လူရည်ချွန်စခန်း(ငွေဆောင်)မှ ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ပုသိမ်မြို့တွင်း လှည့်လည်လေ့လာ

လူရည်ချွန်စခန်း(ငွေဆောင်)မှ ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ပုသိမ်မြို့တွင်း လှည့်လည်လေ့လာ

ရန်ကုန်  ဧပြီ  ၃၀

    လူရည်ချွန်စခန်း(ငွေဆောင်)မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ကြီးကြပ်ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့တွင်းသို့ လှည့်လည်လေ့လာကြသည်။

ရှေးဦးစွာ လူရည်ချွန်စခန်း(ငွေဆောင်)မှ လေ့လာရေးအဖွဲ့သည်    ပုသိမ်မြို့၏ ကျက်သရေဆောင်     ရွှေမုဋ္ဌောစေတီသို့ ရောက်ရှိရာ    စေတီတော်ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးမင်းဇော်သိန်းက ဘုရားသမိုင်းအား   ရှင်းလင်းပြောကြားပြီး ရုံးအဖွဲ့မှူး  ဦးလှအောင်က ဘုရားသမိုင်းအား ရှင်းလင်းတင်ပြသည်။   ထို့နောက် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများက အလှူငွေကျပ် ၁၀၄၀၀၀၀ အား ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဓမ္မလက်ဆောင် ဘုရားပုံတော်အား    ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းနှင့် ပုသိမ်ထီးလုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်လေ့လာကြရာ တာဝန်ရှိသူတို့က လုပ်ငန်း ဆောင်ရွက်နေမှုများအား အသီးသီး ရှင်းလင်းတင်ပြကြရာ စိတ်ဝင်တစား မှတ်သားလေ့လာကြသည်။

ထို့နောက် ပုသိမ်မြို့တော်ခန်းမ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနားကို တက်ရောက်ကြသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက  လေ့လာရေး အစီအစဉ်များနှင့် ဖျော်ဖြေရေး အစီအစဉ်များတွင် စိတ်ပါဝင်စားကြပြီး  ပျော်ပျော်ရွှင်ရွှင်ဖြင့် ပါဝင်ဆင်နွှဲခဲ့ကြသည့်အတွက် ဝမ်းသာမိကြောင်း၊   လေ့လာရေးခရီးစဉ်များတွင်လည်း မောင်မယ်များအားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေကြောင်းဖြင့် ပြောကြားပြီး လူရည်ချွန်မောင်မယ်များအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

၎င်းင်းနောက် လူရည်ချွန်စခန်း(ငွေဆောင်)မှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ လေ့လာရေးအဖွဲ့သည်   ရွှေမြင်းပျံပုသိမ် ဟာလဝါနှင့် ရွှေမြင်းပုသိမ် ဟာလဝါနှင့် သူဌေးမုန့်လုပ်ငန်းတို့အား  သွားရောက် လေ့လာခဲ့ကြရာ တာဝန်ရှိသူတို့က လုပ်ငန်းများအလိုက်   လိုက်လံရှင်းလင်း ပြောကြားကြသည်။ ဆက်လက်၍ ငွေဆောင်အပန်းဖြေ ဆင်စခန်းသို့  သွားရောက်လေ့လာကြရာ ဆင်လိမ္မာများ၏ အလှပြကွက်များ ပြသခြင်းများကို   ကြည့်ရှုအားပေးခဲ့ကြပြီး  စိတ်ပါဝင်စားပျော်ရွှင်စွာ လေ့လာလည်ပတ်ခဲ့ကာ ဆင်အစာများ ကျွေးမွေးခဲ့ကြသည်။

ညပိုင်းတွင် လူရည်ချွန်စခန်း(ငွေဆောင်)ရှိ လူရည်ချွန်ကျောင်းသား၊    ကျောင်းသူများအား  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံး  ကွပ်ကဲမှုအောက် နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲမှ မြန်မာ့ရတနာမြေ၊ ငြိမ်းချမ်းရေးဆိုတာ၊  လူချွန်လူကောင်း၊    ပန်းပန်ရင်နန်းဆန်မယ်၊ ခင်လေးစိမ်းတယ်၊    တစ်ခုပဲပြောမယ်  Love You၊ ကမ္ဘာတည်သရွေ့၊ စည်းလုံးချင်းအတွက်  သီချင်းတစ်ပုဒ် အပါအဝင် ခေတ်ပေါ်မြူးမြူးကြွကြွသီချင်းများ၊ မျက်လှည့်၊  လက်လှည့်ပြကွက်များ၊ စစ်သည်၊ စစ်သမီးများ၏    ဖျော်ဖြေတင်ဆက်မှုများအား ပျော်ရွှင်စွာကြည့်ရှု အားပေးခဲ့ကြပြီး ဖျော်ဖြေရေး တေးသံရှင်များနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။