ရန်ကုန်မြို့တော်ဘဏ်လီမိတက် နှစ်(၃၀)ပြည့် ပုလဲရတု အထိမ်းအမှတ်ကျင်းပ
နေပြည်တော်၊ ဧပြီ - ၂၅
ရန်ကုန်မြို့တော် ဘဏ်လီမိတက်၏ နှစ်(၃၀)ပြည့် ပုလဲရတုအထိမ်းအမှတ်ကို ယနေ့နံနက်ပိုင်းတွင် ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမ၌ ပြုလုပ်ရာ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန် မြို့တော်ဘဏ်လီမိတက် နာယက(မြို့တော်ဝန်)က အမှာစကားပြောကြားကာ အမှုဆောင်အရာရှိချုပ် က နှစ်(၃၀)ကာလအတွင်း ဘဏ်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရန်ကုန် မြို့တော်ဘဏ်စတင်တည်ထောင်ခဲ့သည့် ပုဂ္ဂိုလ်များအား လက်ဆောင်ပစ္စည်းများ အား ချီးမြှင့်ခဲ့ပြီး ဘဏ်ဝန်ထမ်း လုပ်သက်နှစ်(၃၀)ပြည့် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်း(၁၀)ဦးအတွက် ဂုဏ်ပြုဆုငွေ ချီးမြှင့်ကာ ရန်ကုန်မြို့တော်ဘဏ်၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဝန်ထမ်းဆုကြေးငွေများ ချီးမြှင့်ပေးအပ်သည်။ ယင်းနောက် ဘဏ်ဝန်ထမ်းများ ကိုယ်စား ဘဏ်ဝန်ထမ်းတစ်ဦးက ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။