ရေမဆေးကျောက် ရှာဖွေသူ အချင်းချင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား

ဖားကန့်၊ သေမှုသေခင်း

ကချင်ပြည်နယ်  ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ခုရုဆွတ်အိန်ယန်ကျေးရွာအနီး ဥရုချောင်းနံဘေး၌  အောက်တိုဘာ ၃ဝ ရက်  ညနေ ၃ နာရီ ၄၅ မိနစ်တွင် စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ် ခုရုဆွတ်အိန်ယန်ကျေးရွာအနီး   ဥရုချောင်းနံဘေး၌ ရေမဆေးကျောက်ရှာဖွေသူ ဇော်မိုင်က ဇေယျာထံတွင် ရစရာရှိသော အကြွေးငွေကို တောင်းခံသဖြင့်    စကားများရန်ဖြစ်၍   လုံးထွေး သတ်ပုတ် ကြပြီး   ဇော်မိုင်မှာ တဲအောက်ဘက်သို့ပြေးဆင်းသွားစဉ် ဇေယျာသည် အရိုးအသွား ၁၅ လက်မရှိ ဓားဦး ချွန် တစ်ချောင်းကို ကိုင်ဆောင်၍  နောက်မှပြေး လိုက်ကာ  ဇော်မိုင်အား  ဓားဖြင့်ထိုးရာ ဦးခေါင်း နောက်စေ့ နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ဝဲလက်ညှိုးပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲအပေါ် နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ဝဲလက်ခလယ်ပြတ်ရှ ဒဏ်ရာ တစ်ချက်တို့ရရှိပြီး သေဆုံးသွားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဇေယျာအား လုံးခင်းနယ်မြေရဲစခန်းက (ပ)၁၄၄/၂ဝ၂ဝ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂ ဖြင့် အရေးယူထားကြောင်း သိရသည်။ 

နိုင်မိုး(လုံးခင်း)