လေထုညစ်ညမ်းခြင်းနှင့် ကျန်းမာရေး
သက်ရှိသတ္တဝါတို့သည် ပတ်ဝန်းကျင်လေထုထဲမှ အောက်ဆီဂျင်ကိုရှူရှိုက်ကာ ဇီဝဖြစ်စဉ်များကို အလုပ်လုပ်စေပြီး အသက်ရှင်နေထိုင်ကြရခြင်း ဖြစ်သည်။ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကမ္ဘာ့လေထုအရည်အသွေးတဖြည်းဖြည်းကျဆင်းလာသည်။
လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာလုံးဆိုင်ရာအနေဖြင့် လူတစ်ဦးချင်းစီ၏ ပျမ်းမျှမျှော်မှန်းသက်တမ်းသည် ၂ ဒသမ ၂ နှစ်ခန့်အထိကျဆင်းလာကြောင်း လေ့လာမှုများအရ သိရသည်။
ဆေးလိပ်သောက်သုံးခြင်းသည် လူ့သက်တမ်းကို ၁ ဒသမ ၉ နှစ်ခန့် ပိုမိုလျော့နည်းစေပြီး အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကြောင့် လူ့သက်တမ်းကို ပျမ်းမျှအားဖြင့် ကိုးလခန့်၊ ရေနှင့်ပတ်ဝန်းကျင်မသန့်ရှင်းမှုကြောင့် လူ့သက်တမ်းကို ခုနစ်လခန့်၊ HIV ရောဂါကြောင့် လေးလခန့်၊ ငှက်ဖျားရောဂါကြောင့် သုံးလခန့်နှင့် အကြမ်းဖက်မှုများ၊ ပဋိပက္ခများကြောင့် ခုနစ်ရက်ခန့် လျော့နည်းစေကြောင်း လေ့လာတွေ့ရှိရသည်။ သို့ဖြစ်၍ ဆေးလိပ်သောက်သုံးခြင်းကြောင့် လူ့သက်တမ်းတိုစေခြင်းထက် မသန့်ရှင်းသည့်လေကို ရှူရှိုက်နေရသဖြင့် အသက်တိုရခြင်းက ပိုများကြောင်း လေ့လာမှုများအရ သိရသည်။ ထိုနည်းတူ လေထုညစ်ညမ်းမှုကြောင့် အသက်တိုရခြင်းသည် အရက်သောက်သုံးခြင်းနှင့် မသန့်ရှင်းသည့်ရေကိုသုံးစွဲရခြင်းကြောင့် အသက်တိုရခြင်းထက် သုံးဆ၊ HIV ရောဂါကူးစက်မှုကြောင့် အသက်တိုရခြင်းထက် ခြောက်ဆနှင့် အကြမ်းဖက်မှုများ၊ ပဋိပက္ခများကြောင့် သေဆုံးနေရခြင်းထက် ၈၉ ဆ ပိုမိုများပြားကြောင်း သိရသည်။
လူသားများအနေဖြင့် လေထုညစ်ညမ်းမှုကို ရှောင်လွှဲ၍မရသောကြောင့် အလွန်အန္တရာယ်များပေသည်။
အထူးသဖြင့် လေထုညစ်ညမ်းမှုနှုန်းမြင့်မားသည့် ဒေသ၌ နေထိုင်သူများသည် ဆေးလိပ်သောက်သုံးခြင်းကို ရပ်တန့်ပစ်၍ရပြီး ကူးစက်ရောဂါများ ကူးစက်ခြင်းမခံရအောင် တစ်ဦးချင်း သတိထားရှောင်ကြဉ်နိုင်သည်။ သို့သော် လူတိုင်း အသက်မရှူဘဲ နေ၍မရသည့်အတွက် လေထုညစ်ညမ်းမှုသည် တခြားသောကျန်းမာရေး ပြဿနာများထက် လူသားများကို ပိုမိုဒုက္ခပေးနိုင်သည်။
လေထုညစ်ညမ်းမှုသတ်မှတ်ချက်ဖြစ်စေသောအကြောင်းများ
လေထုညစ်ညမ်းမှုဟူသည်မှာ လေထုထဲတွင် မီးခိုး၊ ဓာတ်ငွေ့တစ်မျိုးမျိုး၊ ဖုန်မှုန့်များ၊ မြူခိုးများ၊ အနံ့အသက်များ၊ ရေခိုးရေငွေ့များ ရှိသင့်သည့်ပမာဏထက် ပိုမိုများပြားစွာရှိနေခြင်းဖြစ်သည်။ ယင်းအရာများက လူသားတို့၏ကျန်းမာရေးကို တစ်နည်းနည်းဖြင့် ထိခိုက်စေနိုင်သည်။ အဓိကအားဖြင့် အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် လူ့ခန္ဓာကိုယ်ကို ထိခိုက်စေခြင်းဖြစ်သည်။ လေထုညစ်ညမ်းမှုဖြစ်ခြင်း၏ ၆၀ ရာခိုင်နှုန်းခန့်မှာ တွင်းထွက်လောင်စာများကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပြီး ၁၆ ရာခိုင်နှုန်းခန့်မှာ တောမီး၊ မြူခိုးများ၊ ပင်လယ်ဆားဓာတ်များ အငွေ့ပျံခြင်းတို့ကြောင့်ဖြစ်ကာ ၂၂ ရာခိုင်နှုန်းမှာ လူသားများပြုလုပ်သည့် တခြားသောလုပ်ငန်းဆောင်တာများကြောင့်ဖြစ်ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါကာလတွင် နေအိမ်တွင်နေထိုင်ခြင်း (Stay at home) ကြောင့် လေထုညစ်ညမ်းမှု သိသိသာသာလျော့ကျကြောင်း လေ့လာတွေ့ရှိရသည်။ ကမ္ဘာပေါ်၌ တောင်အာရှဒေသသည် လေထုညစ်ညမ်းမှုအများဆုံးဒေသဖြစ်ပြီး အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနိုင်ငံတို့မှာ လေထုညစ်ညမ်းမှု အဆိုးဆုံးနိုင်ငံများဖြစ်ကြောင်း သိရသည်။ လေထုညစ်ညမ်းမှုဖြစ်စေသော အမှုန်အမွှားများ၏ ပမာဏသေးငယ်လေ လူ့ခန္ဓာကိုယ်အတွင်းဝင်ရောက်ရန် လွယ်ကူလေဖြစ်သည်။ ၁၀ မိုက်ခရိုမီတာထက်သေးငယ်သော အမှုန်အမွှားများ (PM 10) သည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်ထဲအထိ ဝင်ရောက်နိုင်သည်။ ၂ ဒသမ ၅ မိုက်ခရိုမီတာထက် သေးငယ်သော အမှုန်အမွှားများ (PM 2.5) (လူ့ဆံပင်၏ ၃ ရာခိုင်နှုန်းခန့်သာရှိသော အမှုန်အမွှားများ)သည် အဆုတ်အတွင်းရှိသော လေအိတ်ငယ်များ၏ နံရံမှတစ်ဆင့် သွေးကြောများထဲအထိ ဝင်ရောက်နိုင်ကြောင်း သိရသည်။ ထိုသို့သွေးကြောများထဲအထိ ရောက်ရှိသွားသော အမှုန်အမွှားများသည် သွေးလည်ပတ်စီးဆင်းမှုကို ထိခိုက်စေကာ လေဖြတ်ခြင်း၊ နှလုံးထိခိုက်ခြင်းနှင့် တခြားသောကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွားစေနိုင်သည်။ လေထုအရည်အသွေးသတ်မှတ်ချက်နှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၀၅ ခုနှစ် ထုတ်ပြန်ချက်အရ လေထုထဲ၌ (PM 2.5)အမှုန်အမွှားပါဝင်မှုနှုန်းကို လေထု ၁ ကုဗမီတာတွင် အမှုန်ပမာဏ ၅ မိုက်ခရိုဂရမ်အောက် နည်းရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။ လက်ရှိ အခြေအနေအရ ကမ္ဘာ့လူဦးရေ၏ ၉၇ ဒသမ ၃ ရာခိုင်နှုန်းဖြစ်သည့် လူဦးရေ ၇ ဒသမ ၄ ဘီလီယံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်ဖြစ်သော အဆိုပါလေထုအရည်အသွေးမျိုး မရရှိနိုင်ကြောင်း တွေ့ရသည်။
လေထုညစ်ညမ်းမှုကြောင့် ရောဂါများဖြစ်ပွားစေခြင်း
မသန့်ရှင်းသည့်လေကို ရှူရှိုက်မိပါက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ အဆုတ်၊ နှလုံး၊ အသည်းနှင့်ဦးနှောက် စသည့်အင်္ဂါအစိတ်အပိုင်းများကို ရေရှည်တွင် ထိခိုက်မှုဖြစ်စေကာ ကင်ဆာကဲ့သို့သော ရောဂါများ၊ တခြားနာတာရှည်ရောဂါများ ဖြစ်ပွားစေနိုင်သည်။ လေထုညစ်ညမ်းမှုသည် ခန္ဓာကိုယ်အနှံ့အပြားကို ထိခိုက်မှုများဖြစ်စေပြီး ရောဂါများဖြစ်စေနိုင်သည်။ အဓိကဖြစ်ပွားတတ်သော ရောဂါများမှာ လေဖြတ်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာပြဿနာများ၊ နာတာရှည်လေပြွန် ရောင်ရမ်းခြင်းဆိုင်ရာ ရောဂါများ၊ နမိုးနီးယားကဲ့သို့ အဆုတ်ရောင်ရောဂါများ၊ အဆုတ်ကင်ဆာနှင့် မျက်စိတိမ်စွဲခြင်း စသည့်ရောဂါများဖြစ်သည်။ ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များ ကလေးမွေးဖွားရာတွင် ခက်ခဲခြင်း၊ ပေါင်ချိန်မပြည့်သည့်ကလေးများမွေးဖွားခြင်း၊လမစေ့ဘဲ ကလေးမွေးဖွားခြင်း၊ မွေးရာပါချို့ယွင်းချက်များ ပါရှိသည့် ကလေးများမွေးဖွားခြင်း စသည်တို့ ဖြစ်စေနိုင်သည်။ တခြားသော ကင်ဆာရောဂါများ၊ ဆီးချိုရောဂါ၊ အာရုံကြောချို့ယွင်းသည့်ရောဂါများလည်း ဖြစ်ပွားနိုင်ခြေရှိသည်။
မသန့်ရှင်းသောလေကို ရှူရှိုက်မိသူများသည် ချက်ချင်းအားဖြင့် ၎င်းတို့၏ အဆုတ်များ အလုပ်လုပ်နိုင်စွမ်း ကျဆင်းလာခြင်း၊ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊ ပန်းနာ၊ ရင်ကျပ်ရောဂါများကို ပိုမိုဆိုးရွားစေခြင်း စသည့် ကျန်းမာရေး ပြဿနာများ ဖြစ်ပွားစေနိုင်သည်။ မသန့်ရှင်းသည့်လေကို ကာလရှည်ရှူရှိုက် နေရသူများအနေဖြင့် လေဖြတ်ခြင်း၊ လေပြွန်ရောင်ရမ်းခြင်းနှင့် ကင်ဆာကဲ့သို့ ရောဂါများ ဖြစ်စေနိုင်သည်။
ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များအနေဖြင့် ဖော်ပြပါ ကျန်းမာရေး ပြဿနာများကို ပိုမိုခံစားရနိုင်ခြေရှိသည်။ အစားအသောက်၊ မျိုးရိုးဗီဇ၊ ရောဂါအခံရှိသူများသည် လေထုညစ်ညမ်းမှုကြောင့် ရရှိသည့် ဆိုးကျိုးများကို ပိုမိုခံစားရနိုင်သည်။
ကျန်းမာရေးအတွက် အဓိကအန္တရာယ်ပြုသည့် အမှုန်အမွှားများ
လေထုညစ်ညမ်းစေသည့် အမှုန်များသည် ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်မှုများရှိစေသော်လည်း အဓိကအန္တရာယ်ပြုသည့် အမှုန်များမှာ ကာဗွန်မိုနောက် ဆိုက်၊ အိုဇုန်း၊ နိုင်ထရိုဂျင်ဒိုင်အောက်ဆိုက်နှင့် ဆာလ် ဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့များဖြစ်သည်။ ယင်းအမှုန်များသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်နှင့် သွေးကြောများအတွင်းရောက်ရှိကာ ကိုယ်တွင်းအင်္ဂါများရှိ တစ်သျှူးများ၊ ဆဲလ်များကို အဆိပ် အတောက်ဖြစ်စေသည်။
လေထုညစ်ညမ်းမှုလျှော့ချရေး
လေထုညစ်ညမ်းမှုလျှော့ချခြင်း ဆောင်ရွက်ရာတွင် ထိရောက်သည့်မူဝါဒများ ချမှတ်လိုက်နာ ဆောင်ရွက်နိုင်ရန် လိုအပ်သည်။ သာဓကအားဖြင့် တရုတ်နိုင်ငံ၌ လေထုအရည်အသွေးမြှင့်တင်ရေးအတွက် War Against Air Pollution ဟူသည့်မူဝါဒကို ၂၀၁၄ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၃၉ ဒသမ ၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပြီဖြစ်သည်။ သို့သော် တရုတ်နိုင်ငံ၏ လေထုအရည်အသွေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက် ပြည့်မီရန် လိုအပ်နေသေးကြောင်း တွေ့ရှိရသည်။ လေထုညစ်ညမ်းမှုသည် ရာသီဥတု ပြောင်းလဲမှုနှင့်လည်း တိုက်ရိုက်သက်ဆိုင်နေသည်။ တွင်းထွက်လောင်စာများ အသုံးပြုခြင်း၊ ယာဉ်အမျိုးမျိုးမှ ထုတ်လွှတ်သည့် မီးခိုးငွေ့များ၊ စက်ရုံများမှထွက်ရှိသောမီးခိုးများ စသည်တို့သည် လေထုညစ်ညမ်းမှု ဖြစ်စေသည့်နည်းတူ ကမ္ဘာ့လေထုတွင် မှန်လုံအိမ်အာနိသင်သက်ရောက်မှု(Green House Effect) ဖြစ်စေကာ ကမ္ဘာကြီးကို ပိုမိုပူနွေးလာစေသည်။
ထို့ကြောင့် တွင်းထွက်လောင်စာများအပေါ် မှီခိုနေရသော စွမ်းအင်ကဏ္ဍကိုလျှော့ချနိုင်ခြင်းဖြင့် လေထုညစ်ညမ်းမှုကို လျော့ကျစေသည်။ ထို့ပြင် ကမ္ဘာကြီးပူနွေးလာမှုကိုလည်း လျှော့ချနိုင်ကာ ယင်းတို့ကြောင့်ဖြစ်ပွားသော ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးအာနိသင်များကိုလည်း လျော့နည်းစေပြီး သက်ရှည်ကျန်းမာ နေထိုင်နိုင်ကြမည်ဖြစ်သည်။ ကမ္ဘာ့ပြည်သူအများစုသည် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်နေသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ခါးစည်းခံနေကြရပြီး ရာသီဥတုပူပြင်းမှုကြောင့် အပူလျှပ်ခြင်း၊ အပူကြောင့် သတိလစ်မေ့မြောခြင်း၊ ကူးစက်ရောဂါများဖြစ်ပွားခြင်း၊ ပူပြင်းသဖြင့် တောမီးလောင်မှုများမှတစ်ဆင့် လေထုညစ်ညမ်းမှုဖြစ်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ခြင်း၊ မုန်တိုင်းများကြောင့် ထိခိုက်ဒဏ်ရာရခြင်း စသည့်ဆက်စပ်ဖြစ်စဉ်များ တွေ့ကြုံနေရသည်။ လေထုညစ်ညမ်းမှုကို လျှော့ချနိုင်သည့်နည်းလမ်းများကို မူဝါဒချမှတ်၍ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးဆိုင်ရာပြဿနာများလျှော့ချနိုင်မည်ဖြစ်ကာ လူမှုစီးပွားဘဝများလည်း တိုးတက်လာနိုင်သည်။
လူတစ်ဦးချင်းစီအနေဖြင့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရေး ပါဝင်ဆောင်ရွက်နိုင်ရန် နည်းလမ်းများရှိသည်။ ယင်းမှာ နေ့စဉ် လူနေမှုဘဝကို ပြောင်းလဲခြင်းဖြင့် လေထုညစ်ညမ်းမှုလျှော့ချရေးကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုခြင်းပင်ဖြစ်သည်။ ဥပမာ-ကိုယ်ပိုင်ကားစီးမည့်အစား အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုခြင်း၊ အနီးအနားခရီးတိုများကို စက်ဘီးအသုံးပြုခြင်း၊ ဆေးလိပ်သောက်ခြင်းကို လျှော့ချခြင်း၊ တချို့သောပစ္စည်းများကို မီးရှို့ဖျက်ဆီးမည့်အစား ပြန်လည်သုံးစွဲနိုင်ရေး စီမံဆောင်ရွက်ခြင်းစသည့် နည်းလမ်းများကို တစ်ဦးချင်းတစ်ယောက်ချင်းစီက လိုက်နာကျင့်သုံးပါက လေထုညစ်ညမ်းမှုများ အထိုက်အလျောက် လျော့ကျစေမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကို သတိမမူဘဲ နေထိုင်ကြမည်ဆိုပါက ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် တွေ့ကြုံကြရမည်ဖြစ်သကဲ့သို့ လူ့သက်တမ်းစေ့ နေထိုင်နိုင်ရေး အတွက်လည်း အခက်အခဲ ဖြစ်လာနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
ကိုဇေ