အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ ဧပြီ ၂၁ ရက်)
ကောင်းသောအကျိုးစီးပွားတိုးပွားရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်သစ်ကူးအခါသမယ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက် မင်္ဂလာစကားတွင် “မည်သည့်ကိစ္စမဆို လူသာလျှင်အရေးကြီးဆုံးဖြစ်ပါတယ်။ လူသာလျှင်ပဓာနဖြစ်ပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ ကိစ္စရပ်တွေအားလုံးမှာ လူပါဝင်ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ လူရဲ့ဦးဆောင်မှု၊ လူရဲ့လိုက်နာဆောင်ရွက်မှု၊ လူရဲ့ပြုပြင် ဖန်တီးမှု တို့ဟာ အဓိကကျပါတယ်။ ကျွန်တော်တို့ အားလုံးကျရာကဏ္ဍကနေ မိမိတို့ရဲ့အလုပ်ကို စိတ်ပါလက်ပါ ချစ်မြတ်နိုးစွာ ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့ရည်မှန်းထားတဲ့ နိုင်ငံရဲ့အောင်မြင်မှုဟာ မလွဲမသွေရရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့်ယခုလို ကျက်သရေမင်္ဂလာရှိတဲ့ ၁၃၈၅ ခုနှစ်၊ နှစ်သစ်ဦးအချိန်ကာလအခါသမယမှာ နှစ်ဟောင်းရဲ့ အားနည်းချက်ကိုပြုပြင်၊ အားသာချက် တွေကိုမြှင့်တင်ပြီး နိုင်ငံ့အကျိုးအတွက် ပေးဆပ်သယ်ပိုးဆောင်ရွက်သွားကြပါလို့ တိုက်တွန်းလိုပါတယ်” ဟူ၍ ထည့်သွင်း ပြောကြား ခဲ့သည်။
ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် တိုင်းပြည်ငြိမ်းချမ်းမှုရှိရေးသည် မဖြစ်မနေလိုအပ်ချက်ဖြစ်သည်။ အကြမ်းဖက်မှု ဖြစ်စဉ်များ ရှိနေသည့်တိုင်းပြည်မှာ တိုးတက်မှုနှောင့်နှေးနေမည်သာဖြစ်သည်။ တိုင်းပြည်နှင့်လူမျိုးကောင်းကျိုးကိုကြည့်ပြီး သမာသမတ်ရှိစွာ၊ ရိုးသားမှုရှိစွာ ညှိနှိုင်းဆောင်ရွက်ကြိုးပမ်းအားထုတ်မှသာ “ရှေ့သို့ချီမည်ပန်းတိုင်ဆီ” "Keep Moving Forward to Achieve Our Goal" ဆိုသည့်အတိုင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟာ မလွဲမသွေဖြစ်ပေါ်လာမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ဦးဆောင်မှုဖြင့် ပြီးခဲ့သည့်တစ်နှစ်တာကာလအတွင်း နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူတို့၏ စုစည်းအားဖြင့် ကိုဗစ်-၁၉ ရောဂါကို အောင်မြင်စွာဖြေရှင်းနိုင်ခဲ့ပြီး အနာဂတ်ကာလတွင် နိုင်ငံသားတိုင်း ကျန်းမာရေးအရ ဘေးကင်းလုံခြုံကောင်းမွန်သည့် ပတ်ဝန်းကျင်ဖြစ်စေရေးနှင့် ကျန်းမာရေးညီညွတ်သည့် အလေ့အထကောင်းများ ဖန်တီးပေးနိုင်ရေး ရည်မှန်းချက်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံသားအားလုံး ကျန်းမာပြီး အသက်ရှည်ရပ်တည်နိုင်ရေး အတွက် စားရေရိက္ခာသည် အရေးကြီးလှသည်။ မြန်မာနိုင်ငံပြည်သူများ စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံသားများ၏ အဓိက အသက်မွေးမြူရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ချမှတ်ကာ အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးအကျပ်အတည်းများရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်မှစတင်ကာ စီးပွားရေးများ ပြန်လည်ဖွံ့ဖြိုး တိုးတက်လာပြီဖြစ်သည်။ ပြည်တွင်းအားများ စုစည်းမှုကောင်းလာသောကြောင့် ကုန်ထုတ်လုပ်မှုများ ကောင်းမွန် လာသည်။ နယ်စပ်ကုန်သွယ်မှုကို အတိုင်းအတာတစ်ခုအထိ ဖွင့်လှစ်လာနိုင်သည်။ စီးပွားရေးမြှင့်တင်မှု ဆောင်ရွက်ရာတွင် ခိုင်မာသော စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်း များကို အားပေးခြင်းကြောင့် နိုင်ငံ့စီးပွားမြင့်မား တိုးတက်လာခြင်း ဖြစ်သည်။ နိုင်ငံ၏ စီးပွားရေးမှာ ယခင်ကအနုတ်လက္ခဏာမှ ယခုအခါ အပေါင်း ၃ ရာခိုင်နှုန်းနီးပါး တိုးတက်လာပြီဖြစ်သည်။
မိသားစုတစ်စု တိုးတက်ကြီးပွားရေးမှာ မိသားစုစိတ်ဓာတ်ဖြစ်သကဲ့သို့ ပြည်ထောင်စုတစ်စု၏ တိုးတက်ကြီးပွားရေးမှာ ပြည်ထောင်စု စိတ်ဓာတ်ဖြစ်သည်။ ထိုစိတ်ဓာတ်များသည် မိသားစုအတွက် အသက်တမျှအရေးပါသကဲ့သို့ ပြည်ထောင်စုကြီးအတွက်လည်း အသက်ပင်ဖြစ်သည်။ နိုင်ငံသားအားလုံးက မိမိတို့မှီခိုရှင်သန်ရာ ပြည်ထောင်စု၏ အရိပ်အာဝါသကို အသက်သဖွယ် မြတ်နိုးတန်ဖိုး ထားပြီး စုပေါင်းဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံတော်၏ တိုးတက်မှုအရှိန်အဟုန်ကောင်းများမှာ ဆက်လက်တိုးတက်နေမည် ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကိုငြိမ်းချမ်း သာယာဖွံ့ဖြိုးတိုးတက်သော ခေတ်မီနိုင်ငံအဖြစ် ရောက်ရှိအောင် ဦးဆောင်ကြိုးပမ်းလျက်ရှိသည်။ ထိုသို့ကြိုးပမ်းလျက်ရှိရာတွင် ပြည်သူ တစ်ရပ်လုံးက မိမိတို့ကျရာကဏ္ဍမှ အားတက်သရော ပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၁၂)ရပ် ပြည့်ဝအောင်မြင်ရန်အတွက် ပြည်သူအားလုံးက အားသွန်ခွန်စိုက်ကြိုးပမ်းကြရန် ဖြစ်သည်။ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက် များအောင်မြင်ရန်မှာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် အဓိကကျသည်။ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ဆောင်ရွက် လျက်ရှိရာတွင် ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့်အတိုင်း ပြည်သူလူထု၏ အင်အားများ၊ ပူးပေါင်းပါဝင်မှုများ လိုအပ်သည်။
ပြည်သူလူထုတစ်ရပ်လုံးက အကြမ်းဖက်အဖျက်သမားတို့ကို ရွံရှာမုန်းတီးနေပြီဖြစ်သည့်အတွက် ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုဖြင့် အကြမ်းဖက်အဖျက်သမားတို့ကို ဖမ်းဆီးရမိနေသည်မှာလည်း နိုင်ငံ့အတွက် ကောင်းကျိုးစီးပွားဖြစ်ထွန်းရေးကို ဦးတည်ခြင်း ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ၏ မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက် မင်္ဂလာစကားတွင်ပါရှိသည့်အတိုင်း ပြည်သူတစ်ရပ်လုံးက ကျရာ ကဏ္ဍကနေ အလုပ်ကိုစိတ်ပါ လက်ပါချစ်မြတ်နိုးစွာ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံ၏ကောင်းကျိုးစီးပွားများ တိုးတက်များပြား လာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။