နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ဖို့ လူငယ်ကဏ္ဍမြှင့်တင်စို့

နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ဖို့ လူငယ်ကဏ္ဍမြှင့်တင်စို့

   လူငယ်ဟူသည် အနာဂတ် လူ့ဘောင်ကို ပိုင်ဆိုင်ထားသော ဖန်တီးရှင် အနာဂတ် အရင်းအမြစ်များဖြစ်သည်။   နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန်  လူသားအရင်းအမြစ်သည် အဓိကကျသည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးပေသည်။ ပညာတတ်များဖြင့်သာ  နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပေသည်။

လူငယ်ဆိုသည်မှာ     ဖျတ်လတ်သွက်လက်ခြင်း၊ နိုးကြားတက်ကြွခြင်း၊ ခွန်အားရှိခြင်း၊ စူးစမ်းတတ်ခြင်း၊ စွန့်စားခြင်း၊ ရဲရင့်ခြင်းနှင့် ဖန်တီးနိုင်စွမ်းအားရှိသူများပင်ဖြစ်သည်။  ထိုသို့အရည်အသွေးကောင်းများကို ပိုင်ဆိုင်ထားသော လူငယ်များအနေဖြင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်၌ အချင်းချင်း ရိုင်းပင်း ကူညီတတ်ကြစေရန် စဉ်းစားဆင်ခြင်မှု အသိဉာဏ်ပညာတို့ဖြင့် မိမိတို့ဘဝတွင်  အောင်မြင်မှုရရှိအောင် ကြိုးစားအားထုတ် သွားရမည်ဖြစ်သည်။

နိုင်ငံတော်အကြီးအကဲ၏   “ပညာတတ်များပေါများရေး”လမ်းညွှန်ချက်နှင့် အညီ ပညာရေးဝန်ကြီး ဌာနသည် နိုင်ငံအတွက် အညွန့်အဖူးကလေးများ ဖြစ်ကြသည့် လူငယ်မောင်မယ်များအား လူရည်ချွန်၊  လူရည်မွန်များ ဖြစ်လာရန်အတွက် ကျန်းမာသန်စွမ်းသော   ကိုယ်ကာယ၊ ထက်မြက်သော ဉာဏ်ပညာ၊ မြင့်မြတ်သော အကျင့်စာရိတ္တတို့နှင့် ပြည့်စုံစေ၍  အဖွဲ့အစည်းဖြင့် ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်ပေး ရန်လိုအပ်သည်နှင့်အညီ   လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ယခု ၂၀၂၂-၂၀၂၃  ပညာသင်နှစ် လူရည်ချွန် စီမံကိန်းကို ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တ ကောင်းမွန်သည့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ  ပေါ်ထွန်းလာစေရန်၊ ပညာရေး လက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက် နိုင်စေသည့်    နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန်၊ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများကို    စံနမူနာပြု၍ ကျောင်းသားလူငယ်များအား  ပြုစုပျိုးထောင်ပေးရန် ဟူသောရည်ရွယ်ချက် (၃)ရပ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

ယခုပညာသင်နှစ်တွင် အဋ္ဌမတန်း လူရည်ချွန် ၁၆၀ ဦး၊ ဒသမတန်းလူရည်ချွန် ၁၆၀ ဦး၊ ဧကာဒသမတန်း လူရည်ချွန် ၁၅၈ ဦး စုစုပေါင်း ၄၇၈ ဦးကို မွေးထုတ်နိုင်ခဲ့ပြီး လူရည်ချွန်စခန်း အသီးသီးသို့ လေ့လာရေးခရီးစဉ် စေလွှတ်သွားမည်ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူရည်ချွန်   မောင်မယ်များအနေဖြင့် လေ့လာရေး ခရီးစဉ်တွင် ရင်းနှီးခင်မင်မှု ရရှိခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒေသန္တရဗဟုသုတများ ဖလှယ်ခြင်းဖြင့် မိမိတို့နေထိုင်ရာ ဒေသအကြောင်းနှင့် လူရည်ချွန်စခန်း အခြေစိုက်ရာဒေသများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့များ၊ ဒေသန္တရ ဗဟုသုတများ တိုးပွားစေမည်ဖြစ်ပြီး မိမိနိုင်ငံနှင့်  လူမျိုးကိုချစ်မြတ်နိုးစိတ်၊ တန်ဖိုးထားစိတ်များ   ကိန်းအောင်း ရှင်သန်စေမည်ဖြစ်သည်။

လူရည်ချွန်မောင်မယ်များ ရွေးချယ်ရာ၌ အလယ်တန်းအဆင့်၏ နောက်ဆုံးအတန်း အဋ္ဌမတန်း၊ ဒသမတန်းနှင့် ဧကာဒသမတန်း ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ခြင်းဖြစ်သည်။   လူရည်ချွန် ရွေးချယ်ရာတွင် ပညာရည် ထူးချွန်သူများသာမက   အားကစား စာရိတ္တပညာရေး လက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများ၊ လူမှုရေးနှင့် ဝါသနာပါရာအသင်းအဖွဲ့ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှုတို့ကိုပါ   ထည့်သွင်းသတ်မှတ်ထားသည်။ မြို့နယ်အဆင့်၊ ခရိုင်အဆင့်တွင် ကျောင်းဘာသာရပ်များ အပြင် အထွေထွေ ဗဟုသုတတို့ကို ရေးဖြေဖြေဆိုခြင်း၊ ကာယကြံ့ခိုင်မှုစွမ်းရည်လက်တွေ့စစ်ဆေးခြင်း၊ လူတွေ့နှုတ်ဖြေစစ်ဆေးခြင်း တို့ကိုကျော်ဖြတ်ပြီးမှ အတန်းတစ်တန်းအတွက် ခရိုင်တစ်ခုလျှင် တစ်ယောက်သာ ရွေးချယ်ခဲ့သည်။

ရွေးချယ်ခံရသူများကို  နွေရာသီတွင် ပုဂံ၊ ငွေဆောင်၊ အင်းလေးစခန်းတို့တွင် အပန်းဖြေစေပြီး ဒေသအလိုက်လေ့လာရေး ခရီးများ သွားရောက်ရသည်။ ထို့နောက် လူရည်ချွန်အားလုံးသည် ရန်ကုန်စုပေါင်း စခန်းတွင်ပေါင်းဆုံကာ နိုင်ငံအကြီးအကဲများနှင့် တွေ့ဆုံခွင့်နှင့် ရန်ကုန်မြို့တွင်း လှည့်လည်လေ့လာခွင့်တို့ကို ရရှိမည်ဖြစ်သည်။ စခန်းကာလမှာ အစောပိုင်းနှစ်များတွင်  တစ်လကြာမြင့်ခဲ့ပြီး   ယခုအခါ နှစ်ပတ်ခန့် ကြာမြင့်မည်ဖြစ်သည်။

လူရည်ချွန်စီမံကိန်းကို  ၁၉၆၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ  ၁၉၈၈  ခုနှစ်၌   (၂၅)ကြိမ်မြောက်   ငွေရတုလူရည်ချွန်စီမံကိန်းကို ဆောင်ရွက်နိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ရပ်နားခဲ့သော လူရည်ချွန်စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် “ဘက်စုံပညာ ထူးချွန်လူငယ်” စီမံကိန်းအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်  “ဘက်စုံပညာ ထူးချွန်လူငယ်”စီမံကိန်းအစား “လူရည်ချွန်စီမံကိန်း”အမည်ဖြင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် လူရည်ချွန်မောင်မယ်များကို ရွေးချယ်နိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေအရ လူရည်ချွန်စခန်းများသို့ စေလွှတ်ခြင်းကို ရပ်နားခဲ့ရသည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်နှင့်၂၀၂၁-၂၀၂၂ ပညာသင်နှစ်တို့တွင် ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်မှု အခြေအနေအရ လူရည်ချွန် စီမံကိန်းကို ခေတ္တရပ်နားခဲ့ရာမှ  ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်တွင်  ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။

လူရည်ချွန်ဆိုသည်မှာ အောင်မြင်သူများထက်    ပို၍တန်ဖိုးမြင့်မားသောသူ ဖြစ်သည်ဟူ၍ မှတ်သားဖူးသည်။ လူအများထက်  တန်ဖိုးမြင့်သောသူ တစ်ယောက် ဖြစ်လာစေရန် သူများထက်ပို၍ ကာယအား၊ ဉာဏအား၊ ဝီရိယအား ပိုမိုစိုက်ထုတ် ရပေမည်။ ယခုကဲ့သို့  လူရည်ချွန်အဖြစ် ရွေးချယ်ခံရခြင်းသည်   မိမိ၏ကြိုးစား အားထုတ်မှု ရလဒ်အောင်မြင်မှုပင်ဖြစ်သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ သြဝါဒခံယူပွဲ အခမ်းအနားတွင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ပညာထူးချွန်ပြီး  ထက်မြက်သည့် ဉာဏ်ရည် ဉာဏ်သွေးနှင့် အသိပညာ အတတ်ပညာများ တတ်မြောက်သည့်အပြင်  ကျန်းမာသန်စွမ်းခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊   ယဉ်ကျေးလိမ္မာခြင်း၊ မျိုးချစ်စိတ်ရှိခြင်း စသည့်ကောင်းမြတ်သော  အရည်အသွေးများ ပြည့်စုံသည့် လူ့စွမ်းအား အရင်းအမြစ်များ ရရှိပိုင်ဆိုင်ကြစေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကို အုတ်မြစ်ချ တည်ဆောက်ခြင်းပင်ဖြစ်ကြောင်း”ဟူ၍ ပြောကြားထားသည်။ ဤသည်မှာ အနာဂတ်နိုင်ငံတော်အတွက်    အမြော်အမြင်ရှိရှိ လုပ်ဆောင်ပေးသော နိုင်ငံတော်အကြီးအကဲ၏ စေတနာပင်ဖြစ်သည်။

ထို့ပြင် “နိုင်ငံတော်အနေဖြင့် မောင်တို့မယ်တို့ကို နိုင်ငံတော်အတွက် ဦးဆောင်နိုင်သည့် ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ရည်မှန်းချက်ထားပြီး   အများနှင့် စုပေါင်းနေထိုင်တတ်စေရန်၊ အများအကျိုးကို ဆောင်ရွက်နိုင်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ပြည့်စုံသည့် အနာဂတ်မျိုးဆက်သစ်များ ဖြစ်အောင်  ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် လူရည်ချွန် စီမံကိန်းအပြင် လူငယ်ကဏ္ဍ အစီအစဉ်များစွာကိုလည်း အားပေးဆောင်ရွက်လျက် ရှိကြောင်း”  ထည့်သွင်း ပြောကြားချက်အရ အနာဂတ် မျိုးဆက်သစ် လူငယ်မောင်မယ်များအတွက် ကဏ္ဍပေါင်းစုံမှ ထောက်ပံ့အားပေးလျက် ရှိသည့် နိုင်ငံတော်၏ စေတနာကို လူငယ်များအနေဖြင့်လည်း  သိရှိနားလည်ပြီး ဘက်စုံထူးချွန်သော လူရည်ချွန် လူရည်မွန်များမှသည် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားကိုးရသော ခေါင်းဆောင်ကောင်းများ အဖြစ်   မိမိနိုင်ငံ ကမ္ဘာ့အလယ်မှာ ထည်ဝါတင့်တယ်စွာ   ရပ်တည်နိုင်ရေး မိမိနိုင်ငံ၏ အကျိုးစီးပွားအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ သစ္စာရှိစွာ ပခုံးပြောင်း တာဝန်ယူဆောင်ရွက်နိုင်ရေး   ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်သည်။

အချုပ်အားဖြင့် လူငယ်မောင်မယ်များ အနေဖြင့် ပညာရည်ထူးချွန် ထက်မြက်ရုံသာမက    အတ္တနှင့်ပရမျှတအောင် ဆောင်ရွက်နိုင်သူများ ဖြစ်အောင်ကြိုးစားဆောင်ရွက်ရမည်၊“စည်းကမ်းသည် လူ၏ တန်ဖိုးဖြစ်သည်” ဆိုသည့်စကားနှင့်အညီ၊ “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဥပဒေနှင့်စည်းကမ်းကို လေးစားလိုက်နာပြီး   နိုင်ငံကြီးသားပီသစွာ  ကျင့်ကြံနေထိုင်ရမည်၊ တိုးတက်အောင်မြင်သော  သားကောင်းရတနာများဖြစ်ရန် သားသမီး ကျင့်ဝတ်ငါးပါး၊ တပည့်ကျင့်ဝတ်ငါးပါးတို့ကို လိုက်နာကျင့်ကြံနေထိုင်ရမည်၊ ဘက်စုံထူးချွန်သော လူငယ်များဖြစ်အောင် အမြဲလေ့ကျင့် ကြိုးပမ်းအားထုတ်နေရမည် ဖြစ်သည်။ လူရည်ချွန်မောင်မယ်များ အနေဖြင့် ယခုကဲ့သို့  နိုင်ငံတော်မှ စေလွှတ်သော မြန်မာနိုင်ငံအတွင်းရှိ  အထင်ကရနေရာများ၊ အပန်းဖြေစခန်းများသို့ သွားရောက် လေ့လာရာတွင်   မိမိတို့သိရှိခဲ့ရသော ဒေသန္တရဗဟုသုတများ၊  မိမိတို့တွေ့ကြုံခဲ့ရသော အတွေ့အကြုံများကို လေ့လာမှတ်သားပြီး အခြားကျောင်းသား၊ ကျောင်းသူများအား ပြန်လည်မျှဝေပေးစေလိုသည့်အပြင် မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံတော် အတွက် ကောင်းမွန်မှန်ကန်သည့် လေ့လာအားထုတ်မှုများဖြင့် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။   ။

နီလာ(မြန်မာစာ)