အလုပ်သမားများ၏ လူမှုစီးပွားဘဝ မြင့်မားရေး
အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ဂုဏ်ပြုဆောင်းပါး
လူသားတိုင်းဘ၀ ရပ်တည်ရှင်သန်နေရေးမှာ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး ဖြစ်သည်။ အလုပ်လုပ်နေမှသာ စားဝတ်နေရေး အဆင်ပြေကာ လူမှုကိစ္စရပ်များကို ဖြေရှင်းနိုင်မည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် အမျိုးသားရေး လုပ်ငန်းစဉ်(၂)ရပ်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေး ချမှတ်ဆောင်ရွက်ပေးလျက်ရှိသည်။အမျိုးသားရေး လုပ်ငန်းစဉ်ဆိုသည်မှာ မြန်မာနိုင်ငံအတွက် အစဉ်အမြဲ ကျင့်သုံးနေရမည့် လုပ်ငန်းစဉ်ဖြစ်သည်။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းရေးကို အလေးထား လုပ်ဆောင်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် သဘာဝအရင်းအမြစ်များ၊ လူသားအရင်းအမြစ်များ များစွာရှိသည်။ ယခင်က ပြည်တွင်း ကုန်ထုတ်လုပ်မှုကို အားမပေးဘဲ ပြည်ပသွင်းကုန်များသာ အားထားဆောင်ရွက်ခဲ့သည့်အတွက် ပြည်သူလူထု၏ လူမှုစီးပွားဘဝ တိုးတက်မှု အားနည်းခဲ့သည်။ ထိုအချက်ကို သင်ခန်းစာယူကာ ပြည်တွင်းအားဖြင့် ပြည်တွင်းစီးပွားရေး တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်သို့ ချီတက်လျက်ရှိရာတွင် စီးပွားရေးမောင်းနှင်အား ကောင်းမွန်ရေးသည် အဓိကဖြစ်သည်။
စီးပွားရေးမောင်းနှင်အား ကောင်းမွန်အောင် ဆောင်ရွက်နိုင်သည်နှင့်အမျှ ပြည်သူလူထု အလုပ်အကိုင် အခွင့်အလမ်းများပေါများလာမည်ဖြစ်သည်။ မိမိနိုင်ငံကို မိမိတို့အင်အားဖြင့် ကြီးပွားတိုးတက်အောင် လုပ်ဆောင်နိုင်မည် ဆိုလျှင် ပြည်ပသို့ထွက်ခွာကာ အလုပ်အကိုင် ရှာဖွေမှုများ နည်းပါးလာမည်ဖြစ်သည်။ အလုပ်အကိုင် များပြားလာခြင်းနှင့်အတူ မြန်မာနိုင်ငံရှိ အလုပ်သမားများအနေဖြင့် အလုပ်အကိုင်နှင့် ညီမျှသော အတတ်ပညာများ တတ်ကျွမ်းထားရန် လိုပေသည်။ ကိုယ်ပိုင်အရည်အချင်း ပြည့်ဝသည့် လုပ်သားကောင်းများ ဖြစ်နေမှသာပြည်တွင်း၊ ပြည်ပအလုပ်အကိုင်များတွင် ဂုဏ်ယူဝင့်ကြွားစွာ လုပ်ကိုင်နိုင်ပေမည်။
နိုင်ငံတော်၏ စီးပွားရေး ရည်မှန်းချက်များ ဖော်ဆောင်ရာတွင် နိုင်ငံတော်၏ အဓိကအရေးပါသည့် အင်အားစုကြီးမှာ အလုပ်သမားများသာဖြစ်သည်။ အလုပ်သမားများအတွက် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ပြပွဲများ(Job Fair)၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲများ၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲများ ကျင်းပပေးခဲ့သည်။
ထို့ပြင် မြန်မာ့ရုပ်မြင်သံကြားတွင် (Talk Show)အစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးခဲ့သည်။ အလုပ်အကိုင် အခွင့်အလမ်းပြပွဲများ ကျင်းပပေးခြင်းအားဖြင့် အလုပ်ရှာဖွေသူများနှင့် အလုပ်သမား လိုအပ်လျက်ရှိသော အလုပ်ရှင်များကို အချိန်တိုအတွင်း တစ်နေရာတည်းတွင် ချိတ်ဆက်ပေးနိုင်သည်။ ထိုသို့ချိတ်ဆက် ပေးနိုင်သည့်အတွက် အချိန်ကုန်ငွေကုန် သက်သာပြီးပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိစေနိုင်မည်ဖြစ်သည်။
နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအရေးပါသည့် အလုပ်သမားကြီးများအနေဖြင့်နိုင်ငံတော်အစိုးရက တစိုက်မတ်မတ် ဦးတည်ချက်ထား အကောင်အထည်ဖော် ဆောင်ရွက်နေမှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာမည် ဖြစ်သည်။ အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများအကြား၊ အလုပ်သမား အချင်းချင်းအကြား အလုပ်သမားရေးရာ ကိစ္စရပ်များဖြေရှင်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် ပြဋ္ဌာန်းထားသော အလုပ်သမားအဖွဲ့အစည်း ဥပဒေနှင့်အညီ အခြေခံအလုပ်သမား အဖွဲ့အစည်း ၂၈၂၄ ဖွဲ့၊ မြို့နယ် အလုပ်သမား အဖွဲ့အစည်း ၁၅၆ ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ် အလုပ်သမားအဖွဲ့အစည်း ၂၅ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ်ကိုးဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တစ်ဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့အစည်း ၂၆ ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့အစည်း တစ်ဖွဲ့နှင့် အလုပ်ရှင် အဖွဲ့ချုပ်တစ်ဖွဲ့ စုစုပေါင်း ၃၀၄၃ ဖွဲ့တို့ကို အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများအဖြစ် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ပြည်ပအလုပ်အကိုင် ရှာဖွေသူများ အနေဖြင့် ပြည်ပသို့စနစ်တကျ သွားရောက်လုပ်ကိုင်နိုင်ရေး၊ ပြည်ပအလုပ်အကိုင် အမျိုးအစားအလိုက် ရရှိခဲ့သော အတွေ့အကြုံနှင့် နည်းပညာများ၊ အတတ်ပညာများကို ပြည်တွင်း၌ စနစ်တကျပြန်လည် အသုံးချဆောင်ရွက်ရေး၊ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန်နှင့် ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိခံစားနိုင်ရေး၊ အခက်အခဲရှိပါက ပြည်ပရှိ မြန်မာနိုင်ငံသံရုံးများ၊ အလုပ်သမား သံအရာရှိများနှင့် ဆက်သွယ် ဆောင်ရွက်ရေးနှင့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား(Overseas Worker Identification CardOWIC)လျှောက်ထားခြင်းများကို အလုပ်သမားဝန်ကြီးဌာန အနေဖြင့် စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်ထိ အေဂျင်စီအစီအစဉ်ဖြင့် ထွက်ခွာသူ၊ ခွင့်ပြန်လာသူ၊ PR ကိုင်ဆောင်သူများကို ထိုင်းနိုင်ငံသို့ ၁၂၀၀၀၀ ကျော်၊ စင်ကာပူနိုင်ငံသို့ ၂၄၀၀၀ ကျော်၊ ကိုရီးယားနိုင်ငံသို့ ၈၈၀၀ ကျော်၊ ဂျပန်နိုင်ငံသို့ ၁၅၅၀၀ ကျော်၊ မလေးရှားနိုင်ငံသို့ ၃၉၉၀၀ ကျော်အပါအဝင် ပြည်ပနိုင်ငံ ၈၂ နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား ၂၁၆၀၀၀ ကျော်ကို OWICကတ်ဖြင့် စေလွှတ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။ OWICကတ်မှာ ငါးနှစ်သက်တမ်းဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရန် ထုတ်ပေးခြင်းဖြစ်သည်။
အလုပ်သမားများ အနေဖြင့် ပြည်ပသို့ မထွက်ခွာမီ ပြည်ပအလုပ်အကိုင် ရှာဖွေသူအဖြစ် ဦးစီးဌာနတွင် မှတ်ပုံတင်ပြီး ကျန်းမာရေး စစ်ဆေးမှုခံယူရမည်ဖြစ်သည်။
ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက် လက်မှတ်ရရှိမှသာ ပြည်ပသို့သွားရောက်နိုင်မည်ဖြစ်သည်။ ပြည်ပသို့ရောက်ရှိက သက်ဆိုင်ရာမြန်မာသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးသို့ သတ်မှတ်ချက်များနှင့်အညီ သတင်းပို့ရမည်။ သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးနှင့် ဆက်သွယ်ထားသည့် အတွက် အကယ်၍ လုပ်ငန်းခွင်တွင် ထိခိုက်မှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ရထိုက်ခွင့်ရှိသည့် လျော်ကြေး၊ နစ်နာကြေး အပြည့်အဝရရှိရေးကို ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ အကျိုးဆောင်မှ တစ်ဆင့် တောင်းဆိုနိုင်မည်ဖြစ်သည်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများသည် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ လိုက်နာရမည့် စည်းကမ်းချက်များကို လေးစားလိုက်နာရမည်ဖြစ်ပြီး အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ပြည်ပလုပ်ငန်းရှင်နှင့် ဆက်သွယ်၍ ရပိုင်ခွင့်နှင့် အခွင့်အရေးများ အပြည့်အဝ ရရှိခံစားနိုင်ရေးအတွက် တာဝန်ယူဆောင်ရွက် ပေးရမည်ဖြစ်သည်။
ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ သတ်မှတ်ထားသည့် ဝန်ဆောင်ခသာ အလုပ်သမားထံမှ တောင်းဆိုခွင့်ရှိသည်။
သတ်မှတ်သည့်ဝန်ဆောင်ခထက် ပိုမိုတောင်းခံရယူပါက အလုပ်သမား အနေဖြင့် တိုင်ကြားနိုင်သည်။ သတ်မှတ်ထားသည့် ဝန်ဆောင်ခထက် ပိုမိုတောင်းခံရယူကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟုပြဋ္ဌာန်းထားသည်။ ထို့ပြင် မည်သူမဆို အကျိုးဆောင် လိုင်စင်မရှိဘဲ အကျိုးဆောင် လုပ်ငန်းကို လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကိုထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်သည်။
အလုပ်သမားစေလွှတ်ပေးသည့် အေဂျင်စီနှင့် သွားရောက်မည့် အလုပ်သမားတို့အကြား စေလွှတ်ခြင်းဆိုင်ရာ နှစ်ဦးသဘောတူစာချုပ် ချုပ်ဆိုရမည့်အပြင် အလုပ်သမားများအား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်တွင် မြန်မာ/အင်္ဂလိပ် သက်ဆိုင်ရာနိုင်ငံဘာသာတို့ဖြင့် ချုပ်ဆိုရန်နှင့် စည်းကမ်းချက်၊သတ်မှတ်ချက်များကို အပြည့်အဝနားလည် သဘောပေါက်စေရေးအတွက် အလုပ်သမားများအား ရှင်းလင်းစွာပြောကြားပြီး အလုပ်သမားက သဘောတူညီမှသာ သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးစေရမည်ဖြစ်သည်။
အလုပ်သမားဝန်ကြီးဌာန အနေဖြင့် ပြည်ပသို့ မိမိအစီအစဉ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်မည့် ကျွမ်းကျင်အလုပ်သမားများ၊ ခွင့်ပြန်အလုပ်သမားများ၊ အမြဲတမ်းနေထိုင်ခွင့်ပါမစ်ဖြင့်နေထိုင်လုပ်ကိုင်နေသူများက ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း တက်ရောက်ခွင့်နှင့် OWIC ပြုလုပ်ခွင့်များ တင်ပြလာပါက အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံး စိစစ်ခွင့်ပြုပေးလျက်ရှိသည်။ ပွဲစား/အေဂျင်စီများထံ ဝန်ဆောင်ခအဖြစ် ငွေကြေးအဆမတန်ပေး၍ လုပ်ငန်းအပ်နှံခြင်း မပြုဘဲ OWIC ကတ်ရရှိရေးကိုယ်တိုင် တင်ပြလျှောက်ထားကြရမည်ဖြစ်သည်။
ပြည်ပနိုင်ငံများသို့ တရားမဝင်သွားရောက်သူများ အနေဖြင့် လူကုန်ကူးခံရခြင်း၊ အကြမ်းဖက်ခံရခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခံရခြင်း၊ အန္တရာယ်ရှိပြီး ကျန်းမာရေးနှင့် မညီညွတ်သော လုပ်ငန်းခွင်များတွင် လုပ်ကိုင်ရခြင်းတို့နှင့် ကြုံတွေ့ရပါက တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် /မြို့နယ်များရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများနှင့် နေပြည်တော်နှင့်ရန်ကုန်မြို့ရှိ Compliants Mechanism Centerများသို့ တိုင်ကြားနိုင်သည်။
မြန်မာနိုင်ငံသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းတွင် လျှောက်လှမ်းလျက်ရှိပေရာ နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့်ညီမျှခြင်းတည်း ဟူသော လောကပါလတရားများ ထွန်းကားစေလျက် တိုင်းရင်းသားပြည်သူများ ငြိမ်းချမ်းသာယာ ဝပြောရေးကို တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ်ဆောင်ရွက် ထိန်းသိမ်းနေပါသည်။ သို့ဖြစ်ပေရာ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအရေးပါသည့် အင်အားစုကြီးတစ်ခုဖြစ်သော အလုပ်သမားများသည် နိုင်ငံတော်အစိုးရက တစိုက်မတ်မတ်ဦးတည်ချက်ထား အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို အပြည့်အဝ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာပြီး တည်ငြိမ်အေးချမ်းသော ဝန်းကျင်တစ်ခု ဖြစ်ထွန်းပေါ်ပေါက်စေရေးကို အလေးအနက်ထား အကောင်အထည်ဖော်ကြရမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် မေလ ၁ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။
ဘုန်းမောင်ဝင်း(ဖျာပုံ)