အပူဒဏ်ကြောင့်ဖြစ်သော ကျန်းမာရေး အန္တရာယ်များနှင့် အပူဒဏ်ကာကွယ်နည်း
ပူလိုက်တာ ဟူသော ညည်းတွားသံကို ယခုနွေရာသီမှာ လူတိုင်းနီးနီး ပြောဆိုနေကြသည်ကို ကြားနေရသည်။ စာရေးသူကိုယ်တိုင်လည်း ညည်းတွားသူများစာရင်းမှာ ပါဝင်နေသည်။
အကြောင်းမှာ အပူချိန်မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။ယခင်ကဆိုလျှင်၁၀ နှစ်မှ အပူချိန် ၁ ဒီဂရီဆဲလ်စီးယပ်စ်တိုးခဲ့ရာ ယခုအခါ ၂ နှစ် ၃ နှစ်အတွင်းမှာပင် ၂ ဒီဂရီဆဲလ်စီးယပ်စ်အထိ တိုးလာသည်ဟုဆိုကြသည်။
စာရေးသူတို့နိုင်ငံမှာလည်း ယခု ၂၀၂၃ ခုနှစ်တွင် အပူချိန်မြင့်တက်လာသည်ကို တွေ့ရသည်။၂၀၂၂ ခုနှစ်ကဆိုလျှင် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ချက်အရ အမြင့်ဆုံးအပူချိန်မှာ ၄၃ ဒီဂရီဆဲလ်စီးယပ်စ်ထိ ရှိခဲ့သည်။ ယခု၂၀၂၃ ခုနှစ်တွင် အပူချိန် ၄၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိခဲ့သည်။ အပူချိန်မြင့်တက်မှုနှင့် ပတ်သက်၍ ပညာရှင်များအနေဖြင့် ၂၀၁၆ ခုနှစ်ကို သမိုင်းတစ်လျှောက် အပူဆုံးဟု စံချိန်တင် သတ်မှတ်ခဲ့ကြသည်။ သို့သော်လည်း ယခု ၂၀၂၃ ခုနှစ် သို့မဟုတ် ၂၀၂၄ ခုနှစ်သည် ကမ္ဘာပေါ်တွင် အပူချိန် စံချိန်သစ်တင်နိုင်ကြောင်း ရာသီဥတုသိပ္ပံပညာရှင်များက ၂၀၂၃ ခုနှစ် ဧပြီ ၂၀ ရက်က သတိပေးထုတ်ပြန်ခဲ့ကြောင်းသိရသည်။
ထိုကဲ့သို့ အပူချိန်ပြင်းထန်ခြင်းသည် ကျန်းမာရေးကို များစွာ ထိခိုက်စေနိုင်သည်။ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးအန္တရာယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
အပူဒဏ်ကြောင့်သတိလစ်ခြင်းအန္တရာယ်
အပူလျှပ်ခြင်းသည် အထူးသဖြင့်တော့ အပူအအေးဒဏ်ကိုတစ်လှည့်စီ ခံလိုက်ရသောကြောင့်ဖြစ်သည်။ ဥပမာ-အပူထဲမှာအချိန်အတော်ကြာနေပြီး ရုတ်တရက်အအေးထဲသို့ဝင်လာပြီး ရေချိုးခြင်း၊ အအေးခန်းထဲသို့ ဝင်ရောက်နေထိုင်ခြင်း၊ ရေခဲရေသောက်ခြင်းစသော အပူမှအအေးသို့ ရုတ်တရက်ပြောင်းလဲ သွားသောအခါမျိုးတွင်ဖြစ်တတ်သည်။ အပူထဲရှိနေခိုက်တွင် ခန္ဓာကိုယ်ရှိ သွေးကြောများကျယ်နေသည်။ ရုတ်တရက်အထက်ပါအတိုင်း ရေချိုးခြင်းမျိုးပြုလုပ်လိုက်ပါက သွေးကြောများကျုံ့သွားသည်။ ထိုကဲ့သို့ သွေးကြောများကျယ်ခြင်း၊ ကျုံ့ခြင်းရုတ်တရက် ဖြစ်ပေါ်လာခြင်းကြောင့် သတိလစ်ခြင်းမျိုး ဖြစ်ပေါ်ခြင်း ဖြစ်သည်။
အခန့်မသင့်ပါက အသက်အန္တရာယ်ပင်ဖြစ်နိုင်သည်။
အပူဒဏ်နှင့်ကျောက်ကပ်အန္တရာယ်
အပူချိန်မြင့်တက်မှုသည် ကျောက်ကပ်ကိုလည်းဒုက္ခပေးနိုင်သည်။ ဆော်ပေါ်လိုတက္ကသိုလ်မှ ဘရာဇီးသုတေသန ပညာရှင်များ၏ လေ့လာချက်အရ အပူချိန် ၁ ဒီဂရီဆဲလ်စီးယပ် တိုးလာတိုင်း ကျောက်ကပ်ပျက်စီးမှု ဖြစ်နိုင်ခြေမှာလည်း ၁ ရာခိုင်နှုန်းတိုးလာသည်ဟုဆိုသည်။ ထို့ကြောင့် ကျောက်ကပ်ပျက်စီးမှုသည် အများအားဖြင့် အပူချိန်မြင့်မားသော နိုင်ငံများတွင် အဖြစ်များကြသည်။ သက္ကရာဇ်၂၀၀၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဘရာဇီးနိုင်ငံတွင် ကျောက်ကပ်ရောဂါဖြစ်ပွားသူ ၂၀၂၀၀၀ ဦးရှိရာ ၇ ဒသမ ၄ ရာခိုင်နှုန်းမှာ အပူချိန်မြင့်တက်မှုကြောင့်ဟု သိရသည်။အထူးသဖြင့် အသက် ၇၅ နှစ်အထက်လူကြီးများနှင့် ကလေးငယ်များအထူးသတိထားဖို့လိုသည်။
အပူလျှပ်ခြင်းအန္တရာယ်
ယခုကဲ့သို့ အပူချိန်မြင့်တက်နေချိန်တွင် အဖြစ်များသည်က အပူလျှပ်ခြင်းဖြစ်သည်။ အပူလျှပ်ခြင်းသည် ခန္ဓာကိုယ်အပူချိန်မြင့်တက်လာခြင်းပင်ဖြစ်သည်။ ၁၀၄ ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်လာနိုင်သည်။ ယင်းကိုပင် အပူလျှပ်ခြင်း(Heat Stroke) ဟုခေါ်သည်။ Heat Stroke ဖြစ်ပါက မူးဝေခြင်း၊ ပျို့အန်ခြင်း၊ အသက်ရှူမြန်လာခြင်း၊ နှလုံးခုန်မြန်လာခြင်း၊ သတိလစ်ခြင်းတို့သည် Heat Stroke ၏ လက္ခဏာများဖြစ်သည်။ အခန့်မသင့်ပါက အသက်သေဆုံးသည်အထိဖြစ်နိုင်သည်။ Heat Stroke အဖြစ်များသူများမှာ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ၊ ပြင်းထန်သောအားကစားလုပ်သူများ၊ ချွေးထွက်များသူများ၊ နှလုံး၊ သွေးတိုးနှင့်အဆုတ်ရောဂါရှိသူများ၊ အပူဒဏ်တာရှည်စွာခံရသူများနှင့် အရက်အလွန်အကျွံသောက်သူများတွင်
အဖြစ်များလေ့ရှိကြသည်။ Heat Stroke မဖြစ်အောင် အလွန်ပူသော အချိန်တွင် သဘာဝအလျောက် အေးမြသော နေရာများတွင်နေပါ။
အပူဒဏ်နှင့်ကျန်းမာရေးအန္တရာယ်
အပူဒဏ်သည် အထက်ဖော်ပြပါ အန္တရာယ်များကို ဖြစ်ပေါ်စေသလို အရေပြားပေါ်တွင် အဖုအပိမ့်နှင့် အနီစက်များကိုလည်း ဖြစ်စေသည်။ ချွေးအလွန်ထွက်ပြီး ခန္ဓာကိုယ်ယားယံလာခြင်း၊ ကြွက်တက်ခြင်း၊ မူးမေ့လဲကြခြင်းတို့ကိုလည်း ဖြစ်စေသည်။ အရေပြားခြောက်သွေ့ပူလောင်ခြင်း၊ သွေးပေါင်ချိန်ကျဆင်းခြင်းနှင့် ဝမ်းသွားခြင်းမျိုးလည်း ဖြစ်တတ်သည်။ အပူဒဏ်ကြောင့် ချွေးအလွန်အကျွံ့ထွက်လာတတ်သည်။
ထိုအခါ ခန္ဓာကိုယ်အတွက် ဆားဓာတ်နည်းပါးသွားသည်။ ထိုအခါခန္ဓာကိုယ်အတွင်း ရေဓာတ်ချို့တဲ့လာသည်။ ထိုအချိန်မျိုးတွင် ရေဓာတ်ပြည့်မီအောင် ရေမသောက်ပါက ဆီးအရောင်ရင့်လာပြီး ဆီးချုပ်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ ထို့ပြင် ခန္ဓာကိုယ်က အပူဓာတ်ကိုထိန်းညှိပေးသည့် စနစ်ချို့ယွင်းကာ အပြင်းအထန် ဖျားနာစေနိုင်သည်။ ဒါ့အပြင် အပူဒဏ်ကြောင့် လေဖြတ်ခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း၊ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ခြင်းနှင့် အမြင်အာရုံပျက်စီးခြင်းမျိုးလည်း ဖြစ်တတ်သည်။ အဖြစ်များသည်က ဦးနှောက်သွေးကြောပြတ်ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုလိုအပူချိန်မြင့်မားနေသော အချိန်တွင် သတိထားနေထိုင်ကြဖို့လိုပါသည်။
ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ်
ယခုလိုအပူချိန် ပြင်းထန်နေချိန်မှာ အထက်ပါ ကျန်းမာရေးအန္တရာယ်များ မဖြစ်အောင် လိုက်နာရမည့် အချက်များမှာ-
(၁) အရိပ်ရပြီးအေးမြသောနေရာတွင်နေပါ။
(၂) မိမိအသားကိုနေရောင်ခြည်နှင့် တိုက်ရိုက် မထိတွေ့စေရန် လည်ပင်းနှင့် ပခုံးတို့ကိုပါ လုံခြုံပြီးအရောင်ဖျော့ပြီး ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ကြပါ။
(၃) နေ့လယ်နေ့ခင်းအပြင်ထွက်ပါက ထီးနှင့် ဦးထုပ်ဆောင်းပါ။ နေကာမျက်မှန်တပ်ပါ။
(၄) ရေများများသောက်ပါ။
ဤကားဆောင်ရမည့် အချက်များဖြစ်ပြီး ရှောင်ကြဉ်ရမည့်အချက်များမှာမူ အောက်ပါအတိုင်းဖြစ်သည်။
- နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်နှင့် ထိပ်တိုက်ထိတွေ့ခြင်းကို ရှောင်ပါ။
- ပူပြင်းသော နေရောင်အောက်တွင် အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။
- နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းကို ရှောင်ကြဉ်ပါ။
- ပူပြင်းသောနေရောင်အောက်မှ အအေးခန်း အတွင်းသို့ဝင်ရောက်ခြင်း၊ အလွန်အေး သောအခန်းမှ ပူပြင်းသော နေရောင်အောက်သို့ ချက်ချင်းထွက်ခြင်းတို့ကို ရှောင်ကြဉ်ကြရပါမည်။
နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် ယခုအခါ အပူချိန်မြင့်တက်မှုသည် ၂၀၁၆ ခုနှစ်ထက်သာလွန်လာပြီး အယ်လ်နီညိုတစ်ကျော့ပြန်လာနိုင်ကြောင်း ခန့်မှန်းကြသည်။ အဆိုပါ ခန့်မှန်းချက်အရ ယခုအပူချိန်သည် ကြောက်ဖွယ်ကောင်းလှသည်။ ထို့ပြင် အပူဒဏ်ကြောင့် လူသားတို့ ကျန်းမာရေးကို ခြိမ်းခြောက်လျက် ရှိသည်ကို အထက်ပါဖော်ပြချက်များအရ သိနိုင်သည်။ ဒါကြောင့်မို့ အပူဒဏ်ကို ကာကွယ်ပေးနိုင်အောင် သစ်ပင်များများစိုက်ဖို့တိုက်တွန်းချင်ပါသည်။
ထို့ပြင် အပူဒဏ်ကိုကာကွယ်ဖို့ဆောင်ရန်ရှောင်ရန်အချက်များကိုလည်း လိုက်နာကြဖို့ တိုက်တွန်းချင်ပါသည်။ လူသားအားလုံး အပူဘေးမှ ကင်းဝေးကြပါစေ။ ။
ကိုကျော်စွာ(ကျိုက်ပိ)