အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ ဧပြီ ၂၂ ရက်)
ဘက်စုံပညာရေးကဏ္ဍမြင့်မားရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ရည်မှန်းချက်ထား တည်ဆောက်ပေးလျက်ရှိရာတွင် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့်လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေး ကဏ္ဍမြှင့်တင်ရေးဟူသော ဦးတည်ချက်ဖြင့် လူငယ်မောင်မယ်တို့၏ ပညာရည်မြင့်မားရေးကို ကြိုးပမ်းလျက်ရှိ သည်။ မြန်မာတို့၏ ဆိုရိုးစကားတွင် အစကောင်းမှ အနှောင်းသေချာဆိုသည့်အတိုင်း နောင်တစ်နေ့တွင် လူကြီးဖြစ်လာကြမည့် လူငယ်တို့၏ဘဝအစကို ကောင်းအောင် ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ လူငယ်မောင်မယ်တိုင်း ပညာပြည့်ဝနှလုံးလှနေမှသာ နိုင်ငံတော်၏ အနာဂတ်သည် တည်ငြိမ်လှပနေမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေရေးနှင့် ကျောင်းပညာကို ဆုံးခန်းတိုင်သင်ယူနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးထားပါသည်။
ကျောင်းသား၊ ကျောင်းသူတိုင်း အနိမ့်ဆုံးအဆင့် KG+9 အထိတတ်မြောက်ထားရမည်ဖြစ်ပြီး ထို KG+9 အောင်မြင်ပြီးမြောက်ပါက အခြားသောပညာရေး နယ်ပယ်အသီးသီးသို့ ဆက်လက်လျှောက်လှမ်းရန် ဖြစ်သည်။ အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဆက်လက် သင်ကြားနိုင်ရန် စီမံပေးထားသည်မှာ ယနေ့လူငယ်မောင်မယ်ကျောင်းသား၊ ကျောင်းသူများအတွက် ဝမ်းမြောက်ဖွယ် ဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆရာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် နေ့စဉ်ထုတ် သတင်းစာများတွင်လည်းကောင်း၊ ရုပ်မြင်သံကြား သတင်းမီဒီယာများတွင်လည်းကောင်း အလယ်တန်းအဆင့်(Grade -9) ပြီးမြောက် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများကို ဖော်ပြပေးလျက်ရှိသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအားလုံးအလယ်တန်းအဆင့် (Grade -9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကိုသင်ယူလေ့ကျင့်ခွင့်ရရှိနိုင်ရေးအတွက် ခရိုင် ၅၀ ၏ မြို့နယ်များရှိ အခြေခံပညာ အထက်တန်းကျောင်း ၅၁ ကျောင်းတွင်တွဲဖက်ဖွင့်လှစ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
လာမည့်ပညာသင်နှစ်ဖြစ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် အဆိုပါအခြေခံပညာ အထက်တန်းကျောင်း များတွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများသည် အထက်တန်းအဆင့် သင်ယူနေစဉ်ကာလ၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်သည်။ အလယ်တန်းအဆင့် (Grade -9) ပြီးမြောက်အောင်မြင်ပါက စိတ်ပါဝင်စားသည့် မည်သူမဆိုတက်ရောက် သင်ယူနိုင်သည့် အခွင့်အရေးဖြစ်သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း ပညာဆက်လက်သင်ယူမည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများသိရှိနိုင်စေရန် (၁)အခြေခံပညာ အထက်တန်းအဆင့်၊ (၂) စက်မှုနည်းပညာ၊ (၃)စိုက်ပျိုးရေးအတတ်ပညာ၊ (၄)မွေးမြူရေးအတတ်ပညာ စသည့် ပညာရေးလမ်းသွယ်(၄)မျိုး ရွေးချယ်သင်ယူနိုင်မည့် အခွင့်အလမ်းကောင်းများ အကြောင်းကို ပြည့်စုံစွာဖော်ပြပေးထားသည်။
အဆိုပါ ပညာရေးလမ်းသွယ်(၄)မျိုးတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးတွဲဖက်သင်ကြားမည့် အခြေခံပညာ အထက်တန်း ကျောင်းများအား ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီ နယ်မြေ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဖွင့်လှစ်ရန် စီစဉ်ထားပြီး ဖြစ်သည်။
ပညာရေးလမ်းသွယ်(၄)မျိုးတွင် ကျောင်းသား၊ ကျောင်းသူတိုင်းအတွက် ကြိုးစားမှုရှိလျှင်ရှိသည့်အလျောက် ဆက်လက် တက်ရောက် သင်ကြားနိုင်မည့် အခွင့်အရေးများကိုလည်း သတ်မှတ်ထားပြီးဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦး အောင်မြင်တိုးတက်ရန်မှာ အသိပညာ၊ အတတ်ပညာကြွယ်ဝမှုပေါ်တွင် မူတည်သည်။ လူတိုင်းအတွက် ပညာတတ်မြောက်မှုမှာ မရှိမဖြစ်လိုအပ်သည့် အရာဖြစ်သည်။ လူတိုင်းအတွက် စားဝတ်နေရေးအဆင်ပြေစေရန်မှာ အလုပ်အကိုင် အခွင့်အလမ်းဖြစ်သည်။ ထိုအလုပ်အကိုင်အခွင့်အလမ်းကို ပညာဖြင့်သာ ရယူနိုင်မည်ဖြစ်သည်။ ပညာရေးလမ်းသွယ်(၄)မျိုးမှာ အလုပ်အကိုင်အခွင့်အလမ်းပေါများရေး၊ ကျွမ်းကျင်ပညာရှင်များ ပေါ်ထွန်းရေး၊ ဘက်စုံပညာရေး ကဏ္ဍမြင့်မားရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ခြင်းဖြစ်သည်။ အနှစ်ချုပ်ဆို ရသော် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးလမ်းသွယ်(၄)မျိုးအနက် မိမိတို့နှစ်သက်ဝါသနာပါရာ ပညာရပ်ကို ကြိုးစား သင်ယူခြင်းဖြင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပါဝင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။