မိုးပြာတိုးဖွင့် ကြယ်ပန်းပွင့်များ

မိုးပြာတိုးဖွင့် ကြယ်ပန်းပွင့်များ

လေကြောင်းလူငယ်တဲ့--

    ကိုဗစ်ရောဂါဆိုးကြောင့်   ရပ်ဆိုင်းခဲ့သည့် ကွင်းဆက်လေးတစ်ခု အစီအမံလေး တစ်ရပ် သည်မှာဘက်တွင် ပြန်ကြားလာရသည်။ “ နိုင်ငံအတွက် ရွှေရောင်ဆက်ထုံးလေး တစ်ခု သို့မဟုတ် လူငယ်အစုအစည်းအတွက် လာခြင်းကောင်းသော အမည်လေးပင်တည်း။ လူငယ်ထုကို ဗဟိုပြုကာ တစ်ခုသော ပညာရပ်နယ်ပယ်နှင့် ယှဉ်တွဲဆန့်ထုတ်ခြင်း ဝိသေသပြု ထုံးဖွဲ့ခြင်းဟု နားလည်ရပါသည်။

မြင်ကြည့် တွေးကြည့်၊ အခေါ်အဝေါ် စာစု၊ စာလုံးအသုံးအနှုန်း၊ ပေါင်းစပ်ဖွဲ့စည်း ထားရှိမှုလေးက ရိုးရိုးရှင်းရှင်းနှင့်ချစ်စရာ၊ ခွန်အားပါတည်း။ လူငယ်ထုကို အညွန့်ထူ၊ ဂုဏ်ပြုတင်စားမှုမျိုးဖြစ်သည်။ လေးစားရပါသည်။ ဦးတည်ချက်ကောင်းဖြစ်သကဲ့သို့  လူငယ်အဖွဲ့အစည်း ဆုံမှတ်တစ်ခုအပေါ် အခြေခံကာ ပညာရပ်နယ်ပယ် တွန်းဖွင့်ပြလိုက်သည့် အခင်းအကျင်းဟု ဆိုနိုင်ပါ၏။ ဆိုနိုင်လောက်ပါ၏။ တကယ်တော့ ကြီးမားကျယ်ပြန့်သည့် လေကြောင်းပညာရပ်ဝန်း နယ်နိမိတ်စက်ဝိုင်းသို့ လူငယ်များချဉ်းကပ်၊ ထိုးဖောက်ဝင်ရောက်စေရန် ဆန္ဒတူနှင့် တပ်လှန့်လိုက်ခြင်းဟု မြင်သည်။ နိုင်ငံတကာနှင့် ယှဉ်ကြည့်သောအခါ ခေတ်သိပ္ပံပညာ အခန်းကဏ္ဍသည် လေကြောင်းပညာရပ်တွင်   အကြောင်းခြင်းရာ အလိုက် သက်ရောက်မှုထုထည်နှင့် တည်မိသော အထူအပါးကို သိသိသာသာ တွေ့လာမြင်လာရပေမည်။ “လေကြောင်းပညာ”ဟု  ဆိုလိုက်သည်နှင့်ကြီးမားသော စွမ်းရည်ကြီး တစ်ရပ်အဖြစ် မြင်လာပေလိမ့်မည်။ ပဓာနကျသော အမြင်တည်း။

လူငယ်ဟူသည် နုပျိုခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ထက်မြက်ခြင်းနှင့် ရှည်လျား သောအိပ်မက်များကို ပိုင်ဆိုင်ထားခြင်း စသည့်စသည့် အရည်အသွေးများနှင့် ပြည့်စုံပါ၏။ အမှန်မှာ ဖော်ပြပါအခြေခံကောင်းများသည်  လူငယ်တစ်ဦးချင်း၏ “အတ္တနောမဟ”ရုပ်ပုံလွှာ အဖွဲ့အနွဲ့ဖြစ်နေခြင်းပေတည်း။ ယင်းနှင့်ကပ်လျက် အရိပ်ပမာ တွဲယှဉ်လာသည်မှာ Education “ ပညာ” ဖြစ်သည်။ Education တွင် Knowledge နှင့် Wisdom  ဟူ၍ နှစ်ပိုင်းပါဝင်၏။ Knowledge ကိုအတတ်ပညာ၊ Wisdom  ကို အသိပညာဟူ၍ ဖွင့်ဆိုကြသည်။ ထိုအခါ အတတ်၊ အသိဟန်ချက်ညီရှိမှသာလျှင် ထက်မြက်သည့် လူချွန်လူမွန်များ ဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါ၏။

စင်စစ်ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် လေကြောင်းပညာ တစ်ခေတ် ဆန်းသစ်မီရန် အထူးလိုအပ်လှပေသည်။ လိုအပ်သည်ဆိုရာ၌ သမိုင်း၏လိုအပ်ချက် ဟုပင်ပြောလိုက  ပြောနိုင်ပါပေသည်။ နိုင်ငံတကာ စာမျက်နှာဝယ်  ပညာခေတ်၏ ဆန့်ထွက်ဖြန့်ကြက်မှုတို့ကြောင့်  အခွင့်အလမ်းနှင့် အဆင့်အတန်းမြင့်မားလာသည့် လေကြောင်းပညာရပ်မှာ ရှေ့တန်းသို့ ရောက်ရှိနေနှင့်လေပြီ။ ကမ္ဘာကြီးပင်ရွာကြီး တစ်ရွာအဖြစ်သို့  ရောက်ခဲ့ပြီဆိုတော့ လေကြောင်းဆိုင်ရာ  ခေတ်သိပ္ပံပညာ၏ အတွေးအဖွင့်မှာ စကြဝဠာတိုင်ချဲ့ထွင်နေကြောင်း အသိအမှတ်ပြု လက်ခံလာရပြီဖြစ်၏။ ယုတ်စွအဆုံး လေကြောင်းပညာရပ်သည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးစေတန်ရာသော  အဓိက သော့ချက်ပင်တည်း။   စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအပြင် စစ်ရေးစစ်ရာ အပါအဝင်ဟုပင် ဆိုရပေလိမ့်မည်။

မြန်မာနိုင်ငံတွင် လေကြောင်းပညာရပ်ကို စိတ်ပါဝင်စားမှု ရှိလာစေရန်နှင့် စူးစမ်း လေ့လာသိရှိ လိုက်စားနိုင်စေရန် ဆောင်ရွက်ပေးနေသည်မှာ တပ်မတော်(လေ)ပင်ဖြစ်၏။ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် တပ်မတော်(လေ)သည်  သက်တမ်းအရပင်  ယနေ့ဆိုလျှင် (၇၅)နှစ်ပြည့်စိန်ရတု ကာလပင်ကျော်စပြုခဲ့လေပြီ။ သက်တမ်းအတွေ့အကြုံနှင့်ယှဉ်ကာ ပညာရပ်ဆိုင်ရာ နယ်ပယ်ကလည်း ကျယ်ဝန်းလာခဲ့ပြီဖြစ်၏။ အနာဂတ်ကို ပိုင်စိုးမည့်လူငယ်များ အနေဖြင့် အားပြိုင်ရမည့်နယ်ပယ်မှာ မိုးကောင်းကင်ဆိုင်ရာ လေကြောင်းပညာရပ်   ဖြစ်လိမ့်မည်ဟု တပ်မတော်(လေ)အနေဖြင့်ယုံကြည်သည်။ ကောင်းကင်ပြာနှင့် သိပ္ပံနည်းပညာတို့သည်  ကျယ်ပြန့်ခြင်း သဘောတရား   တူညီမှု သီအိုရီတစ်ခုပင်  ဗဟိုပြုနေ၏။  ထိုမှ ပေါ်ထွက်လာသည့်  လေကြောင်းပညာ နည်းနာနိဿယတို့သည် ဆင့်သထက်ဆင့် မြင့်သထက်မြင့်လာသည်မှာ   အဆန်းတကျယ် မဟုတ်တော့ပေ။

လူငယ်တို့၏ အခန်းကဏ္ဍ၊ အကျယ်အပြန့်၊ အခန့်အခွဲလေးနက်ပါ၏။ မျိုးဆက် တစ်ဆက်နှင့်တစ်ဆက် လိုအပ်သော ပညာရပ်ပိုင်းဆိုင်ရာ ကွက်လပ်ကို တပ်မတော်(လေ)သည်အစဉ်သဖြင့် ဖြည့်တင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ပညာအမွေဖြန့်ဝေသည့်အနေဖြင့် လေကြောင်းဆိုင်ရာ လူငယ်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လာခဲ့သည်မှာ  နှစ်ကာလ အတန်ကြာကပင် ရှိခဲ့ပါ၏။

၁၉၅၄ ခုနှစ်မှစတင်ကာ လေကြောင်းကင်းထောက် သင်တန်းများ၊ ၁၉၆၀ ပြည့်နှစ်တွင် လူငယ်လေကြောင်း သင်တန်းများ၊ ၁၉၉၄ ခုနှစ်တွင် လေကြောင်းမျိုးဆက်သစ် သင်တန်းများ၊ ၁၉၉၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ လေကြောင်းရဲညွန့်လောင်း သင်တန်းများ   စသည့်ညွှန်းပြုအမည်များဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် “လေကြောင်းလူငယ်”ဟူသည့်  အမည်တစ်ရပ် ခိုင်ခိုင်မာမာ ရယူကာ နှစ်စဉ်သင်တန်းများ ဖွင့်လှစ်ခဲ့သည်မှာ ၂၀၁၉ ခုနှစ်အထိဖြစ်၏။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ရောဂါဆိုးကြီးကြောင့်  သင်တန်းများ ရပ်ဆိုင်းထားခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သည်။ ယခု ၂၀၂၃ ခုနှစ်တွင်မှ လေကြောင်းလူငယ် သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံချက်ချကာ စနစ်တကျ စီစဉ်လာခြင်းဖြစ်ပါသည်။   အခြေခံလေကြောင်းလူငယ် သင်တန်းအဖြစ် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းနှစ်ခုခွဲကာ အကြီးတန်းအဆင့် လေကြောင်းလူငယ် သင်တန်းနှင့် အငယ်တန်းအဆင့် လေကြောင်းလူငယ် သင်တန်းဟူ၍ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်၏။ ပညာအရည်အချင်းမှာ အကြီးတန်း Grade-11နှင့်အထက် အသက်ကန့်သတ်မှု ၁၈ နှစ်အောက်၊ အငယ်တန်း Grade-9? Grade-11  သတ်မှတ်ရပါသည်။

သင်တန်းကာလမှာ တစ်လ(လေးပတ်) နွေရာသီကျောင်းပိတ်ရက် ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်မှ မေ ၂၂ ရက်အထိဖြစ်၏။  သင်တန်းမှာ  ယခင်က  အထက် မြန်မာပြည်၊ အောက်မြန်မာပြည်စသည်ဖြင့် လေတပ်စခန်းဌာနချုပ်ကြီးများ တည်ရာ ဒေသတွင်  ဖွင့်လှစ်ခဲ့ခြင်းမျိုးရှိပါသည်။

ယခုနှစ်တွင် ဖွင့်လှစ်မည့်သင်တန်းများကို   တိုင်းဒေသကြီးအလိုက် မြို့ကြီးများတွင် စခန်း ၁၇ ခု နေရာလျာထားဖွင့်လှစ်မည် ဖြစ်ပြီး စခန်းတစ်ခုလျှင် သင်တန်းသား ၄၀ ဦးလက်ခံရန် ကန့်သတ်ထားရှိကြောင်း လည်း လေ့လာသိရှိရပါသည်။

သင်တန်းကာလတွင် စာတွေ့လက်တွေ့ ပါဝင်နေပါသည်။ လူငယ်များအနေဖြင့် လေ့လာမှုအပြင် ဗဟုသုတရှာဖွေမှုဆိုင်ရာ အခွင့်အရေးကောင်းများ ရရှိပေလိမ့်မည်။ အနယ်နယ်အရပ်ရပ်မှ လူငယ်ပေါင်းစုံနှင့် တွေ့ဆုံခွင့်ရ၍လည်း အချင်းချင်းအသိပညာ ဖလှယ်ခွင့်ရရှိပေလိမ့်မည်။ ယခင်က သင်တန်းများတွင်  (Control-Line) လေယာဉ်ပုံစံငယ်များဖြင့်သာ သင်ကြားခွင့် ရရှိခဲ့ကြပြီး   ၁၉၉၄  ခုနှစ်မှစတင်ကာ (Remote Control) လေယာဉ်ပုံစံငယ်များဖြင့် သရုပ်ပြသင်ကြား ပို့ချလာခဲ့ကြောင်း သိရှိရပါသည်။

သင်တန်းဆိုင်ရာ သင်ကြားမည့်ဘာသာရပ်များမှာ အခြေခံစစ်ရေးပြ၊ လေကြောင်း  ပညာသမိုင်း၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရား၊ လေယာဉ်ကိုယ်ထည်၊ လေယာဉ်အင်ဂျင်၊ လေယာဉ်ပုံစံငယ်များ တည်ဆောက်မှု သဘောတရားနှင့် လေ့ကျင့်ပျံသန်းခြင်း၊ လက်တွေ့ပျံသန်းခြင်း အစရှိသည့်  သင်ခန်းစာများ ပါဝင်ပါသည်။

အလွန်စိတ်ဝင်စားစရာ ကောင်းလှပါသည်။

လေယာဉ်/ရဟတ်ယာဉ်  မျိုးစုံတို့ကို တစ်နေရာတည်းတွင်တွေ့မြင်ရပြီး  ဗဟုသုတ များလှပေလိမ့်မည်။

လေကြောင်းပညာသည် ခက်ခဲနက်နဲသကဲ့သို့ ကျယ်ပြန့်လွန်းလှပေသည်။ သတ္တိ၊ ဇွဲ၊ လုံ့လအပြင် ဘာသာဗေဒ ကျွမ်းကျင်မှုကလည်း လိုအပ်ပေသည်။ လူငယ်များအတွက် သင်တန်းတက်ခွင့်ရရှိခြင်းမှာ ကံထူးခြင်း မဟာအခွင့်အရေးတစ်ခုပင် ဗဟုသုတပိုင်းအတွက် တန်ဖိုးကြီးမြင့်လှပါ၏။ မြန်မာနိုင်ငံတွင် လေကြောင်းပညာရပ်အခြေခံသည့် တစ်ခုတည်းသော လေ့ကျင့်ရေးပိုင်းဆိုင်ရာ သင်တန်းအဖြစ် ဤနေ့ဤအချိန်အထိ ရပ်တည်လျက်ရှိပါသည်။ လေကြောင်းပညာရပ်၏ နည်းဗျူဟာ အဆင့်အတန်းသည် ယနေ့ကမ္ဘာတွင် စိုးမိုး ထိန်းချုပ်နိုင်စွမ်းရှိကြောင်း နိုင်ငံတကာ မြင်ကွင်းများနှင့် ချိန်ထိုးကြည့်မြင် သိလာပါလိမ့်မည်။

စင်စစ် လူငယ်အရင်းအမြစ်များအပေါ် ပခုံးပြောင်းတာဝန် ဆင့်ကမ်း အမွေပေးသည့် သင်တန်းအဖြစ်လည်း မှတ်ယူနိုင်ပါ၏။

တကယ်တော့  နိုင်ငံတော်၏အနာဂတ် ဥပဓိအား လူငယ်တို့၏ စွမ်းအင်ဖြင့် အံဝင်ခွင်ကျဖြစ်စေရန် စနစ်တကျ ပုံဖော်နေကြောင်းလည်း မှတ်ယူနိုင်ပါသည်။ သင်တန်း၏သက်တမ်း၊   ဖြတ်သန်းလာခဲ့သည့် နှစ်ကာလများစွာ ဆွဲဆန့်ပြီးကြည့်သောအခါ မွေးထုတ်ပေးခဲ့သည့် သင်တန်းသား များစွာရှိခဲ့ပြီဖြစ်ကြောင်း မှတ်တမ်းမှတ်ရာ တွေ့ရပေလိမ့်မည်။

လူငယ်များအား အခြေခံကောင်းသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာစေချင်သည်။ အထူးသဖြင့် လေကြောင်းလူငယ်များသည် အနာဂတ်နိုင်ငံ့ တာဝန်ကိုယူကြရမည့် အင်အားစုများ မလွဲမသွေဖြစ်လာပေလိမ့်မည်။ ခေတ်တစ်ခေတ်နှင့်တစ်ခေတ်သည် မတူညီမျှတော့ ကွာဟမှုများက ရှိနေမြဲ။ အသစ်အသစ်ဆိုသည်မှာ ဆင့်ကာဆင့်လာဖြစ်တည်မှု  အလှုပ်တစ်ခေတ်ရှိနေရာ မျက်ခြည်မပြတ် လေ့လာလေ့ကျင့် အသိအမြင်   ဆန့်ထုတ်နေရပေမည်။

လေကြောင်းပညာရပ်တွင် သာမန်ထက်ပိုကာ စက်မှုလက်မှုပိုင်းနှင့်   ပျံသန်းရေး ပိုင်းနှစ်ခု၏ အားပြိုင်မှုများကို   နက်နက်ရှိုင်းရှိုင်း သိမြင်လာအောင် ကြည့်တတ်လာပေလိမ့်မည်။ ထိုအခါ အစဉ်အလာရှိသော တပ်မတော်(လေ)၏ သမိုင်းပုံရိပ်များသည် ထင်ရှားလာမည်။ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်၊ နိုင်ငံနှင့်လူမျိုးအပေါ်ချစ်သည့် စိတ်ဓာတ်တို့ ရင်၌ကိန်းအောင်းခဲ့ပြီဆိုလျှင်တော့ ဤသင်တန်းတက်ရကျိုး သိမြင်လာပေလိမ့်မည်။

သင်တန်းအလိုက် သင်ကြားပို့ချမှုများသည် စနစ်နည်းနာ လေ့လာလေ့ကျင့်နာယူ မှတ်သားလိုက်စားခြင်းဖြင့် အကျိုးဆက်ကား   ကြီးမြင့်လှပါ၏။  လေယာဉ်ပျံသန်းမှု အတတ်ပညာနှင့် စက်မှုလက်မှုဆိုင်ရာ တည်ဆောက်မှု၊ တီထွင်ကြံဆမှု အသိပညာ စသည့်   အပိုင်းနှစ်ပိုင်းမှ နှစ်သက်ရာ ဘာသာရပ်အလိုက်မူတည်ကာ ကျွမ်းကျင်ပညာရှင်များ ဖြစ်လာစေရန် ရည်ညွှန်းပါသည်။ နိုင်ငံတော်အနေဖြင့်  စိန်ခေါ်မှုအရပ်ရပ်ကို ဖြေရှင်းအောင်မြင်မည့် လူသားစွမ်းရည် ထက်မြက်ပြည့်ဝသူများကို ပြုစုပျိုးထောင်ပေးခြင်း သဘောပင်ဖြစ်၏။

တကယ်တမ်းပြောရလျှင်  လူငယ်တို့သည် ဤမြေကမ္ဘာဝယ်   ရနံ့ထုံသင်း ဝတ်မှုန်ကျင်းသည့် အလှဆုံးသော ပန်းကလေး များပင်ဖြစ်ပါ၏။ မိုးကောင်းကင်ပြာလွင်လွင်ကို မြင်ကြည့်ပြန်တော့ တဖိတ်ဖိတ်တလက်လက် တောက်ပနေသည့် စိန်ကြယ်ပွင့်ကလေးများ အသွင်ပေါ့။ ပန်းဟူသည်    ကိုယ်ပိုင်အဆင်းအလှ ရှိသလို ကြယ်ပွင့်လေးတွေမှာလည်း ကိုယ်ပိုင်အလင်းအဖွဲ့ တည်ရှိသည်ပဲလေ။

ထပ်တူပြုစရာ ညီမျှခြင်း သဘောတရား ဂုဏ်ရည်ချင်း   ပြည့်ဝနေသည်ကတော့ အမှန်ပင်။ လေကြောင်းပညာဆိုရာတွင်လည်း သဘာဝမိုးကောင်းကင်နှင့် ခေတ်သိပ္ပံပညာ၏ ကျယ်ပြောမှုသီအိုရီကြားမှ ဆန့်ထွက်လာသည့် ပညာရပ်ဖြစ်သည်။ သည်တော့ လူငယ်နှင့် လေကြောင်းပညာရပ်၊ လေကြောင်းပညာရပ်နှင့်လူငယ်များသည် ခွဲမရသည့် စွယ်တော်ရွက်ပမာဖြစ်တည်လာပေလိမ့်မည်။ တန်ဖိုးသည် စွမ်းအားတစ်ခု အနေဖြစ်လာပေမည်။ အမိမြန်မာပြည်အား ကာကွယ်စောင့်ရှောက်မည့် မီးရှူးတန်ဆောင်ဖြစ်လာပေလိမ့်မည်။ ထိုအတွေးခံစားမှုများဖြင့် ကျွန်တော့်ယုံကြည်မှု ခိုင်မာလာစေပြန်သည်။ စင်စစ် ဆန္ဒသည်ယုံကြည်မှုဖြစ်၍ ယုံကြည်မှုသည် ခွန်အားဖြစ်၏။

လေကြောင်းလူငယ်တို့သည် နိုင်ငံတော်၏ အား၊ သမိုင်း၏ အမွေခံ၊ အနာဂတ် အလင်းတန်း၊ မြန်မာ့မိုးပြင်လွှာကိုတိုးဖွင့်ကာ လင်းလက်မှုအဟုန်မြှင့်တင်လာမည့် ကြယ်ပန်းပွင့်လေးများသာတည်း။

ဤအမြင်---ဤအသိ---ဤမျှော်လင့်ချက်များကို ကျွန်တော်ကျေကျေနပ်နပ် ခံယူ မိပါတော့သည်။   ။

မောင်လတ်(ကမ်းရိုးတန်း)