ယနေ့လူငယ်နှင့် မူးယစ်ဆေးဝါး
အသက်အရွယ်ကန့်သတ်ချက်တို့ ကွဲပြားနေကြငြားအနာဂတ်ခြေလှမ်းတို့ကို ပိုင်ဆိုင်နေသူသည် လူငယ်ပင်ဖြစ်သည်။ လူငယ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ကမူ အသက်၁၅ နှစ်မှ ၃၅ နှစ်အထိကို လူငယ်ဟုဆိုသည်။ ပျိုမျစ်နုနယ်သောအရွယ်ရှိသူသည် လူငယ်ပ င်ဖြစ်သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စုအကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၄၆ဒသမ ၅ ရာခိုင်နှုန်းသည် ကလေးသူငယ်များဖြစ်ကြ၍ ယင်းလူငယ်ထုသည် ယနေ့လူငယ်ကဏ္ဍတွင်နိုင်ငံအတွက် အရေးပါသည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်နေသည်။ လျစ်လျူရှု၍မရနိုင်သော ထိုစွမ်းအားစုကြီး၏ ဝန်းကျင်တွင် မူးယစ်ဆေးဝါး ပြဿနာသည် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေသည်။ စိန်ခေါ်မှုကို လူငယ်တို့ ရင်ဆိုင်ဖြေရှင်းနိုင်ရေးသည် အရေးကြီးသည်။
မူးယစ်ဆေးဝါး(Narcotic drug)ဆိုသည်မှာသုံးစွဲမိသောသူအတွက် စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုများကို ဖြစ်ပေါ်စေပြီး အရှည်သဖြင့် စွဲလမ်းခြင်း၊ စိတ်အာရုံထွေပြားခြင်း၊ စိတ်ကျန်းမာရေးကို ထိခိုက်စေခြင်းစသော ဂုဏ်သတ္တိရှိသည့် အရည်သော်လည်းကောင်း၊ အမှုန့်သော်လည်းကောင်း၊ အစိုင်အခဲ(ဆေးပြား)သော်လည်းကောင်း ဆိုလိုပါသည်။ ကမ္ဘာ့နိုင်ငံတိုင်းတွင်မူးယစ်ဆေးဝါးများကို ဆေးပညာရပ်နှင့် ကျန်းမာရေးအခြေအနေများအရ အသုံးပြုရန်မှအပ ကျန်အခြေအနေများတွင် အသုံးပြုခြင်းအား တားမြစ်ထား သည်။
ဆေးလိပ်ကို စတင်စမ်းသပ်သောက်သုံးခြင်းသည် မူးယစ်ဆေးဝါးသုံးစွဲလာနိုင်ခြင်း၏ ခြေလှမ်းအစပင်ဖြစ်သည်။ နီကိုတင်း၏ စွဲလမ်းစေသော အာနိသင်၏ အောက်ဝယ်ခြေတစ်လှမ်း ကျွံလိုက်ခြင်းဖြင့် ပြဿနာတစ်ခု၏ ရင်းမြစ်ကို စိုက်ထူလိုက်ခြင်းပင် ဖြစ်သည်။ ဦးနှောက်နှင့်သွေးတို့အကြား အဆီးအတား (Blood brain barrier)ကို ကျော်ဖြတ်၍ ဦးနှောက်၏ ဓာတုပစ္စည်း အခြေအနေကို ခေတ္တပြောင်းလဲစေကာ စိတ်ဓာတ်ရေးရာ တက်ကြွစေသည့် အရာဝတ္ထုများအပေါ်တွင် ရုပ်ပိုင်းဆိုင်ရာ စွဲလမ်းခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ စွဲလမ်းခြင်းမျိုးပင် ဖြစ်တော့သည်။ သာယာမှုနှင့် ပျော်ရွှင်မှုတို့ကို ကနဦးက ရှာဖွေခဲ့သော်လည်း အချိန်ကာလ တစ်ခုကြာလာသောအခါ ပုံမှန်အခြေအနေဟု ခံစားနိုင်ရန်အတွက် အရာဝတ္ထု သို့မဟုတ် ပြုမူလှုပ်ရှားမှုနှင့် ပါဝင်ပတ်သက်ခြင်းမှာ လိုအပ်လာပါသည်။ ယင်းလိုအပ်ချက်သည် စိတ်ပျက်ဖွယ်ရာတို့ကို သယ်ဆောင်လာသည်။ ယင်းကြောင့်ပင် ကမ္ဘာ့လူဦးရေ၏ သန်းသုံးရာနီးပါးသည် တစ်နှစ်အတွင်း မူးယစ်ဆေးဝါးကို အနည်းဆုံးတစ်ကြိမ်သုံးစွဲသူများ ဖြစ်လာရတော့သည်။ နှစ်စဉ် လူခြောက် သန်းခန့်သည် နီကိုတင်းဓာတ်၏ ခြေထောက်အောက် ပြားပြားမှောက်ကာ အသက်စွန့်နေကြသည်။
မြန်မာနိုင်ငံသည် ဘိန်းမှ စတင်အခြေခံသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာသည်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ အောင်မြင်သင့်သလောက် အောင်မြင်သည်ဟုပြောနိုင်သည်။ နိုင်ငံ၏ ပထဝီအနေအထား အရ ဝေးလံခေါင်ဖျားပြီး ဖွံ့ဖြိုးမှုနောက်ကျသည့် ဒေသများတွင် ဘိန်းစိုက်ပျိုးမှုပြဿနာ၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးဝါး ထုတ်လုပ်မှု ပြဿနာ၊ သုံးစွဲမှုပြဿနာတို့ကိုလည်း ဖြေရှင်းနေရဆဲဖြစ်သည်။ ၂၀၁၈ ခုနှစ်က ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ်အရ မူးယစ်ဆေးစွဲသူကို ကျန်းမာရေးပြဿနာအဖြစ် ရှုမြင်သော်လည်း မူးယစ်ဆေးသုံးရန် အားပေးထားခြင်း မဟုတ်ကြောင်း ဆေးသုံးသူက သိထားသင့်သည်။ ကျန်းမာရေးပြဿနာကို ကျန်းမာရေးနည်းလမ်းဖြင့် မဖြေရှင်းသော ဆေးသုံးသူ သည် ဆေးကုသမှု ခံယူရန်ပျက်ကွက်ပါက ခံဝန်ချုပ်ဆိုစေသည့် အမိန့်ချမှတ်ခံရနိုင်သည်။
ကမ္ဘာပေါ်တွင် လူမှုပတ်ဝန်းကျင်ကို စိန်ခေါ်နေသည်မှာ မူးယစ်ဆေးဝါးပင်ဖြစ်သည်။ မူးယစ်ဆေးဝါးသည် နယ်စည်းမခြား ဖြေရှင်း ရမည့် ပြဿနာဖြစ်သည်။ ဖြေရှင်းနေလျက်ကပင် မူးယစ်ဆေးဝါးကို စွဲလမ်းနေလျက်ရှိသည်မှာ ဝမ်းနည်းဖွယ်ပင် ဖြစ်သည်။ မူးယစ်ဆေးဝါးသည် သုံးစွဲသူ၏ ကျန်းမာရေးနှင့် ပြည်သူလူထုအေးချမ်းစွာ နေထိုင်ရေးကို ခြိမ်းခြောက်လျက်ရှိသည်။ လူ့အဖွဲ့အစည်း ၏ စီးပွားရေး၊ လူမှုရေး၊နိုင်ငံရေးအခြေအနေများကိုလည်း ပွတ်တိုက်လျက်ရှိသည်။ မူးယစ်ဆေးဝါးပြဿနာ၏ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းကြရာ၌ နိုင်ငံများ၊ အစိုးရများသည် ၎င်းတို့၏အရင်းအမြစ်များကို အခြေပြုပြီး အမျိုးမျိုးအဖုံဖုံ ကြိုးပမ်းဆောင်ရွက် နေကြကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံသည်လည်း မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေးတာဝန်အဖြစ် ကြိုးပမ်းဆောင်ရွက်နေလေသည်။ ၁၉၇၄ ခုနှစ်မှ စတင်ကာ မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ပြီး မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ကြသည်။ ထိုဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့” ကို ၁၉၇၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေကို ထပ်မံပြဋ္ဌာန်းခဲ့သည်။ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့်လည်း နည်းလမ်းအမျိုးမျိုး၊ ကဏ္ဍအဖုံဖုံဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မူးယစ်ဆေးဝါး အထူးသတင်းပေးဌာနကိုလည်း ၂၀၁၈ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် စတင်ဖွဲ့စည်းထားခဲ့သည်။ ပြည်သူတို့ထံမှ တိုင်ကြားလာသည့် တိုင်ကြားစာများကိုလည်း စိစစ်ကာ သတင်းထုတ်ပြန်ပေးနေသည်မှာ ကျေနပ်ဖွယ်ဖြစ်သည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့သည် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့ရာ ဖမ်းဆီးရမိမှုများ နှစ်စဉ်တိုးမြင့်လာသည်ကို တွေ့ရသည်။ အထူးစစ်ဆင်ရေးများကိုလည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ၃၇ ကြိမ် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရသည်။ တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့က အရှိန်အဟုန်မြှင့် ဆောင်ရွက် ခဲ့ကြရာ အောင်မြင်မှုများရခဲ့သည်ဟု သုံးသပ်နိုင်သည်။ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၆၂၇၆ မှုရှိပြီး ဘိန်း ၁ ဒသမ ၁ တန်ကျော်၊ ဘိန်းဖြူ ၁ ဒသမ ၃၂ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၄ ဒသမ ၈၇ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၁ ဒသမ ၇၅ တန်ကျော်၊ ကတ်တမင်း ၂ ဒသမ ၀၄ တန်ကျော် အပါအဝင် အခြားမူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း အပါအဝင် ဆက်စပ်ပစ္စည်း စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၁၀၆၉ ဒသမ ၉၄ ဘီလီယံကျော် ဖမ်းဆီး ရရှိခဲ့သည်။
၂၀၂၁ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်၍ ငွေကြေးစုံစမ်းရေးအဖွဲ့သို့ အမှုပေါင်း ၂၉ မှုနှင့် ၂၀၂၂ ခုနှစ်တွင် အမှုပေါင်း ၂၆ မှု လွှဲပြောင်းပေးခဲ့သည်ကို ကြည့်ခြင်းဖြင့် မူးယစ်ဆေးဝါးပြဿနာ၏ နောက်ဆက်တွဲ ဂယက်သည် စိုးရိမ်ဖွယ်ကောင်းလှသည်။
ယနေ့ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၉၀ ကျော်ရှိသည့်အနက် ၁၉၀ ခန့်သည် မူးယစ်ဆေးဝါးပြဿနာနှင့် ရင်ဆိုင်နေရသည်။ ၂၀၂၂ ခုနှစ် UNODC မှ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာအရ အရှေ့နှင့် အရှေ့တောင်အာရှဒေသတွင် မက်သ်အဖက်တမင်း သည် အဓိကပြဿနာအဖြစ် တည်ရှိနေသည်ကို ဖော်ပြထားသည်။ ယခုအခါ ထိန်းချုပ် ဓာတုပစ္စည်းများသည် ရှေ့တန်းရောက် ရှိလာသဖြင့် ဓာတုပစ္စည်း ထိန်းချုပ်ရေး ကဏ္ဍသည်လည်း အရေးကြီးလာပြီ ဖြစ်သည်။ တရားဝင်ခွင့်ပြုချက်နှင့် တင်သွင်းလာသည့် ဓာတုပစ္စည်းများ လမ်းလွဲမရောက်ရှိရေးသည် သက်ဆိုင်ရာဌာနများ၊ မူးယစ်ဆေးဝါးကို ဆန့်ကျင်သူများ၊ ပြည်သူများ၏ အထူး ကြပ်မတ် ဆောင်ရွက်မှုဖြင့်သာ လမ်းမှန်ပေါ်သို့တင်ပေးနိုင်မည်ဟု ယုံကြည်မိသည်။
၁၉၈၇ ခုနှစ်က ကျင်းပခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံကြီးက နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့ကို ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက် ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်းနှစ်စဉ် ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် ကျင်းပခဲ့ကြပြီး မူးယစ်ဆေးဝါးဆန့်ကျင်မှုများကို ဖော်ပြဆောင်ရွက်နေလျက်ရှိ သည်။
မြန်မာနိုင်ငံသည် ၁၉၇၂ ခုနှစ်ကတည်းက မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း လမ်းညွှန်ချက်များကို ချမှတ်ဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံတကာ၌လည်း ၁၉၈၁ ခုနှစ်တွင် နိုင်ငံတကာ မူးယစ်ဆေးဝါးအလွဲသုံးမှု ထိန်းချုပ်ရေး မဟာဗျူဟာကို ချမှတ်ခဲ့ကြသည်။
၁၉၈၉ ခုနှစ်တွင် နိုင်ငံတကာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုဆိုင်ရာ နိုင်ငံတကာ ညီလာခံကိုကျင်းပ၍ ကမ္ဘာ့နိုင်ငံများ ပူးပေါင်းပါဝင်သော မူးယစ်ဆေးဝါးဆိုင်ရာအန္တရာယ် တားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်များကို ကမ္ဘာလုံးဆိုင်ရာအဖြစ် သတ်မှတ်ခဲ့ကြသည်။
ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသော်လည်း မူးယစ်ဆေးဝါးပြဿနာသည် တားဆီးနှိမ်နင်းရေးကဏ္ဍတစ်ခုတည်း အောင်မြင် ရုံမျှဖြင့် မူးယစ်ဆေးဝါး ပပျောက်သွားမည်ဟု ယူဆ၍မရပါချေ၊ ထို့ကြောင့်ပင် မြန်မာနိုင်ငံရှိ မူးယစ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့အောက်ရှိ လုပ်ငန်းအဖွဲ့ ၁၁ ဖွဲ့လုံးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့များက သက်ဆိုင်ရာကဏ္ဍအလိုက် ဟန်ချက်ညီညီ အလေးထား ပူးပေါင်းဆောင်ရွက်မှသာလျှင် မြန်မာမြေသည် မူးယစ်ကင်းစင်မြေအဖြစ် အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံး ရင်ဆိုင်နေရသည့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရန် ရေးဆွဲထုတ်ပြန်ထားပြီးဖြစ်သည့် မူဝါဒသစ်နှင့် အညီ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် တက်ကြွစွာပါဝင်ပေးကြရန် သက်ဆိုင်သူအားလုံးကို တိုက်တွန်းလိုပါသည်။ ထို့ပြင် သက်ဆိုင်ရာ မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့များအနေဖြင့်လည်း ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် အောင်မြင်မှုများနည်းတူ ၂၀၂၃ ခုနှစ်၌လည်း ထပ်တူရရှိလိမ့်မည်ဟု မျှော်လင့်မိသည်။
မူးယစ်ဆေးဝါး ဖမ်းဆီးမှုများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်သူများကို ရာထူးတိုးမြှင့်ပေးခြင်း၊ အမှုထမ်းကောင်းလက်မှတ်နှင့် ဆုကြေးငွေချီးမြှင့်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သကဲ့သို့ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ မသမာမှုပြုလုပ်ခြင်းများကိုလည်း အရေးယူ ဆောင်ရွက်ချက်များသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ပိုမိုထိရောက်လေးနက်စေသော နည်းလမ်းကောင်းဟု ပြောနိုင်သည်။
မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာနာဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း နှစ်ပေါင်းများစွာ စွဲကပ်နေသည့် အနာရောဂါကို စိတ်ပျက်စွာ ခံစားနေရသည်မှာ ပင်ပန်းလှသည်။ ထို့ကြောင့်ပင် အမျိုးသားရေးပြဿနာအဖြစ် ရှုမြင်ကာ ကာကွယ်တားဆီး ဖော်ထုတ်အရေးယူ ပြန်လည်ထူထောင်မှု လုပ်ငန်းများကို အကုန်အကျများစွာ၊ အချိန်ကုန် ဆင်းရဲပင်ပန်းခံကာ ဘက်ပေါင်းစုံမှ ချဉ်းကပ်ကာ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။
ကုလသမဂ္ဂ၏ ထောင်စုနှစ်သစ်အတွက် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးပန်းတိုင်(Sustainable Development Goal – SDGs) ၁၇ ရပ်အနက် ပန်းတိုင် ၃ တွင် လူတိုင်းစေ့ ကျန်းမာရေးနှင့်သာယာဝပြောရေး (Goal 3 – Ensure Healthy Lives and Prmote Well-being for at all Ages)ကို ဖော်ပြထားပြီးဖြစ်သည်။ လူတိုင်းကျန်းမာလာစေရေးအတွက် လူတိုင်း မူးယစ်ဆေးဝါးနှင့် ဝေးကွာဖို့ လိုပါလိမ့်မည်။ မူးယစ်ကင်းစင်သော ကမ္ဘာမြေကို ကမ္ဘာသူကမ္ဘာသားတို့၏ စွမ်းပကားဖြင့် တည်ဆောက်ကြရန် တိုက်တွန်း လိုပါသည်။ လူဖန်တီးသော အရင်းအမြစ် (Man- Made Resources)ကသာလျှင် ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်သယ်ဆောင် ပေးနိုင်သည်ဖြစ်ရာ ပထဝီနိုင်ငံရေး (Geopolitices)နှင့် ပထဝီဘောဂဗေဒ (Geoeconomic)တို့အရ အချက်အချာ ကျသော နိုင်ငံဝယ် ပြည်သူတို့၏ စွမ်းရည်ဖြင့်သာ စိတ်ချသာယာသော အနာဂတ်ကမ္ဘာကို ဖွင့်လှစ်နိုင်မည်ဖြစ်ပေသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး မျှော်မှန်းနေသည့် နိုင်ငံတွင် မူးယစ်ကင်းစင်ရန် လိုအပ်ပါသည်။ မူးယစ် ကင်းစင်ရေး လုပ်ငန်းစဉ်များတွင် ပြည်သူတို့အနေနှင့် ကိုယ်စိတ်နှစ်ပါး ကျန်းမာကြံ့ခိုင်စွာ ပါဝင်စေလိုသည်။ မိဘ ဆရာတို့ကလည်း လူငယ်တို့၏ ရှေ့ခရီးလမ်းတွင် မူးယစ်ဆေးဝါးနှင့် ဝေးကွာနေစေရေးကို မျှော်မှန်းပြုစု ပျိုးထောင်ပေးနေကြလေပြီ။ မူးယစ်ဆေးဝါး အန္တရာယ်သည် မြန်မာ့မြေပေါ်မှ ကင်းစင်ပပျောက်ရေးကို အမျိုးသားရေးအသိဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုက် ရပါတော့သည်။ ။
ကိုဇော်ဌေး(ယဉ်ကျေးမှု)