အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (ဒသမအကြိမ်)မြောက် မဟာပဋ္ဌာန်း ကျမ်းမြတ်ပူဇော်ပွဲ ဖွင့်ပွဲ

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (ဒသမအကြိမ်)မြောက် မဟာပဋ္ဌာန်း ကျမ်းမြတ်ပူဇော်ပွဲ ဖွင့်ပွဲ

နေပြည်တော်၊ ဧပြီ - ၂၅

        အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏(ဒသမအကြိမ်)မြောက် မဟာပဋ္ဌာန်း ကျမ်းမြတ်ပူဇော်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ မဟာသန္တရံသီ စေတီတော်မြတ်ကြီး၏ ဓမ္မာရုံအတွင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မဟာဗောဓိကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ က္ကုန္ဒာဝုဓ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။

        ဦးစွာ တိုင်းမှူးက မဟာသန္တရံသီစေတီတော်မြတ်ကြီး၏ ဓမ္မာရုံအတွင်းရှိ မြတ်စွာဘုရားရှင်အား ပန်း၊ ဆီမီး၊ ရေချမ်း၊ သစ်သီး၊ ဆွမ်းတို့ဖြင့် ဆက်ကပ် လှူဒါန်းပြီး  မဟာဗောဓိကျောင်းတိုက် ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်းများဆက်ကပ်လှူဒါန်းကြသည်။

        ထို့နောက် တက်ရောက်လာကြသူများက မဟာပဋ္ဌာန်းကျမ်းမြတ်ပူဇော်ပွဲကို နမောတဿ(၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မဟာဗောဓိကျောင်း တိုက် ဆရာတော်က ရောင်ခြည် တော်ပွင့်ဂါထာတော်အားရွတ်ဖတ် သရစ္ဇျာယ် တော်မူသည်။ ထို့နောက် သီရိမင်္ဂလာကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များကို ခံယူ ဆောက်တည်ကာ ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် တက်ရောက်လာကြသူများက ပဋ္ဌာန်း(၂၄) ပစ္စည်းကို သံပြိုင်ရွတ်ဖတ်တော်မူကြပြီး ခိုလမ်မြို့၊ ဖားဆွမ့်ကျောင်းတိုက် ဆရာတော်က စတင်၍ မဟာပဋ္ဌာန်းကျမ်းမြတ်အား ပူဇော်ရွတ်ဖတ်သရစ္ဇျာယ် တော်မူသည်။

        အဆိုပါ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဧပြီ ၂၇ ရက်ထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။