ဖူးရာမှ ပွင့်လာနေသော ပန်းကလေးများပမာ

ဖူးရာမှ ပွင့်လာနေသော ပန်းကလေးများပမာ

    ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း)(ရွာသစ်ကြီး) ပညာရေးဘွဲ့ ငါးနှစ်သင်တန်းအမှတ်စဉ်(၅)မှ ကျောင်းသား၊ ကျောင်းသူများသည် မကြာမီရက်များ အတွင်း အသိပညာ၊ အတတ်ပညာများ သင်ကြားတတ်မြောက်ပြီးဖြစ်၍ နိုင်ငံတော်မှ ပေးအပ်သည့်  တာဝန်များကို ထမ်းဆောင် ကြရတော့မည်ဖြစ်သည်။ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်တွင် ပညာသင်ကြားကြသည့်   ပြည်ထောင်စုတိုင်းရင်းသား လူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမို စည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့်လူငယ်များ ဖြစ်လာစေရန်၊ ပါတီနိုင်ငံရေး ကင်းစင်ပြီး စာရိတ္တနှင့်  ကိုယ်ကျင့်တရား ကောင်းမွန်သော ပညာရေးဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက်ဆောင်ရွက်ရာတွင် လိုအပ်သည့်ဦးဆောင်နိုင်မှု စွမ်းရည်မြှင့်တင်ရန်၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ရေးကိုရှေးရှု၍ သုတေသနလုပ်ငန်းများ  ဆောင်ရွက်လိုသည့် စိတ်ဓာတ်မွေးမြူပေးရန်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတည်း ဟူသော ဒို့တာဝန်အရေးသုံးပါးကို သက်ဝင်ယုံကြည်၍ ထိန်းသိမ်းစောင့်ရှောက်သော လူငယ်များဖြစ်လာစေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့်  တက္ကသိုလ်ပညာရပ်များကို သင်ယူနေခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်(၁၂)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတ မှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ဟူသောနိုင်ငံရေး ဦးတည်ချက်သည် ပထမဆုံး အချက်ဖြစ်သည်။ ဒုတိယအချက်တွင် တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ အတိုင်း အလေးထား လုပ်ဆောင်ရေး ဟူ၍ချမှတ်ထားသည်။ ထိုဦးတည်ချက်များမှာ တိုင်းရင်းသားပြည်သူ အပေါင်းတို့ စိတ်အေးချမ်းသာစွာ နေထိုင်ပြီး လူမှုဘဝ ဖွံ့ဖြိုးရေးအတွက် ချမှတ်ထားခြင်းဖြစ်သည်။

မြန်မာ့သမိုင်းတွင်  မြန်မာတို့သူ့ကျွန်အဖြစ် နွံနစ်ခဲ့ရသော ကိုလိုနီအမွေဆိုးကြောင့် တိုင်းရင်းသား လူမျိုးအချင်းချင်း အထင်အမြင်လွဲမှားမှု၊ စိတ်ဝမ်းကွဲပြားမှုတို့ဖြစ်ပေါ်ခဲ့ပြီး  လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းသူအမျိုးမျိုး ပေါ်ပေါက်ခဲ့သည်။ မြန်မာနိုင်ငံတွင်တပ်မတော်က အမျိုးသားရေး တာဝန်များကို မဖြစ်မနေထမ်းဆောင်ရသော အချိန်ကာလများ၌ တိုင်းရင်းသား လူမျိုးများအရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အထူးအားပေး တည်ဆောက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းအစရှိသော တိုင်းရင်းသား လူမျိုးပေါင်း ၁၀၀ ကျော် ရှိပေရာ တိုင်းရင်းသား အများစုနေထိုင်ရာ ဒေသများဖွံ့ဖြိုး တိုးတက်ရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် နိုင်ငံအတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်သည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော အမျိုးသားရေး မူဝါဒခိုင်မာစွာ တည်ရှိနေရန်မှာ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး သည်လည်း မဖြစ်မနေ လိုအပ်ချက်ဖြစ်သည်။

တပ်မတော်အနေဖြင့် မည်သည့်ခေတ်၊ မည်သည့်အစိုးရပင်ဖြစ်စေ ပြည်သူသာအမိ၊ ပြည်သူသာအဖဟု ခံယူပြီး နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု အကျိုးအတွက် ကာကွယ်စောင့်ရှောက်နေသူ  Guardian အနေဖြင့် အစဉ်အမြဲ ဆက်လက် တည်ရှိနေမည်ဖြစ်သည်။တိုင်းရင်းသား စည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ အေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေစေရေးအတွက် အသက်တမျှ အရေးပါလျက် ရှိသလို နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးအတွက် ကြီးမားသော မောင်းနှင်အား တစ်ရပ်လည်းဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား ညီအစ်ကိုများအကြား သံသယများ ဖယ်ရှားကာ ထာဝရငြိမ်းချမ်းရေး ရရှိအောင် တည်ဆောက်နေခြင်းဖြစ်သည်။ ထိုသို့တည်ဆောက်နေခြင်းမှာ မျိုးဆက်သစ် တိုင်းရင်းသား လူငယ်မောင်မယ်တို့အတွက် အမွေကောင်း ပေးနိုင်ရေးဖြစ်သည်။

တိုင်းရင်းသားအရေးကို  ဦးစားပေးသည့် အနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာနနှစ်ခု ဖွင့်လှစ်ကာ တိုင်းရင်းသားတို့နှင့် ပတ်သက်၍ လိုအပ်ချက် မရှိအောင်ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဆောင်ရွက်ချက်များမှာ တိုင်းရင်း သားလူမျိုးများ နေထိုင်ရာဒေသများ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားဆောင်ရွက်ပေး နေခြင်းဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့နှင့်  ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို အောင်မြင်စွာ  ဆောင်ရွက်လျက်ရှိသည်။  မြန်မာ့နိုင်ငံရေးတွင် ပြည်ပစွက်ဖက်နှောင့်ယှက်မှု မရှိပါက မြန်မာနိုင်ငံတစ်ဝန်းလုံး အေးချမ်းသာယာနေမည်သာ ဖြစ်သည်။

တပ်မတော်အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အရေးပေါ်ကာလ သတ်မှတ်ချက်များအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကိုဖွဲ့စည်းကာ နိုင်ငံတော်၏ တာဝန်ယူခဲ့သော်လည်း တိုင်းရင်းသားများအရေး၊ တိုင်းရင်းသားလူငယ်များ အရေးနှင့်ပတ်သက်၍  စွမ်းဆောင်ချက်၊  ကြိုးပမ်းချက်များမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ဆောင်ရွက်နေခြင်းဖြစ်သည်။  တပ်မတော်က နိုင်ငံတော်အတွက် အမျိုးသားနိုင်ငံရေး တာဝန်ထမ်းဆောင်စဉ် ကာလဖြစ်ခဲ့သည့် ၁၉၈၉ ခုနှစ် မေလ ၂၅ ရက်နေ့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို စတင်ဖွဲ့စည်းကာ တိုင်းရင်းသားတို့၏ လူနေမှုဘဝမြင့်မား တိုးတက်ရေးကိုကြိုးပမ်းခဲ့သည်။ ထိုမှတစ်ဖန် ၁၉၉၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

ထိုစဉ်ကနိုင်ငံတော်အစိုးရ(တပ်မတော်)၏ တိုင်းရင်းသားအရေး စွမ်းဆောင်ကြိုးပမ်းမှု၊ အထူးသဖြင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး ဆောင်ရွက်ချက်များကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းပေါင်း(၁၇)ဖွဲ့သည် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ကာ နိုင်ငံတော်အစိုးရနှင့် အတူပူးပေါင်း ဆောင်ရွက်ခဲ့သည့်အတွက် နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနသည် ၁၉၈၈ ခုနှစ်မှ ၂၀၀၃ ခုနှစ်ကာလအတွင်း “မြို့ရွာများ အမြန်ခေတ်မီဖွံ့ဖြိုး တိုးတက်ရမည်” ဟူသော ရည်မှန်းချက်နှင့် မြို့ရွာများ အရှိန်အဟုန်ဖြင့် တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။    ထိုသို့တည်ဆောက်ခဲ့မှုတွင် ထင်ရှားသည်မှာ  သံတောင် တောင်စခန်းမြို့တည်ဆောက်ခြင်းဖြစ်သည်။

ကရင်ပြည်နယ် သံတောင်မြို့ရှိ သံတောင်ကြီးဒေသသည် သံတောင်မြို့မှ(၁၅)မိုင်၊ တောင်ငူမြို့မှ (၂၈) မိုင် ကွာဝေးပါသည်။ သံတောင်ကြီးဒေသသည် မြန်မာနိုင်ငံအောက်ပိုင်းတွင် တည်ရှိပြီး  နွေရာသီအပန်းဖြေ တောင်စခန်းမြို့အဖြစ် ဖန်တီးရန် အခြေအနေပေးလျက်ရှိသည်။သံတောင်ကြီးဒေသအား မြို့ပြဒေသ သတ်မှတ်ပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနမှ   သံတောင်တောင်စခန်းမြို့အဖြစ် အဆင့်မြှင့်တင် တည်ဆောက်ခဲ့သည်မှာ မှတ်တမ်းတစ်ခုဖြစ်သည်။

ထို့ပြင် နယ်စပ်ဒေသအသီးသီးရှိ တိုင်းရင်းသားလူငယ်များ အကြောင်းအမျိုးမျိုးကြောင့် အခြေခံ ပညာမသင်ကြားရခြင်းများ  မရှိစေရေးအတွက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းများတွင် သင်ကြားပေးစေခဲ့သည်။ ပညာအရည်အချင်း နည်းပါးသူ အမျိုးသမီးများအတွက် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာများသင်ကြားပေးခဲ့သည်။ လူငယ်မောင်မယ်များအတွက် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)အား ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့ နယ်တွင်လည်းကောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(မန္တလေး) မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် လည်းကောင်း ၂၀၀၀-၂၀၀၁ ပညာသင်နှစ်မှ စတင်၍ဖွင့်လှစ် သင်ကြားပေးခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်လှပရန်မှာ လူငယ်တိုင်း ကျန်းမာသန်စွမ်းပြီး  ပညာရည်မြင့်မားရေး၊ ကျောင်းနေအရွယ် ကလေးတိုင်းကျောင်းနေရေး၊ ပညာရေးကို ဆုံးခန်းတိုင်အောင်   သင်ယူရေးတို့သည် လိုအပ်ချက်များဖြစ်သည်။ မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များကို ပြည့်စုံစွာ ဖွင့်လှစ် ပေးထားပြီးဖြစ်သည်။ တက္ကသိုလ်များတွင်လည်း ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နည်းပညာမြင့်မားရေး  စသည်ဖြင့်သက်ဆိုင်ရာ ပညာရပ်များအလိုက် ဖွင့်ထားသော တက္ကသိုလ်များရှိကြသည်။ ထို့ပြင်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ကာ ဖွင့်လှစ်ထားသော တက္ကသိုလ်များလည်းရှိသည်။ ထိုအထဲတွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သည်လည်း ပါဝင်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ် သင်တန်းအမှတ်စဉ် (၄)ကျောင်းဆင်းမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။ ထိုသို့ပြောကြားရာတွင် “မောင်တို့၊ မယ်တို့သည် လူငယ်များ လမ်းမှားမရောက်စေရန်၊ ပညာရေးတစ်ပိုင်းတစ်စဖြင့် အနာဂတ်ဘဝများ မပျောက်ပျက်စေရန်၊  ပညာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် ကျောင်းနေအရွယ်အားလုံး ပညာရေးအဆင့်တိုင်း မည်သည့်ခွဲခြားမှုမျှ မရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး၊ ကျောင်းထွက်သူ မရှိစေရေးဆိုသည့် မူဝါဒများနှင့်အညီ  တိုင်းရင်းသား လူငယ်များကို စာရိတ္တနှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့်    နိုင်ငံ့သားကောင်းများဖြစ်လာစေရန်  သင်ကြားလေ့ကျင့်ပြုစု ပျိုးထောင်ပေးကြရန်   မှာကြားလိုကြောင်း” ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည်    တိုင်းရင်းသား လူမျိုးပေါင်း တစ်ရာကျော်ရှိသည့်အတွက် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးသည် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ တိုင်းရင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားနေမှသာ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေးကို ကူညီဆောင်ရွက်နိုင်မည်။ ပညာသည် လူတို့၏ရတနာဖြစ်သည်။ ပစ္စည်းဥစ္စာကုဋေများစွာ ကြွယ်သော်လည်း ပညာမတတ်သောအခါ နောက်ဆုံးတွင် ခွက်လက်စွဲကာ တောင်းရမ်းစားသောက်ရသည်။

ပညာသည် ရွှေငွေကျောက်သံပတ္တမြားတို့ထက် တန်ဖိုးကြီးမားသည်။ ပညာနှင့်ပတ်သက်၍ အဆိုအမိန့်ကား များပြားလှသည်။ ၂၁ ရာစုသည် ပညာခေတ်ဖြစ်ပေရာ ပညာကိုအလေးထား ကြိုးစားသင်ယူနိုင်မှသာ မိမိအတွက်၊ မိမိဒေသအတွက်၊ မိမိနိုင်ငံတော်အတွက် တိုးတက်ကြီးပွားရေးကို  ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။

မျိုးဆက်သစ်လူငယ်မောင်မယ်တိုင်းတွင် ထားရှိရမည်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ရှင်သန် ထက်မြက်ရေးကို ဦးစားပေးသည့်မျိုးချစ်စိတ်ပင်ဖြစ်သည်။ ဒီမိုကရေစီနှင့် ပတ်သက်၍”ဒီမိုကရေစီစနစ် ဆိုသည်မှာပြည်သူများ ကိုယ်တိုင်က ရွေးချယ်သည့်   ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူများ ကိုယ်စား တာဝန်ယူ၊ တာဝန်ခံပြီး အုပ်ချုပ်သည့် စနစ်ပင်ဖြစ်ကြောင်း၊    ဖက်ဒရယ်စနစ်ဆိုသည်မှာ  ပြည်ထောင်စုအတွင်း တိုင်းဒေသကြီးများ၊  ပြည်နယ်များတွင် အတူယှဉ်တွဲနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာတွင်  လုပ်ပိုင်ခွင့်များကို   ခွဲဝေကျင့်သုံးသည့်   အယူအဆ သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊   မျှဝေခံစားခြင်းပင်ဖြစ်ကြောင်း၊  ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင်စုစနစ်ဟု ဆိုကြရာတွင်    ပြည်ထောင်စုအတွင်းရှိ     တိုင်းရင်းသားပြည်သူများ  အတူတကွ ပေါင်းစည်းနေထိုင်ပြီး   တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လုပ်ပိုင်ခွင့်များကို    ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ခွဲဝေကျင့်သုံး သွားကြရမည်ဖြစ်ကြောင်း”ဟူ၍ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်း   အမှတ်စဉ်(၅)ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်အကြီးအကဲက  တွေ့ဆုံအမှာစကားတွင်  ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် အလွန်အရေးကြီးလှပေသည်။ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှု မျှတမှုရှိမှသာ   ယုံကြည်မှုပိုမို တိုးတက်ခိုင်မာလာမည်ဖြစ်သည်။  နိုင်ငံတည်ငြိမ်အေးချမ်းမှ   နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်  နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို စတင်ထမ်းဆောင်ခဲ့သည့် အချိန်မှစပြီး  တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးအတွက် မျှော်မှန်းဆောင်ရွက်ခဲ့သည်။ နိုင်ငံတော် အစိုးရသည် နိုင်ငံတွင်စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်း ဖြစ်ပေါ်လာရေးကို ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချထားပြီး စစ်မှန်သည့်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်လျက်ရှိသည်။

ထိုရည်မှန်းချက်များ အောင်မြင်ရေးအတွက်  နိုင်ငံ့ဝန်ထမ်းများအားလုံး၊ အရပ်ဘက်အဖွဲ့အစည်းများအားလုံး၊   တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက တပ်မတော်နှင့်အတူ  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်ဖြစ်ပါသည်။ သို့မှသာမျှော်မှန်းသည့် ပန်းတိုင်ကို အချိန်တိုအတွင်း အောင်အောင်မြင်မြင် ရောက်ရှိနိုင်မည်ဖြစ်သည်။

ပညာသင်ကြားခြင်းသည် ကလေးသူငယ်၊ လူငယ်လူရွယ်များအတွက် အခွင့်အရေးတစ်ရပ်ဖြစ်သကဲ့သို့  တာဝန်တစ်ခုလည်းဖြစ်သည်။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေးဆိုင်ရာ မူဝါဒများနှင့်အညီ ပညာသင်ကြားခွင့်ရှိသည်။ ဥပဒေဖြင့် ပြဋ္ဌာန်းသည့်    မသင်မနေရ အခြေခံပညာများကိုသင်ကြားရမည်ဟူ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၆၆ တွင်ပြဋ္ဌာန်းထားသည်။ ကုလသမဂ္ဂက ချမှတ်ထားသည့်   ကလေးသူငယ်များ အခွင့်အရေးတွင် ကျန်းမာရေးနှင့်  ပညာသင်ကြားခွင့်သည် ထိပ်ဆုံးကပါဝင်သည်။

ယခုအခါ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ် သင်တန်း အမှတ်စဉ်(၅)မှ ကျောင်းသား ၅၅ ဦး၊ ကျောင်းသူ ၁၅၀ ဦး စုစုပေါင်း ၂၀၅  ဦးသည်  သင်တန်းများ ပြီးမြောက်အောင်မြင်၍  မိမိတို့တာဝန်ကျရာဒေသများတွင် ဒေသကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုး သယ်ပိုးတော့မည်ဖြစ်ပေရာ ဖူးရာမှပွင့်လာသည့်  ရနံ့သင်းသော ပန်းကလေးများအဖြစ်    လွန်စွာ ဝမ်းမြောက်ဂုဏ်ယူဖွယ်   သတင်းကောင်းအဖြစ်   ရေးသား တင်ပြလိုက်ပါသည်။    ။

ဘုန်းမောင်ဝင်း(ဖျာပုံ)