မြန်မာ့ပင်လယ်အနာဂတ်နှင့် မျိုးဆက်သစ်ရေကြောင်း လူငယ်မောင်မယ်များ

မြန်မာ့ပင်လယ်အနာဂတ်နှင့် မျိုးဆက်သစ်ရေကြောင်း လူငယ်မောင်မယ်များ

    မိမိတို့နိုင်ငံအတွက် အတာကူးသည့် တန်ခူးလသည် ပူပြင်းသော ဂိမှာန် နွေဥတုတွင် ကျရောက်လျက်ရှိ၏။ ပျော်ရွှင်ဖွယ် ရေသဘင်ပွဲနှင့် နွေအပူကို အန်တုခဲ့ကြ၏။ အများကမျှော်လင့်ကြသော သင်္ကြန်မိုးကား ဟုတ်တိပတ်တိ ရွာသွန်းမှုမရှိသောကြောင့် နှစ်ကူးသင်္ကြန်ပွဲနှောင်းပိုင်းသည် ပိုမိုပူပြင်းသည်ဟု ခံစားရ၏။    ပြင်းထန်သော သူရိယနေမင်း၏ အပူဒဏ်အောက်တွင်   အရာရာသည် ခြောက်သယောင်းလျက် ပျင်းရိငြီးငွေ့ဖွယ် နွေသရုပ်ကို  အထင်းသားမြင်တွေ့နေရပေသည်။

သို့ရာတွင်    အဆိုပါနွေသရုပ်နှင့် ဆန့်ကျင်ဘက် သစ်လွင်တက်ကြွသော၊ ပျိုမျစ်နုနယ်သော၊  ရွှင်လန်းတောက်ပသော၊ ပျော်ရွှင်ဆန်းသစ်သော မြင်ကွင်းများကို ရုပ်မြင်သံကြား ဖန်သားပြင်ထက်တွင် တွေ့မြင်နေရ၏။ ယင်းမှာ  ရန်ကုန် အင်းယားရေကြောင်း လူငယ်သင်တန်း အပအဝင်    မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မျိုးဆက်သစ် ရေကြောင်း လူငယ်သင်တန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပနေမှုများ ထုတ်လွှင့်ပြသနေမှု မြင်ကွင်းများပင်ဖြစ်၏။

ပူပြင်းသောနွေရာသီကို အန်တုကာ ရွှင်လန်းတက်ကြွစွာ သင်တန်းတက်ရောက်နေကြသည့် မျိုးဆက်သစ် ရေကြောင်းလူငယ်မောင်မယ်များကို     မြင်တွေ့ရသည်မှာ   စိတ်နှလုံး  ကြည်နူးချမ်းသာရှိလှပေ၏။

အနာဂတ်နိုင်ငံတော်အတွက်   အတွေးအခေါ်ရှိပြီး လမ်းကြောင်းမှန်ကို ရွေးချယ်တတ်သော  လူငယ်မောင်မယ်များအဖြစ်  တွေးထင်မိ၏။

ရေကြောင်းလူငယ် အခြေခံသင်တန်းနှင့် ရေကြောင်းလူငယ် တန်းမြင့်သင်တန်းများကို ရန်ကုန်မြို့  အင်းယားရေကြောင်း လူငယ်စခန်းအပါအဝင် ကျောက်ဖြူ၊ ပုသိမ်၊ မော်လမြိုင်၊ ဟိန်းဇဲ၊ မြိတ်၊ ကျွန်းစု၊ မန္တလေး၊ ကျိုင်းတုံ၊ စစ်တွေ၊ ကိုကိုးကျွန်း စသော တပ်မတော်(ရေ) ရေကြောင်းလူငယ်စခန်း ၁၁ ခုတွင် သင်တန်းသား၊  သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြား နေခြင်းပင်ဖြစ်သည်။ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိထိရောက်စွာ အသုံးချနေကြသည့်  မိမိအတွက်၊  နိုင်ငံတော်အတွက် အကျိုးအနန္တဖြစ်ထွန်းစေမည့် ရေကြောင်းလူငယ် သင်တန်းများတွင် ရွှင်လန်းတက်ကြွစွာ  သင်တန်းတက်ရောက်နေကြသည့် မျိုးဆက်သစ်ရေကြောင်း လူငယ်မောင်မယ်များကို   မြင်တွေ့ရသူအပေါင်းမှာ  အားရကျေနပ်ကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ဤကဲ့သို့    အဖိုးတန်အကျိုးရှိသော ရေကြောင်းလူငယ် သင်တန်းများကို ယခုကဲ့သို့  နွေရာသီကျောင်းပိတ်ရက်များတွင် တပ်မတော်(ရေ)၊  ရေကြောင်းလူငယ် စခန်းများ၌ ဖွင့်လှစ်ပို့ချခဲ့သည်မှာ ၂၀၁၄ ခုနှစ်ကတည်းကဖြစ်၏။ ၂၀၁၉ ခုနှစ်အထိ ခြောက်နှစ်ဆက်တိုက် ဖွင့်လှစ်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး ကူးစက်ပြန့်ပွားလာသော  ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့်  သင်တန်းများ ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ဘဲ  ယခုနှစ်တွင်မှ  ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်၏။

အဆိုပါရေကြောင်းလူငယ် သင်တန်းများ စတင်ဖွင့်လှစ်ခဲ့သော ၂၀၁၄  ခုနှစ်တွင် သင်တန်းစခန်း ခြောက်ခု၌ သင်တန်းသား၊ သင်တန်းသူ ၁၈၀ ဦး၊ ၂၀၁၅ ခုနှစ်တွင် သင်တန်းစခန်း ခြောက်ခု၌ ၃၅၀ ဦး၊ ၂၀၁၆ ခုနှစ်တွင် သင်တန်းစခန်း ခုနစ်ခု၌ ၃၉၀ ဦး၊ ၂၀၁၇ ခုနှစ်တွင် သင်တန်းစခန်း ရှစ်ခု၌ ၄၇၀ ဦး၊ ၂၀၁၈ ခုနှစ်တွင် သင်တန်းစခန်း ရှစ်ခု၌ ၅၈၀ ဦး၊ ၂၀၁၉ ခုနှစ်တွင် သင်တန်းစခန်း ၁၂ ခု၌ ၆၂၀ ဦး လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့သည့်အတွက် ရေကြောင်းလူငယ် မောင်မယ် ၂၅၉၀ ဦးကို မွေးထုတ်လေ့ကျင့်ပေးနိုင်ခဲ့ပြီဖြစ်၏။ယခုနှစ်တွင်လည်း ကျိုင်းတုံ၊ စစ်တွေ၊ ကိုကိုးကျွန်းစခန်းတို့ကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ရေကြောင်းပညာရပ်များကို    စိတ်ပါဝင်စားသော မျိုးဆက်သစ်လူငယ်မောင်မယ်များကို ပိုမိုလေ့ကျင့် မွေးထုတ်ပေးနိုင်မည့်အပြင် လူငယ်မောင်မယ်များ၏ အနာဂတ်ခရီးအတွက် ပြန့်ပြူးသောလမ်းကို ခင်းထားပေးသကဲ့သို့ ဖြစ်ပေသည်။

ရေကြောင်းလူငယ်   သင်တန်းသား၊ သင်တန်းသူများ ရွေးချယ်ရာတွင် အခြေခံပညာ သတ္တမတန်းအထက် ကျောင်းသား၊ ကျောင်းသူများကို  အဓိကထား  ရွေးချယ် တက်ရောက်  လေ့ကျင့်ပေးလျက်ရှိ၏။ တက္ကသိုလ် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများလည်း စိတ်ပါဝင်စားစွာ တက်ရောက်လျက်ရှိ၏။  ယခုနှစ်တွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး သင်တန်းတက်ရောက်လျက်ရှိကြောင်း သိရှိရသဖြင့် များစွာ နှစ်ထောင်းအားရဖြစ်မိ၏။ ထို့ပြင် ရေကြောင်းလူငယ်သင်တန်း စခန်းအသီးသီးတွင် တက်ရောက်လျက် ရှိကြသော သင်တန်းသား၊ သင်တန်းသူ ၇၁၂ ဦးအနက် စစ်ဘက်မှ ၄၅၄ ဦး၊ အရပ်ဘက်မှ ၂၅၈ ဦးဖြစ်ကြောင်း သိရှိရသဖြင့် လူငယ်တို့အကြား ရေကြောင်းပညာရပ်ကို စိတ်ပါဝင်စားမှုမြင့်မားလာကြောင်း သတိပြုမိ၏။ အနာဂတ်နိုင်ငံတော်အတွက် အလားအလာကောင်းတစ်ရပ်၊  အင်အား တစ်ရပ်အဖြစ် အသိအမှတ်ပြုမိ၏။

လူငယ်ပီပီ လေ့လာစူးစမ်းလိုသော၊ စွန့်စားလိုသော မျိုးဆက်သစ် ရေကြောင်းလူငယ် မောင်မယ်များကို ဧပြီ ၂၄ ရက်မှ မေလ ၁၉ ရက်အထိ သင်တန်းကာလ လေးပတ်ကြာ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်သည်။ ပထမသင်တန်းကာလ သုံးပတ်မှာ တနင်္လာနေ့မှ စနေနေ့အထိ  ရေကြောင်းပညာသင်ခန်းစာများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်၏။ သင်ကြားသွားမည့်ဘာသာရပ်များမှာ   စစ်ရေးပြ၊ ရေကူး၊ ရေတပ်သား၊ ရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒ၊  GPS အပါအဝင် ရေကြောင်းသွားလာရေး၊   ရေတပ်သားအချက်ပြ ဆက်သွယ်ရေးနှင့် လှေလှော်ရွက်တိုက် ဘာသာရပ်များဖြစ်ရာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက်သာမက နိုင်ငံတော် ကာကွယ်ရေးအတွက်လည်း  များစွာအထောက်အကူပြုသော ဘာသာရပ်များဖြစ်၏။

အထက်ပါ ဘာသာရပ်များအနက် စစ်ရေးပြ ဘာသာရပ်ကို သင်ကြားခြင်းဖြင့် အမိန့်နာခံမှုကောင်းခြင်း၊ စည်းကမ်းကောင်းခြင်း၊ အချင်းချင်း ပူးပေါင်းဆောင်ရွက် တတ်ခြင်း၊ ကျစ်လျစ်ခိုင်မာသော အဖွဲ့အစည်း တစ်ခု ထူထောင်နိုင်ခြင်း၊ ခေါင်းဆောင်မှု စွမ်းရည် တိုးတက်စေခြင်း စသော အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်၏။ ရေတပ်သား ဘာသာရပ်ကို သင်ကြားခြင်းဖြင့် ရေယာဉ်များ၏ အရာဝတ္ထု၊ အသုံးအဆောင်၊ ပစ္စည်း သုံးစွဲပုံ စသည်တို့ကို သီးခြားသတ်မှတ်ခေါ်ဆိုသော ရေကြောင်းဆိုင်ရာဝေါဟာရများ နားလည်သိရှိနိုင်ခြင်း၊    စစ်ရေယာဉ်တစ်စင်း၏ ဖွဲ့စည်းပုံ၊  နေ့စဉ်ဆောင်ရွက်နေရသည့် တာဝန်ဝတ္တရားများ၊ ကြိုးချည် ကြိုးထိုးနည်းများ၊ အဝေးကြည့်ကင်းတာဝန် ထမ်းဆောင်ခြင်း၊ ရေတိုင်းခြင်း စသော ရေတပ်သားတစ်ဦး အခြေခံသိရှိသင့်သည့် လုပ်ငန်းတာဝန်များ၊  ပညာရပ်များကို နားလည်သိရှိနိုင်မည်ဖြစ်၏။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ  ဘာသာစကား ကွဲပြားခြားနားသော်လည်း    ရေတပ်သား အချက်ပြ ဆက်သွယ်ရေး ဘာသာရပ်ကို သင်ကြားခြင်းဖြင့်  ပင်လယ်ပြင်တွင် ရေယာဉ်တစ်စင်းမှ အခြားတစ်စင်းသို့ အလံတင်ချဆက်သွယ်နည်း၊ မျက်မြင်အချက်ပြ ဆက်သွယ်နည်းများဖြင့် ဆက်သွယ်နိုင်သော ပညာရပ်များကို လေ့လာ သင်ယူနိုင်မည်ဖြစ်၏။

ထို့ပြင်  သာမန်လူငယ်လူရွယ်များ သင်ယူလေ့ကျင့်ရန် ခက်ခဲသော၊ အခွင့် အလမ်းနည်းပါးသော ရေကူးနှင့် လှေလှော်ရွက်တိုက် ဘာသာရပ်ကို သင်ကြားပေးခြင်း ဖြင့် ရေနှင့်ရင်းနှီးကျွမ်းဝင်ကာ မိမိကိုယ်မိမိ ယုံကြည်စိတ်ချ၍ ကြံ့ခိုင်သန်စွမ်းသက်လုံ ကောင်းသည့်အပြင် ထူးချွန်သည့်ရွက်ပုန်းသီး ရေကူးနှင့် လှေလှော်ရွက်တိုက် မျိုးဆက်သစ် အားကစားမောင်မယ်များကို မြေတောင်မြှောက် မွေးထုတ်ပေးနိုင်မည်ဖြစ်၏။

ရေကြောင်းလူငယ်သင်တန်း၏ နောက်ဆုံး ရက်သတ္တပတ်တွင် ရေကြောင်းလူငယ် စခန်း ၁၁ ခုမှ သင်တန်းသား၊ သင်တန်းသူများကို    ရန်ကုန်အင်းယားစခန်းမှာ စုစည်းပြီး စခန်းပေါင်းစုံတွေ့ဆုံပွဲပြုလုပ်မည်ဖြစ်၏။ အဆိုပါတွေ့ဆုံပွဲတွင် သင်ကြား ပေးခဲ့သော ဘာသာရပ်များအလိုက် ပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ရာ  သင်ခန်းစာ ဘာသာရပ်များအပေါ်  ပိုမိုနားလည်သဘောပေါက်ကြမည့်အပြင် အပြိုင်အဆိုင်ကြိုးစား လိုစိတ်၊ အဖွဲ့အစည်းစိတ်၊ အချင်းချင်း ရိုင်းပင်းကူညီလိုစိတ်များ တိုးပွားလာကြမည်ဖြစ်၏။  မြန်မာပြည်အနှံ့အပြားမှ လာရောက်ကြသည့်   သင်တန်းသား၊ သင်တန်းသူများ  တွေ့ဆုံကြရမည်ဖြစ်ရာ အသိမိတ်ဆွေ တိုးပွားမည့်အပြင် သက်ဆိုင်ရာ ဒေသအသီးသီး၏ ဒေသန္တရဗဟုသုတများလည်း  ရရှိကြမည်ဖြစ်၏။  ထို့ပြင် လေ့လာရေးခရီးစဉ်များလည်း ထည့်သွင်းစီစဉ်ထားရာ လက်ရှိနိုင်ငံတော်၏ တည်ငြိမ်အေးချမ်း တိုးတက်ဝေစည်နေမှုများကို  မျက်ဝါးထင်ထင် တွေ့မြင်နိုင်ကြမည်ဖြစ်၏။

နွေရာသီကျောင်းပိတ်ရက်များကို အကျိုးရှိစွာ အသုံးပြုပြီး အနာဂတ်ကာလတွင် နိုင်ငံတော်က အားထားရမည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်ကြသော၊  အနာဂတ်နိုင်ငံတော်အတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ် သည့် ရေကြောင်းလူငယ်သင်တန်းကို   မိမိတို့ ဝါသနာအရ  သင်ယူလေ့လာလိုစိတ်၊ တက်ကြွသော စိတ်ဓာတ်များနှင့် သင်တန်းတက်ရောက်လာကြသည့် မျိုးဆက်သစ် ရေကြောင်းလူငယ်   မောင်မယ်များကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ကြိုဆိုပါကြောင်း၊ ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက် ရန်ကုန်အင်းယား စခန်း၌  ကျင်းပပြုလုပ်သော ရေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၃)နှင့်    ရေကြောင်းလူငယ်တန်းမြင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၃)တို့၏   ဖွင့်ပွဲအခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)  ကိုယ်စား စစ်ဦးစီးအရာရှိချုပ်(ရေ)    ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်က   ထည့်သွင်း ပြောကြားသွား၏။

ထို့ပြင် စစ်ဦးစီးအရာရှိချုပ်(ရေ)က ရေကြောင်းလူငယ်သင်တန်းများ ဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်များမှာ “ရေကြောင်း ပညာရပ်များနှင့် ရေကြောင်းသွားလာရေး ဆိုင်ရာ အတတ်ပညာများကို လူငယ်လူရွယ်များ စိတ်ပါဝင်စားလာပြီး ကျွမ်းကျင် တတ်မြောက်လာစေရန်၊ ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးတွင် ရေကြောင်းပို့ဆောင် ရေးအခန်းကဏ္ဍ အရေးပါကြောင်း လူငယ်များ သိရှိနားလည်လာစေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာဖြင့် စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ကျောင်းချိန်ပြင်ပဖြစ်သော ကိုယ်ပိုင်အချိန်ကို အလဟဿမဖြစ်စေဘဲ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်ပြီး မိမိဝါသနာပါရာ ပညာရပ်ကို   တစိုက်မတ်မတ် လေ့လာလေ့ကျင့်နိုင်စေရန်၊ နိုင်ငံတော်၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန်၊ အသိပညာအတတ်ပညာများ တိုးပွားလာပြီး အနာဂတ်နိုင်ငံတော်အတွက်  အားကိုးအားထားပြုရမယ့် မျိုးဆက်သစ်များ  ပေါ်ထွန်းလာစေရန်၊ တိုင်းပြည်ကာကွယ်ရေး အတွက် အရေးပေါ်ကာလများတွင် လူငယ်လူရွယ်များကို အားကိုးအားထားပြုနိုင်ရန် တို့ပင်ဖြစ်၏။” နိုင်ငံတော်က ရေကြောင်းလူငယ်သင်တန်းများကို မျှော်လင့်ချက် ကြီးမားစွာထား၍ စနစ်တကျ စီမံဖွင့်လှစ်ကြောင်း  သိသာထင်ရှား၏။ တစ်နည်းအားဖြင့် လူငယ်နှင့် ပင်လယ်ပြင်ကို တွေ့ဆုံနိုင်ရန် ဖန်တီးပေးလိုက်ခြင်းလည်းဖြစ်၏။

ယနေ့   နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေကြသူများမှာ တစ်ချိန်က ကျောင်းသား၊ ကျောင်းသူလူငယ်များပင် ဖြစ်၏။ လူငယ်ဆိုသည်မှာ အနာဂတ်နိုင်ငံ တော်အတွက် ထပ်လောင်းပေါင်းစည်း တိုးပွားလာမည့်  လူသားအရင်းအမြစ်များပင်ဖြစ်၏။ မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံ အသီးသီးသည်လည်း သက်ဆိုင်ရာ နိုင်ငံ အဓွန့်ရှည်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များအခန်းကဏ္ဍကို အလေးထားပြုစု ပျိုးထောင်ပေးလျက်ရှိ၏။

အလားတူ မိမိတို့နိုင်ငံတွင်လည်း နိုင်ငံတော် တည်ဆောက်ရေး အခန်းကဏ္ဍတွင် လူငယ်များ၏စွမ်းဆောင်နိုင်မှုသည်   အလွန်အဓိကကျ၏။ နိုင်ငံတော် ကာကွယ်စောင့်ရှောက်ရန် အင်အားနှင့် စွမ်းရည်မရှိပါက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုသည် ရေရှည်မတည်တံ့နိုင်သောကြောင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးသာမက နိုင်ငံတော်လုံခြုံရေးနှင့်  ကာကွယ်ရေး အခန်းကဏ္ဍများတွင် လူငယ်များ၏ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုများ မရှိမဖြစ်လိုအပ်၏။ ယနေ့ကမ္ဘာကြီးသည်   သိပ္ပံနှင့် နည်းပညာဆိုင်ရာ တစ်ဟုန်ထိုးပြောင်းလဲ တိုးတက်လျက်ရှိရာ ခေတ်နှင့်လိုက်လျောညီထွေစွာ  မိမိတို့အပေါ် ကျရောက်လာမည့်   နိုင်ငံတော်တာဝန်များကို  ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် ယခုကတည်းက ပြင်ဆင်ကြိုးစားသွားကြရန်လိုအပ်၏။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အနာဂတ်နိုင်ငံတော်အတွက် လူငယ်များ၏  အခန်းကဏ္ဍ အလွန်အရေးကြီးမှုကို ခံစားနားလည်သိရှိစေရန်  ရေကြောင်းလူငယ်၊   လေကြောင်းလူငယ်များကို ကိုယ်တိုင်လက်ခံတွေ့ဆုံခြင်း၊ အားပေးစကားပြောကြားခြင်း၊ လိုအပ်သည်များ လမ်းညွှန်မှာကြားခြင်းတို့ကို အရေးတယူ ဆောင်ရွက်လျက်ရှိ၏။ နိုင်ငံတော်အကြီးအကဲ အနေဖြင့် လူငယ်များကို အလေးအနက် ထားကြောင်း သိသာထင်ရှား၏။

မြန်မာ့ပင်လယ်ပြင်တွင်  ပါဝင်သော ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်  ပင်လယ်နှစ်စင်းသည် နိုင်ငံ၏ အနောက်ဘက်တံခါးသဖွယ် ပထဝီအနေအထားအရ အလွန်အချက်အချာကျသည့် နေရာတွင်တည်ရှိနေ၏။ အရှေ့ဘက်တွင် အာဆီယံနိုင်ငံများ အပါအဝင် အာရှဒေသ တစ်ခုလုံးနှင့် ပစိဖိတ်သမုဒ္ဒရာ၊ အနောက်ဘက်တွင် တောင်အာရှအပါအဝင် အိန္ဒိယ သမုဒ္ဒရာ   စသော သမုဒ္ဒရာနှစ်စင်းနှင့် ဆက်စပ်လျက်ရှိပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးတို့တွင် အချက်အချာကျကျ တည်ရှိနေ၏။ မြန်မာ့ပင်လယ်ပြင်မှ အဖိုးထိုက်တန်သော ရေနံ၊ သဘာဝဓာတ်ငွေ့၊ ငါး၊ ပုစွန်၊ ပုလဲ စသည့် အဖိုးတန်သယံဇာတများ  ထုတ်ယူအသုံးပြုလျက်ရှိရာ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားများ(National Interests)ကို မြောက်မြားစွာ ပံ့ပိုးပေးလျက်ရှိ၏။ ထို့ကြောင့် “မြန်မာ့ပင်လယ်ပြင်သည် မြန်မာနိုင်ငံ၏ အနာဂတ်” ဟူ၍ပင်ဆိုနိုင်မည်ဖြစ်၏။ အဆိုပါ အနာဂတ်ကို  ရေကြောင်းလူငယ်မောင်မယ်တို့ကပင် ထုဆစ်ပုံဖော်ကြရမည်ဖြစ်၏။ ယခုလူငယ်လူရွယ်တို့၏ လက်တွင်းတွင် မြန်မာနိုင်ငံ၏ အနာဂတ်၊ မြန်မာ့ပင်လယ်ပြင်၏ အနာဂတ်သည် ရောက်ရှိပိုင်ဆိုင်ထားကြောင်း ဆိုနိုင်၏။ မြန်မာ့ပင်လယ်ပြာ၏ တောက်ပသော  အနာဂတ်ကြယ်ပွင့်များဟု ဆိုနိုင်၏။

ပင်လယ်ပြင်ကို အတားအဆီး၊ အခက်အခဲ တစ်ရပ်အဖြစ်မယူဆဘဲ ကြားခံအဖြစ် အသုံးချခဲ့သော၊ ပင်လယ်ပြင်ကို အကျိုးရှိစွာ အသုံးပြုခဲ့သော အင်္ဂလန်နိုင်ငံသည် ကျွန်းနိုင်ငံငယ်ဖြစ်သော်လည်း နေမဝင်အင်ပါယာကို  ထူထောင်နိုင်ကာ  မိမိတို့နိုင်ငံ အပါအဝင် ကမ္ဘာကိုအုပ်စိုးနိုင်ခဲ့၏။ ထို့ကြောင့်  ပင်လယ်ပြင်၏ လှိုင်းတံပိုးများကို ဖြတ်ကျော်ပြီး နိုင်ငံတော်အတွက် ပင်လယ်ပြင်ကို ထိရောက်စွာ အသုံးချသွားရန်မှာ မျက်မှောက်ခေတ် လူငယ်တို့၏ သမိုင်းပေးတာဝန်၊ ပခုံးပြောင်း တာဝန်ပင်ဖြစ်၏။  တိုင်းပြည်အနာဂတ်အတွက် တည်ဆောက်ပေးရန် တာဝန်ရှိသော လူငယ်များအနေဖြင့် ကမ္ဘာကိုရင်ပေါင်တန်းနိုင်ရန်၊ ရေကြောင်းအတတ်ပညာများ မျှဝေနိုင်ရန် ဤကဲ့သို့သော   ရေကြောင်းလူငယ် သင်တန်းများ ဖွင့်လှစ်ပေးနေရခြင်းပင် ဖြစ်၏။

ဤသို့   အဖိုးအနဂ္ဃထိုက်တန်သော မြန်မာ့ပင်လယ်ပြင်ကို ကာကွယ်ရန် စနစ်တကျ ဖွဲ့စည်းထားသော  ကာကွယ်ရေး စွမ်းအားလိုအပ်၏။ ကာကွယ်ရေးစွမ်းအား မရှိပါက အဆိုပါပင်လယ်ပြင်သည် အကာအကွယ်မဲ့သော  တံခါးပေါက်များကဲ့သို့ ဖြစ်နေမည်ဖြစ်၏။  မြန်မာ့သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်လျှင် နယ်ချဲ့အင်္ဂလိပ် တို့၏ ပင်လယ်ပြင်မှ ကျူးကျော်တိုက်ခိုက်မှုကို သုံးကြိမ်တိုင်တိုင်ခံရကာ သူ့ကျွန်ဘ၀ ကျရောက်ခဲ့ရ၏။ ထိုစဉ်အခါက မိမိတို့နိုင်ငံတွင် ရေကြောင်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းရည်ထက်မြက်သည့် တပ်မတော်(ရေ)ရှိခဲ့လျှင် နယ်ချဲ့တို့၏ ကျူးကျော်ရန်စမှုကို အောင်မြင်စွာ တွန်းလှန် ဟန့်တားနိုင်မည်ဖြစ်၏။ ထို့ကြောင့် အဖိုးတန်ပင်လယ်ပြင်ကို ကာကွယ်ရန် စွမ်းရည်ပြည့်ဝသည့် တပ်မတော်(ရေ) မဖြစ်မနေ လိုအပ်၏။

ထို့ပြင်   နိုင်ငံတစ်နိုင်ငံ၏ ရေကြောင်း စွမ်းအားသည် ရေတပ်စွမ်းအား တစ်ခုတည်းအပေါ် မူတည်မနေဘဲ ပြည်သူလူထု၏ ရေကြောင်းအသိပညာရှိမှု၊ ပင်လယ်ပြင်အပေါ် အာရုံစိုက်မှု၊ ရေကြောင်းဆိုင်ရာ အဆောက်အအုံများ ဖွံ့ဖြိုးရှင်သန်မှု စသည့် အချက်များပေါ်တွင်လည်း များစွာတည်မှီလျက်ရှိ၏။ ထို့ပြင် အရာရာ စူးစမ်းလေ့လာလိုသော၊ နိုးကြားတက်ကြွသော လူငယ်မောင်မယ်များ၏ ရေကြောင်းအတတ်ပညာများကို လေ့ကျင့်သင်ယူကြိုးစား အားထုတ်မှုအပေါ်တွင်လည်း များစွာတည်မှီလျက် ရှိသည်။

မျက်မှောက်ခေတ် တပ်မတော်(ရေ) အနေဖြင့် ရေပြင်စစ်ဆင်ရေး၊  ဝေဟင် စစ်ဆင်ရေး၊ ရေအောက်ရန် ကာကွယ်မှု စစ်ဆင်ရေးနှင့် အီလက်ထရွန်နစ် စစ်ဆင်ရေးစသော စစ်ဆင်မှုနယ်ပယ်လေးရပ်ကို ဆောင်ရွက်နိုင်သော စစ်ရေယာဉ်များ ပိုင်ဆိုင်ထားရှိပြီးဖြစ်သည့်အပြင် ရေငုပ်သင်္ဘော စစ်ရေယာဉ်များကိုပါ   ပိုင်ဆိုင်ထားရှိပြီးဖြစ်၍ မြန်မာ့ပင်လယ်ပြင်ကို ရှေ့တန်းကျကျ ကာကွယ်စောင့်ရှောက်နိုင်ပြီဖြစ်၏။ စစ်ရေယာဉ်များဖြင့် ဝေးလံသော ရုရှားနိုင်ငံ၊   ကိုရီးယားနိုင်ငံများအထိ ချစ်ကြည်ရေးခရီးများ သွားရောက်ခြင်း၊ နိုင်ငံတကာ စစ်ရေယာဉ်များနှင့် ပူးပေါင်း လေ့ကျင့်ခြင်း၊ ပင်လယ်ပြင်နယ်နိမိတ်မျဉ်းတစ်လျှောက် ပူးတွဲကင်းလှည့်ခြင်းများ ဆောင်ရွက်လျက်ရှိ၏။ ထို့ပြင် ပင်လယ်သွားဆေးရုံရေယာဉ်၊ မြစ်တွင်းသွားဆေးရုံ ရေယာဉ်များဖြင့် ဆေးရုံ၊ ဆေးခန်းဝေးကွာသော ဒေသရှိ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုများ၊   သဘာဝဘေး အန္တရာယ်ကျရောက်သော ဒေသများတွင် စစ်ရေယာဉ်များဖြင့် အချိန်အခါမရွေး၊ အမြန်ဆုံး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ၏။ လက်ရှိအချိန် တွင် တပ်မတော်(ရေ)အနေဖြင့် ဒေသတွင်း ရေတပ်များနှင့် ရင်ပေါင်တန်းနိုင်ပြီး မြန်မာ့ပင်လယ်ပြင်ကို ကာကွယ်နိုင်စွမ်း ရှိနေပြီဖြစ်ရာ မျိုးဆက်သစ်လူငယ်မောင်မယ်များကို လက်ကမ်းကြိုဆိုလျက်ရှိ၏။

ပထဝီအနေအထားအရ အချက်အချာကျသော နေရာတွင်တည်ရှိပြီး ရေကြောင်း အကျိုးစီးပွားအပေါ်အခြေပြု တည်ဆောက်သွားကြသည့် နိုင်ငံအများစုသည် ခေတ်မီဖွံ့ဖြိုးတိုးတက်လျက်ရှိ၏။သာဓကဖော်ထုတ်ပြသရပါက စင်ကာပူနိုင်ငံဖြစ်၏။

ထိုသို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ဖန်တီးတည်ဆောက်လိုပါက မျိုးဆက်သစ်လူငယ်များအနေဖြင့် ပင်လယ်ရေကြောင်းဆိုင်ရာ ယုံကြည်ချက်၊   ခံယူချက်ကောင်းမွန်ပြီး ရေကြောင်းဆိုင်ရာ အသိပညာ၊ ဗဟုသုတ၊ အတွေ့အကြုံများနှင့် ပြည့်စုံကြွယ်ဝနေရန် လိုအပ်၏။ ထို့ကြောင့် ယခုကဲ့သို့သော ရေကြောင်းလူငယ် သင်တန်းများကို ဖွင့်လှစ်သင်ကြား ပို့ချရခြင်းပင်ဖြစ်၏။ ရေကြောင်းဆိုင်ရာ အသိပညာ၊  အတတ်ပညာနှင့် အတွေ့အကြုံများကို သင်ကြားဖြန့်ေ၀ လက်ဆင့်ကမ်း နေခြင်းပင်ဖြစ်၏။

ရေကြောင်းလူငယ်   သင်တန်းစခန်း အသီးသီးတွင် တက်ရောက်သင်ကြားလျက်ရှိသော “မြန်မာ့ပင်လယ်အနာဂတ်နှင့် မျိုးဆက်သစ်  ရေကြောင်းလူငယ်မောင်မယ်များ” ဖြစ်ကြသည့် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့်   ပင်လယ်ရေကြောင်းဆိုင်ရာ  ဘာသာရပ်များတွင် အရည်အချင်းပြည့်ဝပြီး ကျန်းမာကြံ့ခိုင်၍ ထူးချွန်ထက်မြက်သူများ ဖြစ်ကြစေရန်၊ သင်တန်းကာလ တစ်လျှောက် ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းစေရန်၊ ရေကြောင်းဆိုင်ရာ ပညာရပ်များကို ဆက်လက်လေ့လာ သင်ယူပြီး အနာဂတ်ကာလတွင် နိုင်ငံတော်က အားထားရသည့် ရေကြောင်းဆိုင်ရာ အသိပညာရှင်၊   အတတ်ပညာရှင်များဖြစ်လာကြစေရန်၊ မြန်မာ့ပင်လယ်ပြင်ကို ကာကွယ်စောင့်ရှောက်နိုင်သော သားကောင်းရတနာ၊ သမီးကောင်း ရတနာဖြစ်လာကြစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း၊ ရေကြောင်းလူငယ်သင်တန်းများ၏ ရည်ရွယ်ချက်များ ထမြောက်အောင်မြင်စေရန်နှင့် လူငယ်များအနေဖြင့် အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပင်လယ်ပြင်အား   ထိရောက်စွာ အသုံးချနိုင်သည့် မျိုးစေ့ကောင်းများအဖြစ်    ရှင်သန် ဖြစ်ထွန်းလာစေရန်  ရည်မျှော်လျက်ရှိပါကြောင်း။   ။

ရဲလွင်(တိုင်းတာရေး)