ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)တွင် ထိုင်းနှင့်ဗီယက်နမ် အနိုင်ရ
ရန်ကုန် ဧပြီ ၃၀
(၃၂)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ပထမနေ့ကို ဧပြီ ၃၀ ရက်က ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပရာ ထိုင်းနှင့် လက်ရှိချန်ပီယံ ဗီယက်နမ်အသင်း အနိုင်ရခဲ့သည်။
အုပ်စု(ခ) ပထမနေ့တွင် နာမည်ကြီး နှစ်သင်းစလုံး အနိုင်ရခဲ့ပြီး ထိုင်းအသင်းက စင်ကာပူအသင်းကို ၃ ဂိုး-၁ ဂိုး၊ ဗီယက်နမ်အသင်းက လာအိုအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ထိုင်းအသင်းသည် စင်ကာပူကို အခက်အခဲမရှိ အနိုင်ယူပြီး ပွဲဦးထွက် အမှတ်ပြည့် ရယူနိုင်ခဲ့သည်။
ထိုင်းအသင်းအတွက် ဂိုးများကို ၈ မိနစ်တွင် တီယာဆတ်၊ ၃၉ မိနစ်တွင် အချစ်ပိုလ်နှင့် ၄၇ မိနစ်တွင် သောင်ဆာနစ်တို့က သွင်းယူပြီး စင်ကာပူအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၄၁ မိနစ်တွင် နစ်ကီက သွင်းယူခဲ့သည်။
လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းမှာလည်း အဖွင့်ပွဲတွင် အမှတ်ပြည့်ရယူနိုင်ခဲ့သော်လည်း နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
ပွဲအစ ၂ မိနစ်တွင် ငုယင်ဗန်သောင်က ဗီယက်နမ်အတွက် ဂိုးစတင်သွင်းယူခဲ့ပြီး နောက်ပိုင်းတွင် ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ ဗီယက်နမ်အသင်းအတွက် ဒုတိယဂိုးကို မိနစ် ၉၀ တွင် ငုယင်ဗီယက်က သွင်းယူခဲ့သည်။
မေ ၁ ရက်တွင် ဘောလုံးပွဲစဉ်မရှိဘဲ အုပ်စု (က) ဒုတိယနေ့ကို မေ ၂ ရက်တွင် ကျင်းပမည်ဖြစ်သည်။