ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ပုပ္ပားတောင် ပရဆေးဥယျာဉ်နှင့် ရေမြေတောတောင် သဘာဝပေါက်ပင်တို့အား လေ့လာ

ပုဂံလူရည်ချွန်စခန်းမှ  လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ပုပ္ပားတောင် ပရဆေးဥယျာဉ်နှင့် ရေမြေတောတောင် သဘာဝပေါက်ပင်တို့အား လေ့လာ

ညောင်ဦး  ဧပြီ  ၃၀

    ညောင်ဦးခရိုင်     ညောင်ဦးမြို့နယ် အောင်မြေသာရပ်ကွက်  ပုဂံလူရည်ချွန်စခန်းတွင် ရောက်ရှိနေသော  လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများသည် စခန်းမှူး မန္တလေးတိုင်းဒေသကြီး   ပညာရေးမှူး ဒေါက်တာစိုးမြင့်ထွန်း၊ ကြီးကြပ်သူဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ လေ့လာရေးခရီးစဉ်ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး  ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်အနီး တွင်ရှိသော နတ်တို့ပျော်စံရာ နတ်တောင်(နဂါးတောင်)အဖြစ် လူသိများသည့် ပုပ္ပားတောင်ကလပ်သို့  သွားရောက်လေ့လာ ဖူးမြော်ကြသည်။

ထို့နောက် ပုပ္ပားတောင်ပြတိုက်နှင့် ပုပ္ပားတောင် ဆေးဖက်ဝင်အပင်များ စိုက်ခင်းအား သွားရောက်ကြည့်ရှုလေ့လာခြင်း၊ Poppa Mountain Resort သို့ သွားရောက်ပြီး View Point တွင် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး တောတောင်သဘာဝ အလှတရားများကို ကြည့်ရှုအပန်းဖြေခဲ့သည်။

ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်  စိတ်ဓာတ်စစ်ဆင်ရေး  ညွှန်ကြားရေးမှူးရုံး   ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲမှ အဆို၊အက၊ အတီး၊ တေးသရုပ်ဖော်အကများ၊ မြန်မာ့ရိုးရာဆိုင်းဝိုင်း၊ စတိတ်ရှိုးဖျော်ဖြေမှုများ၊ ထူးခြားဆန်းပြားသော  မျက်လှည့်ပြကွက်များ၊  ဒေသခံရိုးရာ ယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။