အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်တို့၌ နွေရာသီ သင်တန်းများ ဖွင့်လှစ်

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်တို့၌ နွေရာသီ သင်တန်းများ ဖွင့်လှစ်

နေပြည်တော်၊ ဧပြီ - ၂၄

            ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက် ကာလ များတွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်၊ အကျင့်စာရိတ္တကောင်းမွန် ပြီး ပညာထူးချွန်သူများ ဖြစ်လာစေရန်၊ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် ကျင့်စဉ်များကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန်နှင့် ယဉ်ကျေးလိမ္မာ လာစေရန် ရည်ရွယ်၍ အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းနှင့် အင်္ဂလိပ်စကားပြော သင်တန်းများကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမ၌ ဖွင့်လှစ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက် ကြသည်။

            ဦးစွာ ဒုတိယတိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဝံသာနုသီတဂူဓမ္မစကူးဌာနမှ သင်တန်းနည်းပြ ဆရာနှင့် ကျောင်းသူများက တေးသီးချင်းများဖြင့် ကပြဖျော်ဖြေကြရာ ဒုတိယတိုင်းမှူးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့မှ YMBA အသင်းဥက္ကဋ္ဌတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာ ဓမ္မစကူး ကျောင်းသူလေးများက လက်ခံရယူကြည်။

            အလားတူ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စကား ပြောသင်တန်း၊ ကွန်ပျူတာအခြေခံ သင်တန်းနှင့် ဘင်ခရာသင်တန်းများကို ယနေ့ မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမ၌ ဖွင့်လှစ်ရာ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။

            ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး သင်တန်းများ အတွက် ထောက်ပံ့ငွေနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။ တြိဂံဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် အဆိုပါသင်တန်းများကို တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များမှ သင်တန်းသား၊ သင်တန်းသူ ၂၇၇၄ ဦးဖြင့် သင်တန်းကာလ ၄ ပတ်ကြာ ဖွင့်လှစ် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။