အပူလျှပ်သတိလစ်ခြင်းအကြောင်း သိကောင်းစရာ
နွေရာသီရောက်လာလျှင် သတိထားရမည့်အရာမှာ အပူလျှပ်ခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံ၌ အလွန် ပူပြင်းသည့် မတ်၊ ဧပြီနှင့် မေလဆန်း (တပေါင်း၊ တန်ခူး၊ ကဆုန်) လများတွင် အပူလျှပ်ခြင်းအဖြစ်များ သည်။ အပူလျှပ်ပါက ရုတ်တရက် သတိလစ်ပြီး သေဆုံးစေနိုင်သည်။ အပူချိန်လွန်ကဲခြင်းကြောင့် ဦးနှောက်အတွင်းမှ သွေးကြောကြီး သို့မဟုတ် လက်တက်ခွဲသွေးကြောငယ် တစ်ခုခုပေါက်ပြီး ရုတ်တရက် မူးမိုက်ကာ သတိလစ် လဲကျသွားစေနိုင်သည်။
ဦးနှောက်သွေးကြောပေါက်သည့် နေရာအနေအထား ပေါ်မူတည်၍ အသက်သေဆုံးသည်အထိ ဖြစ်နိုင်သကဲ့သို့ ကုသမှုခံယူသဖြင့် သတိရပြီးနောက်လည်း ကိုယ်တစ်ခြမ်းလေဖြတ်မလှုပ်နိုင်သည့် ဝေဒနာ ခံစားရ နိုင်သည်။
Heat Stroke အကြောင်း
Heat ဆိုသည်မှာ အပူ၊ Stroke ဆိုသည်မှာ လေဖြတ်ခြင်းဖြစ်သောကြောင့် အပူလျှပ်ပြီးဖြစ်သော လေဖြတ်ရောဂါဟု ဘာသာပြန်ဆိုနိုင်သည်။ Heat Stroke ခေါ် အပူလျှပ်၍ လေဖြတ်ခြင်းအကြောင်း သိထားသင့်သောကြောင့် သာဓကပြု၍ တင်ပြလိုက် ရပါသည်။
အပူလွန်ကဲချိန်တွင် နေပူထဲမှ ပြန်လာသူတစ်ဦးသည် ရုတ်တရက်ရေမချိုးရန်၊ ခြေလက်မဆေးရန်၊ ဦးခေါင်း၊ ဇက်ပိုး စသည်တို့ကို ရေမစွတ်ရန် သတင်း စာ၊ ရေဒီယို စသည်တို့မှလည်း သတိပေးကြေညာ နေသဖြင့် အတော်များများ သိပြီးဖြစ်နေနိုင်ပါသည်။ နေပူထဲမှ ပြန်လာလျှင် ရေမချိုးရ၊ ရေမလောင်းရ ဟူသောအပြောနှင့် ပြောင်းပြန်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ သည်။
အပူလျှပ်ခြင်းအကြောင်းများ
တစ်ခါက ပလိပ်မြို့နယ် ရွာတစ်ရွာမှ မိန်းကလေး တစ်ဦး နေ့လယ် အိမ်အပြင်မထွက်မီကပင် ရေချိုး၊ သနပ်ခါးနံ့သာလိမ်းပြီးမှ သွားစရာရှိသော တစ်ဖက် ရွာသို့ ခြေချင်းဝတ်ခန့်မြုပ်သည့် ချောင်းရေစပ်မှ ဖြတ်၍သွားခဲ့သည်။ အထက်က နေ အောက်ကရေ ဖြင့် အပူလျှပ်ပြီး လမ်းခရီးတွင်ပင် လဲကျသတိလစ် သွားခဲ့သည်။ ဆေးရုံရောက်သောအခါ အသက်မရှိတော့ပေ။ သက်ဆိုင်ရာ ဆရာဝန်များက လေဖြတ်၊ ဦးနှောက်သွေးကြောပြတ် သွားကြောင်းပြောသည်။
အထက်ပါဖြစ်ရပ်တွင် သတိချပ်ရန်မှာ နေပူထဲမှ အပြန် ရေချိုးခြင်းမဟုတ်ဘဲ ရေချိုးပြီးမှ နေပူထဲထွက်သူတွင် အပူ၊ အအေး ဆန့်ကျင်ဘက်ဖြစ်ပြီး လေဖြတ်၊ ဦးနှောက်သွေးကြောပြတ် သွားရကြောင်း သတိပြုရ ပါမည်။
လွန်ခဲ့သော ၁၀ နှစ်ကျော်ခန့်က အလွန်ပူပြင်းသော မေလတွင် ညောင်ဦးလေဆိပ်မှ လာသော အလုံ ပိတ်၊ လေအေးစက် (Aircon) အပြည့်ဖွင့်ပေးထားသည့် ဘတ်စကားပေါ်မှအဆင်း အာနန္ဒာဘုရားအနီး ပြတိုက်ရှေ့နားတွင် နိုင်ငံခြားခရီးသွား ဧည့်သည် အသက်ကြီးကြီးတစ်ဦးမှာ ရုတ်တရက် လမ်းသွားရင်း အပူရှိန်ကြောင့် ဒူးထောက် လဲကျသွားရာမှ လေဖြတ်သွားသည်ကို အမှတ်ရမိပါသည်။ ထို့အတူ ရန်ကုန်မြို့ မီးပွိုင့်တစ်ခုတွင် အငှားယာဉ်မောင်းတစ်ဦး Snow Towel ခေါ် ရေအေးဖတ်ကို မျက်နှာပွတ်ပြီး လည်ကုပ်ပေါ်တင်ထားလိုက်ရာမှ ရုတ်တရက် သတိလစ်ပြီး မှောက်ကျသွားရာ ကားမထွက်သဖြင့် ယာဉ်ထိန်းက ပြေးကြည့်မှ သေဆုံးနေသည်ကို တွေ့ရှိရသည်။
ထို့အတူ ဘတ်စကားမောင်းသူ တစ်ဦးမှာလည်း ကားရပ်ပြီး ရေသန့်ဘူး ဆင်းဝယ်ကာ ရေသောက်ပြီး နောက် ခေါင်းပေါ်၊ လည်ကုပ်ပေါ်သို့ ရေလောင်းချရာမှ ရုတ်တရက်တက်သွားပြီး ဆေးရုံသို့ပို့လိုက်ကြ သည်။ ၎င်းင်းသည် ကံကောင်းထောက်မ၍ အသက် မသေသော်လည်း ကိုယ်တစ်ခြမ်းလေဖြတ်ပြီး စကား မပြောနိုင်တော့ပေ။
အပူအအေးအပြောင်းအလဲ
အပူဒဏ်ကို သည်းမခံနိုင်တော့သဖြင့် ရေအေးကို အငမ်းမရသောက်ခြင်း၊ ထို့ထက်ဆိုးသည်မှာ မျက်နှာသစ်ခြင်း၊ ကိုယ်ပေါ်လောင်းချခြင်းများကြောင့် ခန္ဓာကိုယ်တွင် အပူအအေးဆန့်ကျင်ဘက်ဖြစ်ကာ လေဖြတ်သွားရခြင်းဖြစ်သည်။
အပူအအေးကွာခြားချက်
အနောက်တိုင်းလေ့လာချက်များအရ အခန်းအပူချိန်နှင့် လူ၏ခန္ဓာကိုယ်အပူချိန် ရုတ်တရက် ၁၅ ဒီဂရီစင်တီဂရိတ်ကွာခြားလျှင် Heat Stroke ရနိုင်သည်ဟုဆိုသည်။ ဥပမာ- ခန္ဓာကိုယ်အပူချိန်က ၉၀ ဒီဂရီစင်တီဂရိတ်ရှိပြီး အပြင်ကို ရုတ်တရက်ထွက်လျှင် အပြင်အပူချိန်က ၁၀၅ ဒီဂရီစင်တီဂရိတ်ရှိပါက ရုတ်တရက် ဦးနှောက်သွေးကြောပြတ် လေဖြတ်သွား နိုင်သည်။ ထို့အတူ ၁၀၅ ဒီဂရီစင်တီဂရိတ် အပူရှိသော အပြင်မှ ပြန်လာပြီး ၉၀ ဒီဂရီစင်တီဂရိတ်အောက် အေးနေသော အခန်းအတွင်းသို့ ရုတ်တရက်ဝင်လျှင်လည်း လေဖြတ်နိုင်သည်။
ခေါင်းလျှော်သူများသတိထားစရာ
စာရေးသူအိမ်မှ သမီးငယ်တစ်ဦးမှာ အပြင်မှ ပြန်လာလျှင် ဆံပင်ဖြန့်ချ၍ ပန်ကာရှေ့တွင် သွားရပ်ပြီး ခေါင်းငုံ့အအေးခံလေ့ရှိသဖြင့် မကြာခဏလှမ်းအော်ပြီး သတိပေးရသည်။ ပန်ကာလေကြောင့်လည်း လေဖြတ်နိုင်သည်။ ခေါင်းလျှော်သော ဆိုင်များမှ ရေအေးဖြင့် ဇိမ်ခံခေါင်းလျှော်ပြီးနောက် ပါးရွဲ့လေ ဖြတ်ခြင်း ဖြစ်ပွားသူများလည်း တွေ့ကြုံဖူးသည်။ ပူပြင်းသောရာသီတွင် ခေါင်းလျှော်လျှင် အပူမလျှပ် အောင် အထူးသတိပြုကြစေလိုသည်။
နေပူထဲမှပြန်လာလျှင် လိုက်နာရန်
နေပူထဲမှပြန်လာလျှင် ရေအေးတစ်ခွက်သောက်သင့်ပါသည်။ သို့သော် ရောက်ရောက်ချင်း အငမ်း မရ၊ အဆောတလျင် မသောက်သင့်ပါ။ ခေတ္တနားပြီး ၁၀ မိနစ်၊ ၁၅ မိနစ်ခန့်ကြာမှ သောက်သင့်ပါသည်။
ရေခဲရေမသောက်သင့်ပါ။ ရေခဲတုံးများ အပြည့် ထည့်ထားသောဖျော်ရည်များ၊ သံပရာရည်များ မသောက်သင့်ပါ။ အသင့်အတင့် အေးသောရေ၊ မြေ အိုးတွင်ထည့်ထားသော ရေအေးမျိုးကိုသာ သောက်သုံးသင့်သည်။
ရေခဲရေသောက်ခြင်းကြောင့် လည်ချောင်းနှင့် အစာအိမ်တွင်ရှိနေသော အပူဓာတ်မှာ ရုတ်တရက် ငုပ်လျှိုးပြီး လည်ချောင်းနာခြင်း၊ အသံဝင်ခြင်း၊ အစာ အိမ်ရောင်ခြင်း၊ အသည်းရောင်ခြင်း၊ ပန်ကရိယ ရောင်ခြင်းများဖြစ်တတ်ပါသည်။ တိုင်းရင်းဆေးပညာ အယူအဆအရ ရေခဲရေသည် ဝမ်းမီးကိုငြိမ်းစေ၊ ပျက်စေတတ်သဖြင့် ရေခဲရေအမြဲသောက်နေသူများမှာ အစာမကြေရောဂါရလာတတ်ပါသည်။ အအေး ကြောင့်ဖြစ်သောဒဏ်၊ အပူကြောင့်ဖြစ်သောဒဏ်များကို ခန္ဓာကိုယ်က ခံရစမြဲဖြစ်ရာ အပူဒဏ်ကို ကာကွယ်ရမည်ဖြစ်သော်လည်း တတ်နိုင်သမျှသည်းခံ ပြီးနေသင့်သည်။
ရုတ်တရက်ဆန့်ကျင်ဘက်မပြုရ
အပူမှအအေးရှိရာသို့ ရုတ်တရက်မသွားရ။ အပူ အအေးဝိရောဓိကြောင့် ခန္ဓာကိုယ်တွင်းမှ သွေးကြောများပေါက်ပြီး အသက်ဆုံးရှုံးရသည်အထိ ဖြစ်လာ တတ်ပါသည်။ အလွန်အကဲမပူလျှင် သည်းခံပြီး သင့်တင့်သောနေရာ၌နေကာ အပူကိုဖျောက်ခြင်း၊ သင့် တင့်ရုံအေးသောရေကိုသာ သောက်ခြင်းပြုလုပ်သင့် သည်။
နေပူဒဏ်ကာကွယ်ရန်အတွက် သနပ်ခါးလိမ်းခြင်း၊ (အမျိုးသမီးများ၊ ကလေးများ) မိတ်ထွက်လျှင် သနပ်ခါးအနည်းငယ်စားခြင်း၊ ရေတစ်ခွက်သောက်ပြီးမှ အပြင်ထွက်ခြင်း၊ အပြင်မှပြန်လာလျှင် ရေခဲရေမသောက်မိရန် သတိပြုခြင်း၊ ခြေထောက်ရေမဆေးမိရန် သတိပြုခြင်း၊ မျက်နှာမသစ်မိရန် သတိပြုခြင်း၊ ရေချက်ချင်း မချိုးမိရန်သတိပြုခြင်း၊ ခေါင်းမူး၊ ခေါင်းချွေးပြန်လျှင် သံပရာရည် မသောက်သုံးသင့်ခြင်း စသည်တို့ကို သတိ ပြုရမည့်အပြင် ရေခဲသေတ္တာထဲမှ ရေဘူးကို အပြင်တွင် ၁၅ မိနစ်ခန့်ထုတ်ထားပြီးမ ှသောက်ခြင်း၊ ဝမ်းချုပ်လျှင် မန်ကျည်းမှည့် ထန်းလျက်ဖျော်ရည်သောက်ခြင်း၊ ဝမ်းပျက်လျှင် သကြားဇွန်းသုံးဇွန်း၊ ဆားတစ်ဇွန်း၊ လက် ဖက်ခြောက်တစ်ဆုပ်ကို ဒယ်အိုးဖြင့်လှော်ပြီး ရေနွေး ခတ်သောက်ခြင်းတို့ ပြုလုပ်ပေးသင့်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။