နွေရာသီကာလနှင့် အပူလျှပ်ခြင်း
နွေရာသီကာလမှာ အပူလျှပ်တာက ကြောက်စရာ ကောင်းပြီး အသေအပျောက်နှုန်းများတာ တွေ့ရပါတယ်။ အပူလျှပ်တာနဲ့ ပတ်သက်ပြီး အပူဒဏ်မြင့်မားလို့ ပင်ပန်းနွမ်းနယ်တာ၊ အပူလျှပ်တာကြောင့် သတိလစ်မေ့မြောတာ၊ အပူဒဏ်လွန်ကဲတာကြောင့် ကိုယ်တွင်းအင်္ဂါပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။
အပူဒဏ်မြင့်မားခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်း အပူဒဏ်မြင့်မားလို့ ပင်ပန်းနွမ်းနယ်တာက ကုသလို့ရနိုင်တဲ့အဆင့် ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေက ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်ချင်၊ မသယ်ချင်အောင်
နုံးချည့်အားနည်းတာ၊ ခေါင်းမူးခေါင်းကိုက်တာ၊ ချွေးထွက်များပြီး မူးဝေတာ၊ ခဏတာသတိလစ်တာနဲ့ ကြွက်တက်တာတွေ ဖြစ်ပါတယ်။
အပူလျှပ်ခြင်းကြောင့် သတိလစ်မေ့မြောခြင်း
အပူလျှပ်တာကြောင့် သတိလစ်မေ့မြောတာက ဆိုးရွားပြင်းထန်ပါတယ်။ အပူဒဏ်လွန်ကဲတာကြောင့် ဦးနှောက်အတွင်း ဖိအားများလာပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာပျက်ယွင်းကာ သတိလစ်မေ့မြောတာ၊ ဃသာေ တက်တာတွေဖြစ်ပြီး နောက်ဆုံးမှာ အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ်ဖြစ်နိုင်ပါတယ်။
ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် ဒါမှမဟုတ် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်တဲ့အထိ ရှိနိုင်ပါတယ်။ ခန္ဓာကိုယ်အပူချိန်ကို တိုင်းတာကြည့်ရင် တခြားရောဂါနဲ့ မှားနိုင်ပါတယ်။ အပူလျှပ်တာကြောင့် သတိလစ်မေ့မြောပြီး သေဆုံးနှုန်း ၃၃ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိရှိကာ ၁၇ ရာခိုင်နှုန်းက ခြေ၊ လက် ကောင်းကောင်း မလှုပ်နိုင်တော့ဘဲ မှတ်ဉာဏ်ချို့ယွင်းကာ သတိလစ်ပြီး နောက်ဆုံး အသက်သေဆုံးတဲ့အထိ ဖြစ်စေပါတယ်။
အပူဒဏ်လွန်ကဲခြင်းကြောင့် ကိုယ်တွင်းအင်္ဂါပျက်စီးခြင်း
အပူဒဏ်လွန်ကဲတာကြောင့် ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးစေပါတယ်။ နှလုံးခုန်မြန်တာ၊ သွေးပေါင်ချိန်ကျတာတွေ ဖြစ်နိုင်ပြီးနောက် နှလုံးခုန်နှုန်းမမှန်တာ၊ နှလုံးသွေးကြောပိတ်တာတွေဖြစ်ပွားကာ အသက်သေဆုံး နိုင်ပါတယ်။ အပူဒဏ်ကြောင့် ချွေးထွက်များပြီး ရေဓာတ်ခန်းခြောက်ရာကတစ်ဆင့် သွေးကြောအတွင်း သွေးပြန်ကြောတွေပိတ်ဆို့ပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း သွေးယိုစီးတာ၊ နှာခေါင်းသွေးလျှံတာ၊ သွားဖုံးသွေးယိုတာတွေဖြစ်နိုင်တယ်။ တခြားကိုယ်တွင်းအင်္ဂါတွေ ပျက်စီးရတာကတော့ အသည်းပျက်စီးတာ၊ ခန္ဓာကိုယ်ကြွက်သားပျက်စီးတာနဲ့ ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်ပါတယ်။
မွေးကင်းစကလေး၊ ကလေးငယ်နဲ့၊ သက်ကြီးရွယ်အိုတွေ၊ အရက်အလွန်အကျွံသောက်သူတွေ၊ ရောဂါအခံရှိသူတွေ ဥပမာ-နှလုံး၊ သွေးတိုး၊ ဆီးချို စတဲ့ရောဂါတွေ၊ စိတ်ကျရောဂါကုဆေးဝါး၊ ဝက်ရူးပြန် ရောဂါကုဆေးဝါး စတဲ့ဆေးဝါးသောက်သုံးနေသူတွေမှာ အပူလျှပ်တာ ပိုဖြစ်နိုင်ပါတယ်။
အပူဒဏ်ခံနိုင်ဖို့ နေ့လယ်အပူရှိန်ပြင်းချိန်မှာ အရိပ်ရတဲ့သစ်ပင်အောက်နဲ့ အိမ်ထဲမှာပဲနေသင့်ပါတယ်။ အရောင်ဖျော့ဖျော့ ပွပွချည်ထည်အဝတ်မျိုးဝတ်ဆင်ပြီး လှုပ်ရှားမှုနည်းနည်းနဲ့ ရေသောက်ဖို့လိုပါတယ်။
ရေသောက်တယ်ဆိုရာမှာ ခန္ဓာကိုယ်အတွင်း အဆိပ်တောက်ကင်းအောင် ရေများများ သောက်သင့်တယ်။ တစ်ရက်ကို ရေခြောက်ခွက်ကနေ ရှစ်ခွက်အထိ သောက်သုံးရုံနဲ့ ခန္ဓာကိုယ်လည်ပတ်လှုပ်ရှားမှု အသွင်အပြင်ပြောင်းလဲနိုင်တယ်။ ဒါ့ပြင် မျက်လုံးအောက်မှာ ဖောင်းအစ်နေတဲ့မျက်အိတ်ကို လျော့နည်းသက်သာစေပြီး အသားအရေကြည်လင်လှပမယ်။ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကင်းစင်စေကာ ချွေး ဒါမှမဟုတ် ဆီးအဖြစ်စွန့်ထုတ်စေပါတယ်။
ရေဆာရင် ရေပဲသောက်သင့်တယ်။ အရက်၊ဘီယာ မသောက်သင့်ဘူး။ အရက်နဲ့ ကဖင်းဓာတ်ပါတဲ့အချိုရည်တွေက ခန္ဓာကိုယ်တွင်း အရည်ဓာတ်ဆုံးရှုံးစေလို့ ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးမှုဖြစ်စေတယ်။ အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်မပါတဲ့ ဖျော်ရည်သောက်သုံးနိုင်တယ်။ လတ်လတ်ဆတ်ဆတ်သစ်သီးကို ဖျော်သောက်တာက ကိုယ်တွင်းသန့်စင်စေလို့ ရေနဲ့အတူ သောက်သုံး နိုင်ပါတယ်။ အချိုရည်ထဲမှာ ပါဝါသကြား၊ ဓာတုအရောင်၊ အနံ့နဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဖိသိပ်သွင်းထားလို့ လူကိုအဝလွန်စေကာ ရေ ငတ်စေတယ်။ ရေပိုပြီးသောက်ပေးရတတ်တယ်။
အသင့်အမြန်စားအစာတွေ မစားသင့်ပါဘူး။ အသား၊ သကြား ဒါမှမဟုတ် နို့နဲ့နို့ထွက်ပစ္စည်းတွေကို ဖြစ်နိုင်ရင် အနည်းငယ်သာစားသင့်ပါတယ်။ အသားဟင်းကို ကိုယ်တိုင်ချက်ပြုတ် စားသုံးသင့်ပါတယ်။
ဆီကြော်တွေမစားသင့်ပါဘူး။ အာလူးကြော်၊ ငါး မုန့်ကြော် စတဲ့ဆီကြော်တွေထဲမှာ ဓာတုဒြပ်ပေါင်း တွေပါဝင်တာကြောင့် ဆီကြော်တွေကို သရေစာ အဖြစ်စားမယ့်အစား အစေ့အဆန်၊ ဆီးသီးခြောက်၊ စပျစ်သီးခြောက်၊ ပန်းသီး၊ သစ်တော်သီး၊ သင်္ဘောသီးစတဲ့ သစ်သီးတွေကို စားသုံးသင့်ပါတယ်။ ဆားများပြီး ကယ်လိုရီပြည့်ဝတဲ့ဆီကြော်တွေကို အမြဲလိုလို စားသုံးရင် ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ကိန်းအောင်းစေလို့ ဆီကြော်တွေကို လျှော့စားသင့်ပါတယ်။
ပဲသီး၊ ဆန်နဲ့ ငါးကရတဲ့ပရိုတင်း စားသုံးသင့်ပါတယ်။ အနီရောင်အသားကိုစားသုံးမယ့်အစား ပဲပိစပ်နဲ့ ပဲအမျိုးမျိုး၊ ငါးကရတဲ့ပရိုတင်းကို စားသုံးတာက အဆိပ်အတောက်ကင်းစင်စေပါတယ်။ အကျိုးပြု ဗက်တီးရီးယားပါဝင်တဲ့ ဒိန်ချဉ်သောက်သုံးသင့်ပါတယ်။ အကျိုးပြုဗက်တီးရီးယားက အူလမ်းကြောင်း တစ်လျှောက် ကျန်းမာစေပြီး အစာချေဖျက်မှု ကောင်းမွန်အောင် ကူညီပေးတယ်။
ဆားလျှော့စားသင့်ပါတယ်။ တစ်နေ့တာအတွက် ဆားပမာဏကို လက်ဖက်စားဇွန်းတစ်ဇွန်းထက်ပိုပြီး မစားသင့်ပါဘူး။ ခန္ဓာကိုယ်က ရေပြန်ဆွဲထားတာကြောင့် သွေးဖိအားကို မြင့်မားစေပါတယ်။ ထမင်း ဒါမှမဟုတ် ပေါင်မုန့်ထဲမှာ၊ အသားနဲ့ ဟင်းသီးဟင်းရွက်တွေမှာ သဘာဝဆားတွေပါဝင်ပြီး ခန္ဓာကိုယ်တွင်းအခြေအနေကို ပိုဆိုးစေတယ်။ လျှာက ဆားအရသာကို သိသိသာသာတုံ့ပြန်မှုမရှိပေမယ့် ခန္ဓာကိုယ်က တုံ့ပြန်မှုရှိပါတယ်။
ဖီးကြမ်းငှက်ပျောသီးကို နေ့စဉ် သုံးလုံးမျှစားသုံးပေးတာကလည်း ခန္ဓာကိုယ်တွင်း ပိုတက်ဆီယမ်ကို ထိန်းသိမ်းပေးတာကြောင့် ဆိုဒီယမ်လျော့ကျစေပြီး သွေးဖိအားကို ပုံမှန်ဖြစ်စေတယ်။ သံပရာရည်က ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုမြန်ဆန်စေပါတယ်။ ရေနွေးကြမ်းသောက်တာကလည်း အမောပြေစေပြီး ရေငတ်ပြေကာ ဇီဝဖြစ်ပျက်မှုကို ထိန်းပေးပါတယ်။
နံနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ အပူချိန်မြင့်မားပြီး နေရောင်ခြည်တိုက်ရိုက်ထိတွေ့နိုင်တဲ့ လွင်တီးခေါင်ပြင်မြစ်ဆိပ်တွေမှာ ရေချိုးတာကိုရှောင်သင့်တယ်။ အရိပ်အာဝါသကောင်းတဲ့နေရာမှာ နေထိုင်သင့်တယ်။ နေပူထဲကပြန်လာပြီး ချက်ချင်းရေချိုးတာ ရှောင်သင့်တယ်။ နေပူထဲ ကိုယ်လက်လှုပ်ရှားမှုပြင်းပြင်းထန်ထန်ပြုလုပ်တာ ရှောင်သင့်ပါတယ်။
မလွှဲသာလို့ နေ့ခင်းအပြင်ထွက်ရင် အရိပ်ကောင်းစွာပေးနိုင်တဲ့ ထီး၊ ဦးထုပ်၊ အရောင်ဖျော့ဖျော့ ပွပွချည်ထည်အဝတ်မျိုး ဝတ်ဆင်သင့်ပါတယ်။ အိမ်တွင်းလေဝင်လေထွက်ကောင်းစေဖို့ ပြတင်းတံခါးဖွင့်ထားသင့်ပါတယ်။ မိတ်ဖု၊ ယားနာဖုတွေထွက်ရင် ရေအေးဝတ်နဲ့ ရေဖတ်တိုက်သင့်ပါတယ်။ နေရောင်ခံခရင်မ်ဒါမှမဟုတ် သနပ်ခါးလိမ်းသင့်တယ်။ ချွေးထွက်များရင် ရေများများသောက်တာ၊ ဓာတ်ဆားရည်သောက်တာ၊ သစ်သီးဖျော်ရည်သောက်တာတွေ ပြုလုပ်ပြီး ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်ပါတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအနေနဲ့ နေ့ဘက် အရိပ်ကောင်းတဲ့နေရာမှာ နားသင့်ပါတယ်။
အပူလွန်ကဲတာကြောင့် သတိလစ်မေ့မြောတာနဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာရင် နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ဆုံး သွားရောက်ပြီး ကုသမှုခံယူသင့်ပါတယ်။ ဒါ့ပြင် လေအေးပေး စက်ဖွင့်ထားတဲ့ အခန်းမှာ နေထိုင်တာ၊ ရေဖတ်တိုက်တာ၊ ရေတိုက်တာ၊ ဓာတ်ဆားရည်တိုက်တာ၊ လိုအပ်တဲ့ဆေးဝါးနဲ့ အာဟာရကျွေးမွေးတာတွေပြုလုပ်ပေးသင့်ပါတယ်။