အပူချိန်မြင့်တက်မှုက ကျောက်ကပ်ပျက်စီးနိုင်

အပူချိန်မြင့်တက်မှုက ကျောက်ကပ်ပျက်စီးနိုင်

    မြန်မာနိုင်ငံတစ်ဝန်း မတ်လမှစပြီး အပူချိန် တရိပ်ရိပ်မြင့်တက်လျက်ရှိရာ ဧပြီ ၁၈ ရက်က ကလေးဝ၊ ညောင်ဦး၊ ဂန့်ဂေါ၊ ကလေး၊ တမူး၊ မင်းကင်း၊ မုံရွာ၊မြင်းမူ၊ မြင်းခြံ၊ ချောက်၊ ပခုက္ကူ စသည့်မြို့တို့၌ ထူးခြားသည့် နေ့အပူချိန် ၄၃၊ ၄၄ ဒီဂရီစင်တီဂရိတ်အထိရှိခဲ့သည်။ ထို့ကြောင့် ကျန်းမာရေး ဝန်ကြီးဌာနက အပူဒဏ်အန္တရာယ် ကာကွယ်ရေး သတိပေးနှိုးဆော်ချက် များကို ထုတ်ပြန်ပေးလျက်ရှိသည်။

အပူချိန်မြင့်တက်မှုက ကျောက်ကပ်ပျက်စီးနိုင်

    အပူချိန်မြင့်တက်မှုသည် ကျောက်ကပ်ပျက်စီးနိုင်ကြောင်း သုတေသီများ၏ လေ့လာဆန်းစစ်ချက်အရ သိရသည်။

ဘရာဇီးနိုင်ငံ၌ ပြုလုပ်ခဲ့သော လေ့လာချက်အရ ကျောက်ကပ်ရောဂါကြောင့် ဆေးရုံတက်ရောက်ရသူ အားလုံး၏ ၁၄ ပုံတစ်ပုံခန့်မှာ ရာသီဥတုပြောင်းလဲမှု၊ အပူချိန်မြင့်တက်လာမှုနှင့် ဆက်စပ်နေကြောင်း သိရသည်။ ဆော်ပေါ်လိုတက္ကသိုလ်မှ ဘရာဇီးသုတေသန ပညာရှင်များ၏ လေ့လာချက်အရ နေ့စဉ် ပျမ်းမျှအပူချိန်ထက် တိုးလာတိုင်း ကျောက်ကပ်ပျက်စီးမှုဖြစ်နိုင်ခြေမှာလည်း မြင့်တက်လာနိုင်ကြောင်း သိရသည်။

ကမ္ဘာ့ပျမ်းမျှအပူချိန် မြင့်တက်လာမှုကြောင့် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေမြင့်မားမှုသည် အဓိကအားဖြင့် အမျိုးသမီးများ၊ အသက်လေးနှစ်အောက် ကလေးငယ်များနှင့် အသက် ၈၀ အထက် သက်ကြီးရွယ်အိုများအပေါ်  အကျိုးသက်ရောက်မှု ရှိကြောင်း  တွေ့ရသည်။

သုတေသီများ၏အဆိုအရ  ၂၀၀၀  ပြည့်နှစ်နှင့် ၂၀၁၅  ခုနှစ်ကြား ကာလအတွင်း   ဘရာဇီးနိုင်ငံ၌ကျောက်ကပ်ပျက်စီးသူဦးရေ ၂၀၂၀၀၀ ကျော်ရှိခဲ့ရာ ယင်းဖြစ်စဉ်များအနက် ၇ ဒသမ ၄ ရာခိုင်နှုန်းမှာ ပျမ်းမျှအပူချိန်မြင့်တက်လာမှုနှင့် ပတ်သက်နေကြောင်း၊ ၂၀၁၇  ခုနှစ်  တစ်နှစ်တည်းမှာပင်  တစ်ကမ္ဘာလုံး အတိုင်းအတာအရ  ကျောက်ကပ်ပျက်စီးမှုကြောင့် သေဆုံးသူဦးရေ   ၂  ဒသမ  ၆  သန်းခန့်ရှိကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် လန်းဆက်ဆေးပညာ ဂျာနယ် ဆောင်းပါးတစ်စောင်၌  ဖော်ပြထားကြောင်း  သိရသည်။ 

ကျောက်ကပ်ပျက်စီးသောလက္ခဏာများ

    ဆီးအခြေအနေပြောင်းလဲခြင်း၊  ခက်ခက်ခဲခဲ ဆီးသွားရခြင်း သို့မဟုတ် ဆီးသွားနေစဉ် နာကျင်ခြင်း၊ ဆီးထဲ၌ သွေးပါခြင်း၊ ဆီးအမြှုပ်ထခြင်း၊ ခန္ဓာကိုယ်ဖောခြင်း၊ အလွန်အမင်းမောပန်း နွမ်းနယ်၍ ဖြူရော်ရော်ဖြစ်ခြင်း၊  မူးနောက်၍  အာရုံမစူးစိုက်နိုင်ခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ အရေပြားယားယံခြင်း၊ အသက်ရှူရာတွင် အမိုးနီးယားဓာတ်ငွေ့နံ့ ခံစားရခြင်း၊ ပျို့အန်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အသက်ရှူမဝခြင်း၊ ခါးဘေးနာကျင်ခြင်း စသည်တို့သည် ကျောက်ကပ်ပျက်စီးသော လက္ခဏာများဖြစ်၍ မပေါ့ဆသင့်ပေ။

ကျောက်ကပ်ကိုကောင်းကျိုးပြုသော အစားအစာများ

    ကြက်ဥ၊ ဘဲဥအကာ (အဖြူရောင်အကာ)ထဲတွင် ပါရှိသော   အမိုင်နိုအက်စစ်က   ကျောက်ကပ်ကို ကျန်းမာစေသည်။ ဂေါ်ဖီထုပ်ထဲတွင် ပိုတက်စီယမ် ပါဝင်မှုလွန်စွာ နည်းပါးသည့်အပြင် ယင်းထဲရှိ သဘာဝဗီတာမင်များနှင့်   အမျှင်ဓာတ်တို့က   ကျောက်ကပ်အတွက် အားဆေးဖြစ်သည်။ မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ခြင်းကလည်း သွေးတိုးရောဂါကိုဖြစ်စေပြီး ကျောက်ကပ်ကို  သွယ်ဝိုက်သောနည်းဖြင့် အန္တရာယ်ဖြစ်စေသည်။   ထို့ကြောင့်   မဂ္ဂနီစီယမ်ဓာတ်ကြွယ်ဝသော အစားအစာများဖြစ်သည့် အစေ့အဆန်များနှင့် ဟင်းသီးဟင်းရွက်စိမ်းများကို လုံလောက်စွာ စားပေးသင့်သည်။  အစိမ်းရောင်ငရုတ်ပွထဲတွင်  ပိုတက်စီယမ်ဓာတ် ပါဝင်မှုနည်းပါးသည့်အပြင် သဘာဝဗီတာမင်နှင့် သတ္တုဓာတ်တို့က ကျောက်ကပ်ကို သန့်စင်ပေးနိုင်သော အစွမ်းသတ္တိများရှိသည်။ စပျစ်သီးက ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော ယူရစ်အက်စစ်များကို ဆီးအဖြစ် ထွက်ရှိလာအောင် တွန်းအားပေးနိုင်သဖြင့် ဆီးရွှင်စေကာ ကျောက်ကပ်ကျန်းမာစေသည့်အပြင် ခန္ဓာကိုယ်တွင်း အဆိပ်များကို ရှင်းလင်းပေးနိုင်သည်။ စပျစ်သီးက ဇီဝဖြစ်စဉ်ကို တိုးမြှင့်ပေးနိုင်၍ ကျောက်ကပ်နှင့် သည်းခြေကို သန့်စင်စေသည်။ စတော်ဘယ်ရီနှင့် အချဉ်အရသာရှိသည့် ဘယ်ရီသီးအနီရောင်(Cranberries) ထဲတွင်ပါရှိသော Hippuric  အက်စစ်က ခန္ဓာကိုယ်ထဲရှိ  ဆီးအဆိပ်အတောက်ကို  ဖယ်ရှားပေးနိုင်သည်။ မည်သည့်ငှက်ပျောပင်မဆို အူတိုင်ကို ကျောက်ဖရုံသီးဖြင့် ဖျော်ရည် လုပ်သောက်ပါက ကျောက်ကပ်၊  ဆီးအိမ်၊  အမျိုးသားများ  ဆီးကျိတ်ဝေဒနာနှင့် ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ ရွှေဖရုံသီးနှင့် ရွှေဖရုံစေ့ထဲရှိ သဘာဝအဆီဓာတ်များကကျောက်ကပ်၏ စွမ်းဆောင်ရည်ကို တိုးတက်မြင့်မားလာစေပြီး  ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော အညစ်အကြေးများကို ဆီးအဖြစ် စွန့်ထုတ်ပေးနိုင်သဖြင့် ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေးသည်။ အထူးသဖြင့် အမျိုးသားများတွင် ဖြစ်တတ်သော ဆီးကျိတ်ကြီးထွား လာခြင်းကို သက်သာစေရုံမျှမက ဆီးကျိတ်ကင်ဆာ ရောဂါကိုလည်း ထိထိရောက်ရောက် တားဆီးကာကွယ်ပေးနိုင်သည်။ နာနတ်သီးကို ပန်းသီး သို့မဟုတ် ဖရဲသီးတို့ဖြင့် တွဲဖက်စားသုံးပါက ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော ဆိုဒီယမ်ဓာတ်များကို ဖယ်ရှားပေးပြီး ကျောက်ကပ်နှင့် သည်းခြေတို့ကို အားဖြစ်စေသည့်အပြင် အဆိပ်အတောက်များကိုပါ ဖယ်ရှားပေးနိုင်သည့်အတွက် ကျောက်ကပ်ကို အထူးသန့်စင်စေနိုင်သည်။ အာလူးထဲတွင် မဂ္ဂနီစီယမ်ဓာတ် မြင့်မားစွာပါရှိပြီး   ထိုဓာတ်က   ကျောက်ကပ်နှင့် တစ်သျှူးများထဲတွင် ကျောက်တည်ခြင်းကို ချေဖျက်ပေးနိုင်စွမ်းရှိသည်။ ခရမ်းချဉ်သီးကို အစေ့ဖယ်၍ စားခြင်းက ကျောက်ကပ်နှင့် ဆီးအိမ်ကျောက်တည်ခြင်းကို လျှော့ချပေးနိုင်သည်။ မြင်းခွာရွက်ကို နေ့စဉ်မှန်မှန်စားသုံးပေးခြင်းဖြင့်   ကျောက်ကပ်နှင့် ပတ်သက်သော ဆီးဝေဒနာ အမျိုးမျိုးကို ကြိုတင်ကာကွယ်ပေးသည်။

ကျောက်ကပ်ကိုဘေးဖြစ်စေသော အစားအစာများ

    နို့၊ ဒိန်ချဉ်၊ နို့ခဲ စသည့် တိရစ္ဆာန်မှ ရရှိသောအဆီ မထုတ်ထားသည့် နို့ထွက်ပစ္စည်းများကို လွန်ကဲစွာစားမိပါက ကျောက်ကပ်ထဲတွင် ကယ်လ်စီယမ်ဓာတ်များအနည်ကျကာ ဆီးကျောက်တည်ခြင်းကိုဖြစ်စေသည်။  ဆားနှင့်အငန်ဓာတ်များကို  လိုအပ်သည်ထက် ပိုမိုစားသုံးမိပါက ခန္ဓာကိုယ်ထဲတွင် ကယ်လ်စီယမ်ဓာတ် စွန့်ထုတ်မှုပိုများစေပြီး အရိုးအဆစ် သန်မာမှုကို ယုတ်လျော့စေသည့်အပြင် ကျောက်ကပ်၌ ကျောက်တည်နိုင်ခြင်းကိုလည်း ပိုများလာစေနိုင်သည်။ ထို့ကြောင့် ဆားကို လျှော့နိုင်သမျှလျှော့စားပါ။ အရက်အလွန်အကျွံသောက်ခြင်းကို  ရှောင်ကြဉ်ပါ။  အရက်တွင် ပါဝင်သော အယ်လ်ကိုဟောက အသည်းရောဂါဖြစ်စေနိုင်ပြီး ကျောက်ကပ်ကိုပါ ပျက်စီးစေသည်။ ရှားစောင်းလက်ပပ်ပင် အနှစ်က    ကျန်းမာရေးအတွက် ဘက်စုံကောင်းကျိုး ပြုသော်လည်း ဂျယ်လီကို တစ်ရက်လျှင် ၂၀ စီစီပမာဏထက် ပိုစားသုံးပါက ကျောက်ကပ်ပျက်စီးစေနိုင်သည်။ ဟင်းနုနယ်ထဲတွင် Oxalates ဓာတ်ပါရှိသဖြင့် ကျောက်ကပ်ဝေဒနာသည်များ အလွန်အကျွံ မစားသင့်ပေ။ Oxalates ဓာတ်ကြွယ်ဝသော ဗိုလ်စားပဲသီး၊ ပိန်းဥ၊ ပိန်းရိုးနှင့် ဟင်းနုနယ်ရွက်တို့က  ဆီးကျောက်တည်စေနိုင်သဖြင့် သင့်တင့်ရုံသာစားပါ။

အစားအစာများကို တာရှည်ခံအောင်ပြုလုပ်ထားသော အသားလုံး၊ အသားချောင်းများ၊ သား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစည်သွတ်ဘူးများ၊ ကြက်အူချောင်း၊ ဝက်အူချောင်းများ၊ အသင့်စားခေါက်ဆွဲ၊ ကြာဆံခြောက်အထုပ်များက အသည်းနှင့် ကျောက်ကပ်တို့ကိုအဆိပ်အတောက်ဖြစ်စေနိုင်၍ ရံဖန်ရံခါမှ စားသုံးသင့်သည်။ သဘာဝသစ်သီးဖျော်ရည် မဟုတ်သော အချိုရည်အမျိုးမျိုးနှင့်ဆိုဒါတို့တွင် တာရှည်ခံစေရန်၊ အနံ့ကောင်းမွန်စေရန်၊ အမြင်လှစေရန်နှင့် အရသာရှိစေရန်  ဓာတုပစ္စည်းများစွာ သုံး၍  ပြုပြင်ထားသည်။ ယင်းအချိုရည်များက အာဟာရလုံးဝ မဖြစ်စေသည့်အပြင် ကျောက်ကပ်ကိုပါ ထိခိုက်စေသည်။ ထိုနည်းတူ ဂက်စ်ပါသော အဖျော်ယမကာများကလည်း ကျောက်ကပ်ထဲရှိ သွေးကြောများကို ပျက်စီးစေခြင်း၊ ကျောက်တည်ခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။

အချုပ်အားဖြင့်ဆိုသော်   လူမျိုးဘာသာမရွေး၊ အသက်အရွယ်မရွေး   ကျောက်ကပ်ရောဂါဖြစ်နိုင်သည်။ နေထိုင်စားသောက်မှုပုံစံများ စနစ်မကျပါကလည်း အချိန်အခါမရွေး ကျောက်ကပ်ရောဂါဖြစ်စေနိုင်သည်။ ကမ္ဘာ့အိုဇုန်းလွှာပြဿနာကြောင့် တစ်နေ့တခြားပူပြင်းလာသော ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိစေရန် ရေကို ယခင်ကထက် ပိုမိုသောက်ပေးသင့်ပါသည် (ရေခဲရေမဟုတ်ပါ)။ မလွှဲမရှောင်သာ၍ နေပူထဲ ထွက်ရမည်ဆိုပါက ခြေထောက်ပူစေသော ဖော့ဖိနပ်များ စီးခြင်းကိုရှောင်ခြင်း၊ ရေသန့်ဘူး ဆောင်ထားခြင်း၊ အထက်ဖော်ပြပါ စားသုံးသင့်သော အစားအသောက်များကို ဦးစားပေးရွေးချယ် စားသောက်ခြင်းနှင့် ကျောက်ကပ်အတွက် ဘေးဖြစ်စေမည့် အစားအသောက်များကိုလည်း ရှောင်ကြဉ်ခြင်းဖြင့် ကျောက်ကပ် ကျန်းမာစေမည်ဖြစ်သည်။

အယ်လ်နီညို၊  လာနီညာဖြစ်စဉ်များ၊  ကမ္ဘာကြီး ပူနွေးလာမှုများ၊ အပူလှိုင်းဖြတ်သန်းမှုများက ကမ္ဘာ့နိုင်ငံအသီးသီးတွင် မကြာခဏတွေ့ကြုံနေကြရာ မိမိတို့နေထိုင်ရာ ရပ်ရွာဒေသများ၌လည်း အပူချိန်မြင့်တက်ခြင်း၊ မိုးရွာသွန်းမှုနည်းပါးခြင်း၊ အပူလှိုင်း ဖြတ်သန်းခြင်းတို့နှင့်    မကြာခဏ တွေ့ကြုံနေရတတ်သည်။

ထို့ကြောင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အခါအားလျော်စွာ ထုတ်ပြန်လျက်ရှိသော မိုးလေဝသ သတင်းအချက်အလက်များနှင့်  နွေရာသီတွင်  အပူဒဏ်ကာကွယ်ရေး သတိပေး နှိုးဆော်ချက်များကို    လေ့လာဖတ်ရှု သတိပြုကြစေလိုကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ 

ပေါက်ပေါက်