နိုင်ငံတော်နှင့် တပ်မတော်၏ မေတ္တာလက်ဆောင် ပုံစံတူ မြောက်သိန်းနီဟော်နန်းဆောင်
ရှမ်းပြည်နယ်မြောက်ပိုင်းသိန်းနီမြို့မှာရှိတဲ့ မြောက်သိန်းနီဟော်နန်းဆောင်ရဲ့ ပုံစံတူ နန်းဆောင်ဖွင့်ပွဲအခမ်းအနားရဲ့ ဧည့်သည်တော် အဖြစ် ဖိတ်ကြားခြင်းခံရလို့ သိန်းနီမြို့သို့ ကျွန်မရောက်ခဲ့ရပါတယ်။
သိန်းနီမြို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော် လားရှိုးမြို့နဲ့ဆိုရင် မိုင် ၂၀ကျော် ကွာဝေးတဲ့မြို့ပါ။ ပြီးတော့ သိန်းနီမြို့ဆိုတာက ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ သမိုင်းထင်ရှားရှိတဲ့ မြို့ဖြစ်ပြီး ရှမ်းတိုင်းရင်းသားတွေ အများဆုံးနေထိုင်ကြတဲ့မြို့၊ ရှမ်းတိုင်းရင်းသား တွေရဲ့ သမိုင်းအမွေအနှစ်တွေရှိရာ မြို့လေးတစ်မြို့လည်းဖြစ်ပါတယ်။ သိန်းနီမြို့ဟာ ရှေးအစဉ်အဆက်ကတည်းက ရှမ်းစော်ဘွား ကြီးတွေ အုပ်ချုပ်နေထိုင်ခဲ့တဲ့မြို့လည်း ဖြစ်ခဲ့ပြန်တယ်လေ။
မြောက်သိန်းနီဟော်နန်းဆောင်ကြီးရှိရာ သိန်းနီမြို့အရှေ့ဘက် ကောင်းထိုလင်ရပ်ကွက် ကျွန်မရောက်တော့ ကြာကန်ကြီးရှေ့မှာ သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းရဲ့ ရုပ်တုကြီးနဲ့ ခံ့ညားထည်ဝါလှတဲ့ ဟော်နန်းဆောင်သစ်ကြီးကို ရင်သပ်ရှုမောစွာ မြင်တွေ့ လိုက်ရပါတယ်။ဟော်နန်းဆောင်ကြီးကို မြင်တွေ့လိုက်ရတဲ့ တစ်ခဏမှာ ကျွန်မမှင်တက်မိသွားပါတယ်။
ဒီလိုအဆောက်အဦကြီးနဲ့ ပုံစံတူတစ်ခုကို အရင်ကမြင်ဖူးခဲ့လေသလားရယ်လို့ တွေးမိလိုက်ပြီး မှတ်ဉာဏ်ထဲမှာ အပြေးအလွှား တွေးပြန်ရှာကြည့်မိလေရဲ့။ အဲ့ဒီလိုအပြေးအလွှားရှာမိရင်းက ခေါင်းထဲကို ငယ်ငယ်ကမှတ်ဉာဏ်စလေးတစ်စ ရုတ်ခြည်းဝင်လာတာ ပေါ့။ ကျွန်မငယ်ဘဝက ကျွန်မဖေဖေပေးခဲ့တဲ့ ပို့စကတ်လေးကို ပြန်မြင်ယောင်လာမိလာတယ်လေ။
ကျွန်မငယ်ငယ် ဆယ်ကျော်သက်အရွယ်က ကျွန်မရဲ့ဖေဖေ ခရီးတစ်ခုကအပြန်မှာ လက်ဆောင်ပေးခဲ့တဲ့ ပို့စကတ်ကလေးပါ။ အဲ့ဒီ ပို့စကတ်လေးထဲမှာပါတဲ့အဆောက်အဦကြီးက ကျွန်မမျက်စိရှေ့မှာမြင်တွေ့နေရတဲ့ မြောက်သိန်းနီစော်ဘွားဟော်နန်းနဲ့ ပုံစံတူနေ တာကို မှတ်မိလာတယ်လေ။
အဲ့ဒီတုန်းက ဖေဖေက ဘုရားဈေးတန်းကဝယ်လာတာလို့ပြောခဲ့တဲ့ ဖေဖေ့စကားသံကိုလည်း ပြန်ကြားမိလေရဲ့။ ကျွန်မကအဲ့တုန်းက ဖေဖေပေးခဲ့တဲ့လက်ဆောင်ကို အရမ်းမြတ်နိုးလို့ မကြာမကြာကိုင် ကြည့်မိတာတွေလည်း ပြန်သတိရမိလာပြန်ပါတယ်။
ထိုအချိန်တုန်းက အဲ့ဒီအဆောက်အဦ ကြီးက ဘယ်နေရာမှာများရှိလေမလဲလို့ အခါခါစိတ်ကူးကြည့်ရင်း တွေ့ခွင့်ရချင်မိခဲ့ပါတယ်။ အခုတော့ သိခွင့်တွေ့ခွင့်ရလိုက်ပါပြီ။ မြောက်သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းရဲ့ ဟော်နန်းဆောင်ကြီးပါ။ ပို့စကတ်လေးထဲမှာ ရွှေရောင်တောက်ပနေပြီး ခမ်းနားလှတဲ့အဆောက်အဦကြီးရယ်၊ အဆောက်အဦရှေ့မှာ ရောင်စုံကြာပန်းတွေပွင့်လန်းနေတဲ့ ကြာကန် ကြီးရယ် ကြာကန်ကြီးဘေးကလူသွားလမ်းလေးပေါ်မှာ ရှမ်းတိုင်းရင်းသား ဝတ်စုံဆင်တူဝတ်ထားတဲ့ ကောင်မလေးနဲ့ကောင်လေး ရွှေလက်တွဲလို့ ပြုံးပျော်နေတဲ့ပုံလေးတွေနဲ့ တကယ်ပဲခံ့ညားထည်ဝါလွန်းလှပါတယ်။
အဲ့ဒီလိုခံ့ညားထည်ဝါလှတဲ့ ပို့စကတ်လေးကို လက်ဆောင်အဖြစ်ပေးခဲ့တဲ့ ဖေဖေ့ကိုလွမ်းဆွတ်တမ်းတမိပြီး ကျေးဇူးလည်း အထူးတင်မိပါတယ်။
ကျွန်းသားတိုင်စစ်စစ် တိုင်ပေါင်း ၂၅၀ ပါတဲ့ သိန်းနီဟော်နန်းဆောင်ကြီး
မြောက်သိန်းနီစော်ဘွားဟော်နန်းဆောင်ကြီးကို သိန်းနီ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းက ခရစ်သက္ကရာဇ် ၁၉၁၀ ပြည့်နှစ် မြန်မာ သက္ကရာဇ် ၁၂၇၂ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပါတယ်။ ဟော်နန်းကြီးတွင် အဆောင်လေးဆောင်ပါပြီး ဟော်နန်းရဲ့တိုင်များမှာ ကျွန်းသားတိုင်စစ်စစ် တိုင်ပေါင်း ၂၅၀ ပါဝင်ပါသည်။ မြေပြင်အောက်ခြေမှ ထီးတော်အထိ ပေ ၅၀ အမြင့်ရှိတဲ့ခေါင်မိုးကို တော်ဝင်နန်းဆန်ဆန် မန္တလေးရွှေနန်းတော်ကြီးရဲ့ပုံစံအတိုင်းတည်ဆောက်ထားပြီး ကျွန်းတိုင်၂၅၀ နဲ့ ထီးတော်ကို ရွှေဆိုင်း ၁၀၀၀ ကျော်နဲ့ ရွှေချထားတယ်လို့ ဆိုပါတယ်။
နန်းတော်ရဲ့အကျယ်အဝန်းက ၁၉၅ ပေ _ ၁၃၄ ပေရှိပြီး အဆောက်အဦကြီးတစ်ခုတည်းတွင် တစ်ခုနှင့်တစ်ခုချိတ်ဆက် ဆက်သွယ် ထားသော အဆောက်အဦလေးများစွာပါဝင်တဲ့ ပုံစံမျိုးဖြစ်တယ်လို့သိရပါတယ်။
သိန်းနီဟော်နန်းကြီးကို ခရစ်သက္ကရာဇ် ၁၉၁၃ ခုနှစ် မြန်မာသက္ကရာဇ် ၁၂၇၅ ခုနှစ် နယုန်လဆန်း ၁၀ ရက်နေ့မှာသိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းက ရှမ်းဓလေ့ထုံးတမ်းများနှင့်အညီ အုပ်ချုပ်နေထိုင်ခဲ့ပါတယ်။
မြောက်သိန်းနီစော်ဘွားကြီးရဲ့ ဟော်နန်းဆောင်ကြီးထဲမှာ မြေပေါက်ပလ္လင်တစ်ခုရှိပြီး အရှေ့တောင်အရပ်မှာ ဘဏ္ဍာတိုက်နှင့် ကောင်စီအခန်းတွေရှိကာ ဘုရားဆောင်အတွင်းမှာတော့ ရှေးစော်ဘွားကြီး အဆက်ဆက်ကကိုးကွယ်ခဲ့တဲ့ မြတ်စွာဘုရားဆင်း တုတော်ကို ဘုရားခန်းထဲမှာပူဇော်ထားပါတယ်။ ဟော်နန်းကြီးရဲ့ အနောက်ဘက်ခြမ်းမှာတော့ မိဖုရားကြင်ယာတော် လေးပါး အတွက် ပေ ၂၀ အကျယ်ရှိ အဆောင်လေးခန်းပါရှိပါတယ်။ ဟော်နန်းကြီးရဲ့ အလယ်မှာတော့ ညီလာခံခန်းမကြီးရှိပြီး မြေပေါက် ပလ္လင်တော်ရဲ့ လေးဖက်လေးတန်ကို သံရာဇမတ်တွေနဲ့ကာရံထားပြီး စစ်ချီမောင်းကြီးလေးခုကို ချိတ်ဆွဲထားပါတယ်။ ရွှေထီးလေး လက် ထီးဖြူလေးလက်ကို ဖွင့်မိုးကာရံထားပြီး နန်းတော်အဆောင်အယောင်တွေ မင်းမြောက်တန်ဆာတွေထားရှိတယ်လို့လည်း မှတ်သားရပြန်ပါတယ်။
အဲ့လိုအပြင်အဆင်တွေနဲ့ ထားရှိတယ်လို့မှတ်သားရတော့ ကျွန်မရဲ့အတွေးထဲမှာ ခံ့ညားထည်ဝါလှပတဲ့ ဟော်နန်းဆောင်ကြီး အလယ်မှာ ခမ်းနားလှတဲ့ မင်းမြောက်တန်ဆာ အဆောင်အယောင်တွေနဲ့ သိန်းနီနယ်ကို အုပ်ချုပ်စီမံကွပ်ကဲနေသော ဘုန်းသမ္ဘာကံ ဉာဏ်နဲ့ပြည့်စုံတဲ့ သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းကို မျက်စိထဲမြင်ယောင်မိလိုက်ရပါတယ်။
ပလ္လင်တော်ရဲ့ဘေးဘယ်ညာမှာ စော်ဘွားကြီးရဲ့ ဆွေတော်မျိုးတော်တွေဝင်ထွက်ဖို့ အပေါက်ရှိပြီး မင်္ဂလာလှေကားကို အစောင့်တွေ အမြဲချကာ သော့ခတ်ထားတယ်လို့သိရပါတယ်။
သိန်းနီဟော်နန်းကြီးထဲမှာ စော်ဘွားကြီးရဲ့ ဝန်ကြီးတွေ၊ အမတ်ချုပ်ကြီးနဲ့ မြို့စားတွေ၊ အခွန်အရာရှိ၊ တရားရေးစာရေး၊ ဒဏ်ငွေ ကောက်ခံရသူစာရေး၊ ဘဏ္ဍာရေးအရာရှိ၊ ထောင်မှူး၊ ဟော်ထိန်းလူတစ်စု၊ အစောင့်မြင်းထိန်း၊ ဆင်ထိန်း အစရှိသည့် အစေအပါးများ အမြဲရှိပြီး အဆောင်တိုင်း ထမင်းချက်တွေ၊ အစေအပါးတွေထားရှိတယ်လို့ သိရှိရပြန်ပါတယ်။
ထူးခြားချက်တစ်ခုအနေဖြင့် မူလသိန်းနီဟော်နန်းကြီးကို တာဝန်ယူတည်ဆောက်သူမှာ မြန်မာပညာရှင်တစ်ဦးဖြစ်ကြောင်း၊ ထိုသူမှာ လားရှိုး-ကွမ်းလုံသွားကားလမ်းကို ဦးစီးတည်ဆောက်ခဲ့သူဟုသာ ဒေသခံများရဲ့ စကားအရ သိရှိရပြီး မည်သူမည်ဝါဟု အမည်နှင့် အတိအကျ သိရှိရခြင်းမရှိပေ။
သိန်းနီစော်ဘွားကြီးရဲ့ လက်အောက်ခံ နယ်ပယ်မြို့စား ငါးခုရှိပြီး လားရှိုး၊ နမ့်ခမ်း၊ မူဆယ်၊ ကိုးကန့်၊ နောင်မွန် ငါးမြို့နယ်ဖြစ်ပြီး သိန်းနီစော်ဘွားကြီး အုပ်ချုပ်မှုအောက်မှာရှိတဲ့ မြို့တွေမှာမြို့စား၊ နယ်စားတွေနဲ့ ဟိန်ဆိုတဲ့ သူကြီးတွေလည်း ထားရှိခဲ့တယ်လို့ ဆိုပါတယ်။
သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း အုပ်ချုပ်စဉ်ကာလမှာ ရှမ်းမြောက်တစ်ခွင် ဆန်ရေစပါး ပေါများကြွယ်ဝလှကာ သူခိုးသူဝှက်၊ လုယက်သူများ ကင်းရှင်းပြီး ဗုဒ္ဓဘာသာသာသနာ အရှိန်အဝါထွန်းလင်း တောက်ပစေခဲ့တယ်လို့လည်း သက်ကြီးစကားအရ ကြားခဲ့ရပါတယ်။
သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းက သိန်းနီနယ်တစ်ကြော အေးချမ်းသာယာအောင် ဆောင်ရွက်နိုင်စွမ်းရှိသည့် စစ်သူရဲကောင်း တစ်ဦးသာမက ဗုဒ္ဓဘာသာသာသနာတော် အရေးကိစ္စများကို ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်တယ်လို့လည်း မှတ်သားမိရပါတယ်။
သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းဟာ နှစ်ပေါင်း ၃၃ နှစ်ကြာအောင် ဟော်နန်းတော်ကြီးမှာ အုပ်ချုပ်နေထိုင်ခဲ့ပြီး ၁၉၁၆ ခုနှစ် သက္ကရာဇ် ၁၂၇၇ ခုနှစ် တန်ခူးလဆန်း၂ ရက်နေ့မှာ ကံတော်ကုန်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ဘေးဒဏ်သင့်လို့ မြောက်သိန်းနီဟော်နန်းဆောင်ကြီးမြေခပျက်စီးခဲ့ရ
၁၉၄၄ ခုနှစ် ဧပြီလ သက္ကရာဇ် ၁၃၀၆ ခုနှစ် ကဆုန်လမှာ အမေရိကန်စစ်လေယာဉ်တို့ဟာ သိန်းနီ၊ နမ္မတူချောင်းကူးတံတားကို မိုင်းခွဲဖျက်ဆီးပစ်လိုက်တယ်။ လေယာဉ်များဟာ ခပ်နိမ့်နိမ့် ပျံဝဲလျက် သိန်းနီမြို့ကိုဗုံးများကြဲချလိုက်၏။
သိန်းနီမြို့တစ်မြို့လုံး ဗုံးဒဏ်/စစ်သေနတ်သံ၊ မီးလောင်ကုန်ကြတဲ့အိမ်များရဲ့ မီးခိုးလုံးကြီးများ၊ ယမ်းခိုးလုံးကြီးများ ကောင်းကင်ယံ သို့ အလိပ်လိုက်ထိုးတက်နေကြပါတယ်။ မဟာမိတ်လေယာဉ်များလည်း နေ့ညမစဲ တသဲသဲရောက်လာကာ ဗုံးကြဲ၊ စက်သေနတ် များ ဖြင့်ပစ်သဖြင့် သိန်းနီမြို့သူမြို့သားတို့အသည်းတထိတ်ထိတ်ကြုံခဲ့ရသလို စစ်ဒဏ်ကိုလည်း အလူးအလဲခံခဲ့ကြရပါတယ်။
အမေရိကန်စစ်လေယာဉ်တို့ရဲ့ ဗုံးဒဏ်ကြောင့် သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းရဲ့ ဟော်နန်းတော်ကြီးဟာ မြေခပျက်စီးခဲ့ ရပါတော့တယ်။ ဗုံးကြဲလေယာဉ်ကို မောင်းနှင်သူမှာ အင်္ဂလိပ်စစ်တပ်မှ Tack Wynn ဖြစ်တယ်လို့ လေ့လာထားသူတွေက ဆိုပါတယ်။
ပြိုပျက်ရာမှကျန်ရစ်တဲ့ ဟော်နန်းအုတ်အပိုင်းအစတွေကို ယနေ့တိုင်တွေ့မြင်နေရဆဲပါ။ သိန်းနီမြို့သူမြို့သားတွေ၊ ရှမ်းတိုင်းရင်း သားတွေက ညောင်ပင်ကြီးတွေဝါးမျိုခံနေတဲ့ သိန်းနီဟော်နန်းအပိုင်းအစ အပြိုအပျက်တွေကို နောင်လာနောက်သားတို့ ကြည့်မြင် နိုင်စေဖို့ မဖျက်ဆီးဘဲ အရှိအတိုင်းထားခဲ့ကြတာပါ။ လွမ်းစရာ မြင်ကွင်းတစ်ခုပါပဲ။
ပုံစံတူခမ်းနားထည်ဝါလှသော ဟော်နန်းဆောင်ကြီးတစ်ခုကို ပြန်လည်တည်ဆောက်နိုင်ကြဖို့ ရှမ်းတိုင်းရင်းသားတွေအားလုံးရဲ့ အမြဲမက်ခဲ့တဲ့ အိပ်မက်တွေဖြစ်ခဲ့ရပါတယ်။
ရှမ်းတိုင်းရင်းသားတို့က ပုံစံတူသိန်းနီဟော်နန်းဆောင်သစ်ကြီးကို တည်ဆောက်ပေးရန် နိုင်ငံတော်အကြီးအကဲနှင့် တွေ့ဆုံ မေတ္တာရပ်ခံ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ်စက်တင်ဘာ ၁၉ ရက်နေ့တွင် လားရှိုးမြို့၌ ရှမ်းယဉ်ကျေးမှုအဖွဲ့မှ ဦးစိုင်းဝင်းခိုင်၊ ဦးမျိုးညွန့်(ခ) စိုင်းမျိုးတင့်၊ စိုင်းသန်းလှိုင်နှင့် စိုင်းမြင့်ထွန်းတို့ ၄ ဦးကို လက်ခံတွေ့ဆုံခဲ့သည်ဟုသိရပါတယ်။
ရှမ်းတိုင်းရင်းသားများက ဟော်နန်းဆောင်ကြီးနှင့်ပတ်သက်သည့် နောက်ခံသမိုင်းကြောင်း၊ သိန်းနီစော်ဘွား အဆက်ဆက် အကြောင်း၊ ရှမ်းတိုင်းရင်းသားတို့၏ တန်ဖိုးမဖြတ်နိုင်သောယဉ်ကျေးမှု အမွေအနှစ်များအကြောင်းနှင့် ဟော်နန်းကြီးကို မူလလက်ရာ အတိုင်း ပုံစံတူတည်ဆောက်လိုပါကြောင်း ပုံစံတူဟော်နန်းဆောင်ကြီး တည်ဆောက်ပြီးစီးပါက ရှေးဟောင်းရှမ်းယဉ်ကျေးမှု ပြတိုက်ကြီး အဖြစ် ထားရှိသွားမည့်အကြောင်း တင်ပြခဲ့တယ်လို့ သိရပါတယ်။
ပင်မအလှူရှင်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပုံစံတူ ဟော်နန်းဆောင်အသစ် ပြန်လည်တည်ဆောက်မည့် ကုန်ကျစရိတ်နှင့်နှိုင်းဆလျှင် တစ်မြေတည်းနေ တစ်ရေတည်းသောက် တိုင်းရင်းသားတို့ထံက ပြန်လည်ရရှိမည့် ခင်မင်ယုံကြည်မှု၊ အေးချမ်းသာယာမှု၊ လူမှုစီးပွားတိုးတက်စေရေးတို့မှာ မည်သည့် အရာနှင့်မှ လဲလှယ် တိုင်းတာ၍ရမည်မဟုတ်ကြောင်း၊ တိုင်းရင်းသားတို့အတွက် အထောက်အပံ့ကောင်းဖြစ်စေမည်ဟု ယုံကြည် ကြောင်း၊ တန်ဖိုးမဖြတ်နိုင်သည့် တန်ဖိုးတစ်ခုရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ၂၀၂၀ ပြည့်နှစ်ဒီဇင်ဘာ ၅ ရက်နေ့ အလှူငွေပေး အပ်ပွဲတွင် ပြောကြားခဲ့သည်ဟုသိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဦးဆောင်သူများမှလည်း အလှူငွေများ ပါဝင်လှူဒါန်းခဲ့ကြသည်ဟုသိရပြန်ပါတယ်။
တိုင်းရင်းသားတို့အတွက် နိုင်ငံတော်နှင့်တပ်မတော်၏ လက်ဆောင်မွန်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဆက်လက် ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ အစဉ်အဆက်က ရှမ်းစော်ဘွားကြီးများသည် နိုင်ငံတော်ကာကွယ်ရေးအတွက်ကျူးကျော်လာသူများကို မြန်မာဘုရင်တပ်မတော်နှင့်အတူလက်တွဲ၍ နှိမ်နင်းခဲ့သည့် သာဓကများစွာရှိတာဖြစ်ကြောင်း၊လက်ရှိအချိန်တွင် မိမိတို့အနေဖြင့် တိုင်းရင်းသားတို့၏ လိုလားချက်များကို ကူညီဖြည့်တင်းပေးရမည်ဖြစ်သည့်အတွက် လက်ရှိမြင်တွေ့နေကြရသည့် မြောက်သိန်းနီ စော်ဘွား ဟော်နန်းဆောင်သစ်ကို မူရင်းအတိုင်းပုံစံတူတည်ဆောက်ပေးတာဖြစ်ကြောင်း၊ မြောက်သိန်းနီနယ်သည် ထူးခြားသည့် ဝိသေသများရှိသည့်မြို့ဖြစ်ပြီး မြန်မာဘုရင်များ လက်ထက်ကတည်းက မြန်မာဘုရင်များ၏သစ္စာခံပြီး ကျူးကျော်မှု မှန်သမျှကို ပူးပေါင်းတိုက်ခိုက်ခဲ့သော သာဓကများစွာရှိခဲ့ပြီဖြစ်ကြောင်း၊ တိုင်းရင်းသားတို့အတွက် နိုင်ငံတော်နှင့်တပ်မတော်၏ လက်ဆောင်မွန် ဖြစ်ပါကြောင်း ပုံစံတူဟော်နန်းဆောင်ဖွင့်ပွဲအခမ်းအနားတွင် အဖွင့်အမှာစကား၌ ထည့်သွင်းပြောဆိုခဲ့သည်။
ပုံစံတူသိန်းနီဟော်နန်းဆောင်ကြီးစတင်ဆောက်လုပ်ရန် တပ်မတော်နှင့် ပြည်သူပူးပေါင်းလုပ်ဆောင်ခဲ့
မြောက်သိန်းနီဟော်နန်းဆောင်ကြီး ပုံစံတူဆောက်လုပ်နိုင်ရေးအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးနှင့် တပ်မတော်မှ တာဝန်ရှိသူများနှင့် သိန်းနီရှမ်းစာပေယဉ်ကျေးမှုအဖွဲ့များ၊ ဆရာတော်သံဃာတော်များ၊ မြို့မိမြို့ဖများက အကြိမ်ကြိမ် ဆွေးနွေး တိုင်ပင်ခြင်းများပြုလုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၇ ရက်နေ့တွင် ဟော်နန်းဆောင်သစ် ဆောက်လုပ်မည့် မြေနေရာအား ရွေးချယ်အတည်ပြုခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် ဟော်နန်းဆောင်သစ် စတင်ပန္နက်ရိုက် မင်္ဂလာ ကျင်းပခဲ့ကြောင်း၊ ပင်မအလှူရှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တပ်မတော် ကြည်း၊ ရေ၊ လေ တပ်မတော်သားအကြီးအကဲများက မြေသန့်ပန္နက်ရိုက်မင်္ဂလာ စတင်လုပ်ဆောင်ခဲ့ကြောင်း လားရှိုးမြို့မှ သီရိမဟာမန်ဆူ(ရှမ်း)ကျောင်းဆရာတော်၊ မိုင်းဖုန်းဆရာတော်နှင့် သိန်းနီမြို့မှဆရာတော်သံဃာတော်များ ကြွရောက် ချီးမြှင့်ခဲ့သည်ဟု သိရပါတယ်။
ရှေးဟောင်းရှမ်းယဉ်ကျေးမှု အမျိုးသားပြတိုက်ကြီးအဖြစ် ထားရှိမည်
မြောက်သိန်းနီစော်ဘွား ဟော်နန်းဆောင်ကြီးတွင်ထားရှိမည့် ယဉ်ကျေးမှုအမွေအနှစ်များ အသုံးအဆောင်ပစ္စည်းများထားရှိပြီး ရှေးဟောင်းယဉ်ကျေးမှု အမျိုးသားပြတိုက်ကြီးအဖြစ်လည်းကောင်း၊ သာသနာဆိုင်ရာကိစ္စရပ်များလုပ်ဆောင်နိုင်ရန်လည်းကောင်း၊ ပြည်သူများအပန်းဖြေစရာ ဗဟုသုတလေ့လာစရာနေရာအဖြစ်လည်းကောင်း ထားရှိရန်ဟုသိရပါတယ်။
မြောက်သိန်းနီ စော်ဘွားဟော်နန်းဆောင်ကြီး ဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်လာသည့် ရှမ်းတိုင်းရင်းသားတို့က မိမိတို့ မိဘဘိုးဘွားတို့၏ မြတ်နိုးတန်ဖိုးထားရာ ဟော်နန်းဆောင်ကြီးကို ပုံစံတူမြင်တွေ့ရသည့်အတွက် အတိုင်းမသိ ဝမ်းမြောက် မိပါကြောင်း ကြားသိခဲ့ရသည်။မိမိတို့ ရှမ်းတိုင်းရင်းသားများအနေဖြင့် ယခုမြင်တွေ့ရသည့် ခမ်းနားထည်ဝါလှသည့် အဆောက်အဦ တစ်ခုဖြစ်လာအောင် လုပ်ဆောင်နိုင်စွမ်းမရှိကြောင်း၊ ပင်မအလှူရှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကြည်း၊ ရေ၊ လေ တပ်မတော်သားများကိုလည်း အထူးကျေးဇူးတင်ကြောင်း၊ အသေးစိတ် စွမ်းဆောင် လုပ်ကိုင်ပေးသည့် နယ်ဘက်စစ်ဘက်အရာရှိများ၊ ဝန်ထမ်းများကို အထူးကျေးဇူးတင်ကြောင်း ပြောဆိုသံများကို ကြားသိခဲ့ရပါတယ်။
မြောက်သိန်းနီဟော်နန်းဆောင်အသစ်ကြီး ရှမ်းတိုင်းရင်းသားယဉ်ကျေးမှုပြတိုက်ကြီး ဖွင့်လှစ်ခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်နေ့က ဟော်နန်းတော်ဝင်းအတွင်း ရှမ်းတိုင်းရင်းသားများသာမက သွေးချင်းညီအစ်ကိုမောင်နှမများဖြစ်တဲ့ ဗမာ၊ လီဆူ၊ မြောင်ဇီး၊ လားဟူ၊ကချင်၊ ပလောင် စသည့် ဒေသခံတိုင်းရင်းသားပေါင်းစုံက ဝမ်းသာဂုဏ်ယူစွာ ပြုံးပျော်နေကြသည့်မြင်ကွင်းမှာလည်း မေ့ဖျောက်ပစ်လို့ မရသော မြင်ကွင်းတစ်ခုဖြစ်ခဲ့ရပါတယ်။
ကျွန်မရဲ့စိတ်အစဉ်မှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ကျွန်မရဲ့အဖေကို သတိရခြင်းများစွာ ဖြစ်မိသည့်အပြင် ထူးခြားခံ့ညားလှတဲ့ ဟော်နန်းတော်ပုံပါပို့စကတ်လေးကို လက်ဆောင်ပေးခဲ့သည့် ဖေဖေ့ကိုလည်း ကျေးဇူးအထူးတင်မိပါတယ်ရှင်။
နိုင်ငံတော်နှင့် တပ်မတော်က မြောက်သိန်းနီဟော်နန်းဆောင်ကြီးကို ပုံစံတူတည်ဆောက်ပြီး ရှမ်းတိုင်းရင်းသားတွေအပါအဝင် တိုင်းရင်းသားအားလုံးအတွက် လက်ဆောင်ပေးလိုက်ခြင်းသည် နိုင်ငံတော်၏ ဖခင်ဖြစ်သူက သူ၏သားသမီးများဖြစ်ကြသော တိုင်းရင်းသားပြည်သူတို့အတွက် အကောင်းဆုံးတန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေအနှစ်တစ်ခုကို လက်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်ဟု တင်စားလိုက်မိပါတော့တယ်။ ။
မမ(လားရှိုး)