တောင်ကြီးလူရည်ချွန် အပန်းဖြေစခန်းမှ ဒသမတန်း လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ အင်းလေးကန်သို့ လေ့လာရေး သွားရောက်
တောင်ကြီး ဧပြီ ၃၀
တောင်ကြီးလူရည်ချွန် အပန်းဖြေစခန်းမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် အင်းလေးကန်သို့ လေ့လာရေးခရီး သွားရောက်ကြသည်။
ဦးစွာ ဟူပင်ဟိုတယ်ရှိ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းဟောင်းသို့ သွားရောက်ကြည့်ရှုလေ့လာကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ယခင်လူရည်ချွန်စခန်း ကျင်းပခဲ့သည့်နေရာများ၊ အဆောက်အအုံများကို လိုက်လံရှင်းလင်း ပြသသည်။
ဆက်လက်၍ လူရည်ချွန်မောင်မယ်များသည် ကြီးကြပ်ဆရာ၊ ဆရာမများ၊ ဒေသခံဆရာ၊ ဆရာမများ လိုက်ပါလျက် အဖွဲ့လိုက် စက်လှေများဖြင့် အင်းလေးဒေသရိုးရာ စိုက်ပျိုးရေး လုပ်ငန်းတစ်ခုဖြစ်သော ကေလာရေခြံသို့ သွားရောက်လေ့လာကြသည်။
ထို့နောက် အင်းလေးဒေသ၏ ဂုဏ်ယူဖွယ်ရာ ဟဲယာရွာမငွေထည်လုပ်ငန်းမှ စိန်သမာဓိငွေပန်းထိမ် လုပ်ငန်းသို့ သွားရောက်လေ့လာကြရာ စိန်သမာဓိငွေပန်းထိမ်လုပ်ငန်းရှင် ဦးစံလင်းက မြန်မာ့ရိုးရာလက်မှုပညာဖြစ်သည့် ငွေပန်းထိမ်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ပုံအဆင့်ဆင့်ကို ရှင်းလင်းပြသ၍ လူရည်ချွန်မောင်မယ်များကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် လူရည်ချွန်မောင်မယ်များသည် ငွေပန်းထိမ်ပစ္စည်းများ၊ တိုင်းရင်းသားရိုးရာအဝတ်အထည်များကို လေ့လာကြည့်ရှုကာ ဝယ်ယူအားပေးကြသည်။
ထိုမှတစ်ဆင့် အခြေခံပညာအထက်တန်းကျောင်း (သာလေး)သို့ရောက်ရှိပြီး ခေတ္တရပ်နားကာ နေ့လယ်စာသုံးဆောင်ကြပြီး လူရည်ချွန်မောင်မယ်များသည် ကမ္ဘာကျော် ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ဦး စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
ယနေ့တွင် တောင်ကြီးလူရည်ချွှန် အပန်းဖြေစခန်း တည်ရှိရာ တောင်ကြီး အထက(၁) ဒေါ်ခင်သိန်းခန်းမ၌ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်၊ စစ်သမီးများက အဆို၊ အက၊ ဟာသပြဇာတ်တို့ဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။