ့ရှိတဲ့စကား၊ လေယူလေသိမ်းနဲ့ စားသောက်တဲ့ဓလေ့ထုံးစံတွေက သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ တစ်နိုင်ငံတည်းနေကြတဲ့ တိုင်းရင်းသားတွေအကြောင်းကိုလည်း သိဖို့လိုပါတယ်။ ဒါတွေသိ ထားရင် တစ်နေရာရာမှာတော့ အထောက်အကူပြုမှာပါပဲ။

ပညာဗဟုသုတမပြည့်ဝဘဲ ခံစားချက်ကိုရှေ့တန်းတင်ပြီး ဆုံးဖြတ်ချက်ချရင် မှားတတ်တယ်ဆိုတာ လက်ရှိအခြေအနေတွေက သာဓကပြနေပါတယ်။ လူငယ်တစ်ယောက်ချင်းစီ ကိုယ့်ကိုယ်ကိုယ် အရေးပါတယ်လို့ တွေးစေချင်ပါတယ်။ တစ်ယောက်ချင်းစီ လွဲမှားမှုတွေကနေ နိုင်ငံနဲ့ချီတဲ့ ဆုံးရှုံးမှုတွေဖြစ်တတ်တယ်လို့သတိထားစေချင်ပါတယ်။

လူငယ်တွေရဲ့ အနာဂတ်ရည်မှန်းချက်တွေ ပျက်စီးစေနိုင်တဲ့ မူးယစ်ဆေးဝါးဆိုတဲ့အရာကို လုံးဝရှောင်ရှားကြဖို့လည်း အလေးအနက် ထားပြီးပြောချင်ပါတယ်။

ဒီနှစ်တွေအတွင်းမှာ ဆေးလိပ်သောက်တဲ့လူငယ်တွေ ပိုများလာတာတွေ့ရပါတယ်။ “မူးယစ်ဆေးဝါးအစ ဆေးလိပ်က” မို့ ဆေးလိပ်ကို လုံးဝရှောင်ကြဉ်ရပါမယ်။ ဆေးလိပ်ကတစ်ဆင့် မူးယစ်ထုံထိုင်းစေတဲ့ ဆေးဝါးတွေသုံးစွဲကြရင် လူငယ်ဘဝ အညွန့်ကျိုး တာပါပဲ။ မူးယစ်သားကောင်ဖြစ်သွားရင် ရုန်းထွက်ဖို့အလွန်ခက်ပါတယ်။ စိတ်ကိုနိုင်နင်းလို့ ဆေးဖြတ်နိုင်ရင်တောင် “ဆေးသမား” ဆိုတဲ့ဂုဏ်ပုဒ်က ကျန်နေခဲ့တာကြောင့် လူ့အသိုင်းအဝိုင်းထဲ  ပြန်လည်ဝင်ဆံ့ဖို့ခက်ပါတယ်။

“အာရောဂျံ ပရမံလာဘံ” ကျန်းမာရေး ဟာလာဘ်ကြီးတစ်ပါးလို့ ပြောကြပါတယ်။ ကျန်းမာရင် ဘယ်သွားသွား ဘာလုပ်လုပ် အဆင်ပြေပါတယ်။ လူငယ်တွေ ကျန်းမာရေးကောင်းမွန်အောင် ဂရုစိုက်နေထိုင်မယ်ဆိုရင် စိတ်သွားတိုင်းကိုယ်ပါပြီး လိုရာဆန္ဒတွေနဲ့ ပြည့်စုံမှာပါပဲ။ ကျန်းမာရေးထိခိုက်စေတဲ့ ညအိပ်ချိန်မမှန်တာ၊ အစားမမှန်တာတွေ မဖြစ်သင့်ပါဘူး။ ကိုယ်လက်လှုပ်ရှား အားကစားကို လည်း ဝါသနာပါရာရွေးချယ်ပြီး လုပ်သင့်ပါတယ်။ ဒီခေတ်လူငယ်တွေ တယ်လီဖုန်းအသုံးများတဲ့အတွက် အမြင်အာရုံ ထိခိုက်တာကလည်း ကျန်းမာရေး ပြဿနာတစ်ခုပါပဲ။

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်အောင် အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားရပါမယ်။ ကိုယ်လက်လှုပ်ရှားမှုကိုလည်း ပုံမှန်လုပ်သင့်ပါတယ်။ မခက်ခဲဘဲ လူတိုင်းလုပ်နိုင်တဲ့ အသက်ရှူလေ့ကျင့်ခန်းကိုလည်း မေ့ထားလို့မရပါဘူး။ အသက်ရှူ လေ့ကျင့်ခန်းဟာ ရုပ်ပိုင်းအတွက်ကောင်းမွန်သလို စိတ်ဖိစီးမှုတွေ၊ သောကတွေ၊ ဒေါသတွေကိုလည်း သက်သာစေတာကြောင့် စိတ်ပိုင်းဆိုင်ရာအတွက်လည်း အထူးသင့်တော်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်နေဖို့ကိုလည်း အထူးဂရုစိုက်ရပါမယ်။ ကိုယ်မတတ်နိုင်တဲ့ ပစ္စည်းတွေကို လိုချင်တာ၊ အကောင်းမြင်စိတ် မရှိတာတွေကလည်း စိတ်ကျန်းမာရေးထိခိုက်စေပါတယ်။ တခြားသူတွေကို တန်ဖိုးထားသလို ကိုယ့်ကိုယ်ကိုယ် လည်း တန်ဖိုးထားရပါမယ်။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်မှ ကိုယ်ကျင့်သိက္ခာထိန်းသိမ်းဖို့ သတိရှိပါမယ်။ မလုပ်သင့်တာကို မလုပ်ဖြစ်အောင် ထိန်းချုပ်နိုင်တာကလည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလို့ပါပဲ။

အကောင်းမြင်စိတ်ရှိသူကို  လူတွေချစ်ခင်ကြပြီး သူတို့ဟာ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေ ဖြစ်ကြပါတယ်။  ပေါင်းသင်း ဆက်ဆံရေးကောင်းတဲ့သူဟာ အများကိုလည်းစိတ်ချမ်းသာစေပြီး ကိုယ်တိုင်လည်း စိတ်ကြည်လင်တော့ လုပ်ကိုင်သမျှအောင်မြင်တဲ့ ဆုကိုရနိုင်ပါတယ်။ လူငယ်များအနေဖြင့် နေ့စဉ်နဲ့အမျှ အတတ်ပညာ၊ အသိပညာတွေကိုသင်ကြားနေတာဟာ လူငယ်တစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေတာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်လာအောင် လေ့ကျင့်ကြိုးစားနေတာ ကလည်း နိုင်ငံတော်ကို ကျေးဇူးပြုနေခြင်းပဲဖြစ်ပါတယ်။  အတွေးမှန်၊ အမြင်မှန်၊ အသိတွေမှန်ပြီး မိမိရဲ့အနာဂတ်အောင်မြင်ရေးဟာ နိုင်ငံတော်အတွက်လည်း အထောက်အကူပြု ရမယ်ဆိုတဲ့စိတ်ထားတွေနဲ့ ကြိုးစားအားထုတ်ကြစေချင်ပါကြောင်း မေတ္တာရှေ့ ထားပြီး တိုက်တွန်းလိုက်ပါရစေ။   ။

သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)