တရားမဝင်ကျွန်းသစ်၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် ဧပြီ ၃၀
တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၇ ရက်တွင် ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ဘားအံမြို့နယ်အတွင်းရှိ ဂိုဒေါင်များအား လိုက်လံစစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Singha Beer (၈၅၀) ဖာ အပါအဝင် ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉၃၁၈၀၀၀)ကို လည်းကောင်း၊ သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီးအား စစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့့်ျနိ Used TV- 32' (၄၀) လုံး အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၂၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Kinglong Mini Bus မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၉၀၃၈၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီအရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ ဧပြီ ၂၈ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၂)လုံး အတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိ သည့် B/N Excavator And Bulldozer Spare Parts Sprocket (၁၀) ခုနှင့် Excavator And Bulldozer Spare Parts Bucket Bush (၇၅၆၈) ခု အပါအဝင် ကုန်ပစ္စည်း (၂၅) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၀၉၁၆၇၃) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဧပြီ ၃၀ ရက်တွင် တိုက်ကြီးမြို့နယ်၊ နယ်မြေရဲစခန်းမှ စစ်ဆေးရေး အဖွဲ့များက တိုက်ကြီးမြို့နယ်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် SKART မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဧပြီ ၃၀ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မုံရွာမြို့၊ မြို့မရဲစခန်းမှ ရဲအုပ်ဦးဆောင်သော ပူးပေါင်းအဖွဲ့က မုံရွာမြို့၊ ကျွဲရဲပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်း မရှိသည့် Voxy မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ ခမရ (၃၆၅)မှ ဗိုလ်မှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့က မော်လိုက်မြို့၊ မှော်ကူးကြိုးဝိုင်း၊ နမ်းခမ်းပတ်ချောင်းဘေး အနီးတွင် တရားမဝင်ကျွန်းသစ် (၂ ဒသမ ၃၈၂) တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၆၀၆၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၈၆၀၆၀)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဧပြီ ၂၇ ရက်၊၂၈ ရက်နှင့် ၃၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၃၆၅၇၃၃)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။