ဆက်လက်သတိထားနေရဦးမည့် ကိုဗစ်-၁၉ ရောဂါ
ပြည်တွင်း၌ သင်္ကြန်ကာလပြီးနောက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ ဧပြီ ၂၂ ရက်စာရင်းအရ ဓာတ်ခွဲ လူနာစစ်ဆေးသူ ၁၃၆၁၉ ဦးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၄၆ ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ နေ့စဉ်သတင်း ထုတ်ပြန်ချက်များအရ ဧပြီ ၁၈ ရက်က ကိုဗစ်-၁၉ ရောဂါ လူနာသစ် ကိုးဦး၊ ဧပြီ ၁၉ ရက်က ကိုဗစ်-၁၉ ရောဂါ လူနာသစ် ၃၉ ဦး၊ ဧပြီ ၂၀ ရက်က ကိုဗစ်- ၁၉ ရောဂါ လူနာသစ် ၃၀ ဦး၊ ဧပြီ ၂၁ ရက်က ကိုဗစ်-၁၉ ရောဂါ လူနာသစ် ၁၅ ဦး၊ ဧပြီ ၂၂ ရက် က ကိုဗစ်-၁၉ ရောဂါ လူနာသစ် ၄၆ ဦး စသည်ဖြင့် ငါးရက်အတွင်း စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ လူနာသစ် ၁၃၉ ဦးတိုးလာကြောင်း သိရသည်။ အဆိုပါစာရင်း သည် ပြည်တွင်းကူးစက်မှုသာမက ပြည်တော်ပြန်များမှ ရောဂါပိုးတွေ့ရှိထားခြင်းဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများနှင့် ကိုဗစ်ရောဂါ အခြေအနေ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်လာသကဲ့သို့ ကမ္ဘာ့နိုင်ငံတချို့နှင့် အိမ်နီးချင်းနိုင်ငံများ၌လည်း အိုမီခရွန်မျိုးကွဲ XBB.1.16 ကြောင့် ကူးစက်မှုများ ပြန်လည်မြင့်တက်လာရာ ဧပြီတတိယပတ် အတွင်းမှာပင် အောက်ပါအတိုင်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ၁၂၅၉၁ ဦးရှိကြောင်း နိုင်ငံပိုင်ကျန်းမာ ရေးဝန်ကြီးဌာနမှ ဧပြီ ၂၁ ရက်က သတင်းထုတ်ပြန် ထားသည်။ အိန္ဒိယနိုင်ငံ၌ တစ်ရက်တာအတွင်း ကူးစက်ခံရသူဦးရေ သောင်းကျော်အထိ ထပ်မံတိုးလာပြီးနောက် ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် နိုင်ငံတစ်ဝန်း၌ ထပ်မံကူးစက်မှုများ ရှိနေကြောင်း၊ နိုင်ငံအတွင်း ဧပြီ ၁၄ ရက်မှ ၁၈ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ကျဆင်းနေသော်လည်း လက်ရှိတွင် ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာသဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက ဆေးရုံနှင့် အရေးပေါ်ဆေးဝါးအထောက်အကူပြု ပစ္စည်းများကို ပြင်ဆင်ပေးထားကာ ပြည်သူများအား အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)တပ်ဆင်ရန် ညွှန်ကြားထားကြောင်းသိရသည်။
ထိုင်းနိုင်ငံ၌ အိုမီခရွန်မျိုးကွဲသစ် Arcturus(XBB.1.16) ပထမအကြိမ် လူသေဆုံးမှုဖြစ်ပွားကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ဧပြီ ၂၂ ရက်တွင် အသိပေးပြောကြားထားသည်။ အဆိုပါ ကိုဗစ်- ၁၉ ရောဂါမျိုးကွဲသစ်ကြောင့် ပထမအကြိမ်သေဆုံးသူသည် သက်ကြီးရွယ်အို နိုင်ငံခြားသားဖြစ်ပြီး တခြားသောရောဂါအခံများလည်း ရှိနေကြောင်း ထိုင်းဆေးသိပ္ပံပညာ ဦးစီးဌာနကပြောသည်။ Arcturus ကူးစက်ခံရပါက ကူးစက်ခံရသူ၏ မျက်လုံးသည် ပန်းရောင် သို့မဟုတ် အနီရောင်ဖြစ်လာပြီး ယားယံလာကာ အထူးသဖြင့် ကလေးများတွင် အဖြစ်များသည်။
ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါနဝမလှိုင်းကြောင့် သက်ကြီးရွယ်အိုအများစု သေဆုံးနိုင်ကြောင်း ဂျပန်နိုင်ငံမှ ကျွမ်းကျင်သူများက ဧပြီ ၂၀ ရက်တွင် သတိပေးပြောဆိုထားသည်။ ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ကျွမ်းကျင် ပညာရှင်လေးဦးက ကူးစက်မှုဖြစ်နိုင်ခြေနှင့် ပတ်သက်၍ စာတမ်းပြုစုခဲ့ပြီး ကန့်သတ်ချက်များကို ဖြေလျှော့လိုက်ခြင်းကြောင့် ဂျပန်နိုင်ငံဒေသတချို့၌ ကူးစက်မှုအရေအတွက်သည် မကြာသေးမီက မြင့်တက်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှု နဝမလှိုင်းသည် ပြီးခဲ့သည့်ဆောင်းရာသီက ဖြစ်ပွားခဲ့သော အဋ္ဌမလှိုင်းထက် ပိုမိုကြီးမားနိုင်ပြီး နိုင်ငံတွင်းရှိ သက်ကြီးရွယ်အိုများအပေါ် အဓိကသက်ရောက်နိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ ဂျပန်အစိုးရသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အခြေအနေနှင့် ပတ်သက်၍ တရားဝင် အမျိုးအစားခွဲခြားမှုကို မေလတွင် အဆင့်နှိမ့်ရန် စီစဉ်ထားသည်။ သို့သော် အထူးသဖြင့် သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးထိုးနှံမှုများ ထပ်မံပြုလုပ်သင့်ကြောင်း ကျွမ်းကျင်သူများက တိုက်တွန်းထားသည်။ ထို့ပြင် ရောဂါကာကွယ်ရေး အစီအမံများကို ဆက်လက်လုပ်ဆောင်ရန် သူနာပြုနှင့် ဆေးဘက်ဆိုင်ရာဌာနများအား အကြံပြုထားပြီး ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇသစ်များကိုလည်း ခွဲခြမ်းစိတ်ဖြာသင့်ကြောင်း ၎င်းတို့ကအကြံပြု ပြောဆိုထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတိပေးချက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေသော SRAS-CoV-2 မျိုးကွဲများ ဆက်လက်ပေါ်ထွက်နေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က မတ် ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ အိုမီခရွန်သည် ယနေ့အချိန်အထိ မြင်တွေ့ရသည့် ကွဲပြားသော VOC ကို ကိုယ်စားပြုပြီး ပေါ်ပေါက်လာချိန်မှစ၍ အိုမီခရွန်ဗိုင်းရပ်စ်များသည် မျိုးရိုးဗီဇနှင့် မျိုးဆက်ပွားမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် အိုမီခရွန်မျိုးကွဲ အားလုံးသည် လက်ရှိလူဦးရေ၏ ကိုယ်ခံစွမ်းအားကို ရှောင်ရှားခြင်း၏ ဂုဏ်သတ္တိများနှင့် အသက်ရှူလမ်းကြောင်း၌ ကူးစက်ရန် ပိုမိုအားကောင်းသည့် လက္ခဏာများ တွေ့ရှိရကြောင်း သိရသည်။
အိုမီခရွန်မျိုးကွဲသစ် Arcturus(XBB.1.16) သည် တစ်ကမ္ဘာလုံးသို့ ပိုမိုပျံ့နှံ့နိုင်ပြီး WHO ၏ စိတ်ဝင်တစားလေ့လာရမည့် မျိုးကွဲစာရင်းတွင် ထည့်သွင်းထားကြောင်းနှင့် ဗိုင်းရပ်စ်၏ ကွဲပြားမှုကြောင့် ခန့်မှန်းရ အလွန်ခက်ခဲကြောင်း WHO ကဆိုသည်။ အဆိုပါ XBB မျိုးရိုးသည် BA.2 မှ ဆင်းသက်လာသည့် မျိုးရိုးနှစ်ခု၏ ပြန်လည်ပေါင်းစပ်မှု တစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ပထမဆုံး အစီရင်ခံစာ ရရှိခဲ့ခြင်းဖြစ်သည်။ XBB ဗိုင်းရပ်စ်သည် ခုခံအားစနစ်များကို ရှောင်ရှားရန် ကြိုးစားနေသောကြောင့် သတိရှိရန် လိုအပ်ကြောင်းနှင့် SARS-CoV-2 သည် တုပ်ကွေးဗိုင်းရပ်စ်များ၊ RSV ဗိုင်းရပ်စ်များကဲ့သို့
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ဆက်လက် ဖြစ်ပေါ်စေမည်ဖြစ်ပြီး ရောဂါအခံရှိသူများအပါအဝင် ထိခိုက်လွယ်သည့် သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် ကိုယ်ခံအားနည်းသူများ အနေဖြင့် ပိုမိုသတိထားရန် လိုအပ်ကြောင်း WHOက သတိပေးထားသည်။
အရှိန်ကောင်းနေဆဲကိုဗစ်
မတ် ၁၁ ရက်သည် WHO က ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကပ်ရောဂါအဖြစ်ပထမဆုံး သတ်မှတ်ဖော်ပြခဲ့သည့် သုံးနှစ်ပြည့်ဖြစ်သည်။ အဆိုပါသုံးနှစ်ပြည့် ကာလတွင် လူဦးရေခုနစ်သန်း နီးပါး သေဆုံးခဲ့ပြီး အမှန်တကယ်သေဆုံးသူ အရေအတွက်မှာ များစွာပိုများနိုင်ကြောင်း WHO ကဆိုသည်။ ၂၀၂၃ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ပြီးဆုံးသွားနိုင်ခြေရှိသော်လည်း သီတင်းပတ်တိုင်း သေဆုံးသူ ၅၀၀၀ ကျော်ရှိနေသေးကြောင်း သိရသည်။ မြန်မာနိုင်ငံ၌လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သုံးနှစ်တာကာလအတွင်း သေဆုံးသူအရေအတွက် များစွာရှိခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း၏ အရေးပါမှု ယမန်နှစ်က ထုတ်ဝေခဲ့သော Lancet ဂျာနယ်၌ ဖော်ပြထားသည့် လေ့လာချက်အရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စတင်အသုံးပြုခဲ့ပြီးနောက် ပထမနှစ် အတွင်း လူပေါင်း သန်း ၂၀ နီးပါး၏ အသက် ကိုကာကွယ်ပေးနိုင်ခဲ့သည်။ အကယ်၍ ကာကွယ် ဆေးများသာမရှိပါက လူပေါင်း ၃၁ ဒသမ ၄ သန်းခန့် သေဆုံးရနိုင်ကြောင်းနှင့် ကာကွယ်ဆေးများက လူပေါင်းများစွာ၏ အသက်ကို ကာကွယ်ပေးနိုင်ခဲ့ကြောင်း ယင်းလေ့လာမှုတွင် ဖော်ပြထားသည်။ အဆိုပါလေ့လာမှုကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၈ ရက်မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်အတွင်း နိုင်ငံပေါင်း ၁၈၅ နိုင်ငံမှ စုဆောင်းထားသော အချက်အလက်များကို သုတေသန ပြုထားခြင်းဖြစ်သည်။
သို့ဖြစ်ရာ ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့ကူးစက်ခဲ့သော ကိုဗစ်-၁၉ ရောဂါကို ခုခံကာကွယ်ရာတွင် ကာကွယ်ဆေး၏ အရေးပါမှုသည် မည်သည့်အတိုင်းအတာအထိသက်ရောက်မှုရှိကြောင်းကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ ကြရပြီးဖြစ်သည်။ ထို့ကြောင့် ကာကွယ်ဆေးများသည် ပြည်သူ့ကျန်းမာရေး၊ လူ့သက်တမ်းစံနှုန်းများ မြှင့်တင် ရေးနှင့် နိုင်ငံအသီးသီး၏ လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ သက်ရောက်မှုများ ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်အရေး ပါနေသည်။
ကာကွယ်ဆေးထိုးပြီးသော်လည်း မပေါ့ဆသင့်
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာ၌ ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိက အခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကာကွယ်ဆေး ထိုးနှံခြင်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။
Booster Dose ထိုးနှံခြင်းကို သတိပေးလိုသည်မှာ မိမိတစ်ယောက်တည်း သို့မဟုတ် မိမိမိသားစုတစ်စုတည်း ကာကွယ်ဆေး ထပ်မံထိုးနှံနေရုံမျှဖြင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထားနိုင်ပြီဟု မမှတ်ယူသင့်ပေ။ ဆေးပတ်လည်ပြည့် နှစ်ကြိမ် ထိုးနှံပြီးသူများကလည်း မိမိဆေးထိုးပြီးဖြစ်၍ ပေါ့ပေါ့ဆဆ မနေသင့်ပေ။
မျိုးကွဲဗီဇသစ်များကလည်း ဆေးထိုးနှံပြီးသူများကို ရောဂါဖြစ်စေနိုင်သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များဖြစ်သည့် ပါးစပ်နှင့် နှာခေါင်းစည်း(Mask) တပ်၊ လက်ဆေး၊ လူစုလူဝေးရှောင်ခြင်းတို့ကို ဆက်လက်ထိန်းသိမ်း သင့်သည်။
ရောဂါပိုးပါဝင်သည့် အစက်အမှုန်များသည် ရောဂါ ရှိသူ သာမန်အသက်ရှူ ထုတ်ချိန်တွင် အနီးပတ်ဝန်းကျင် ၅ ပေကျော်၊ ချောင်းဆိုးလျှင် အနီးပတ်ဝန်းကျင် ၆ ပေခွဲကျော်၊ နှာချေလိုက်သည့်အချိန်တွင် အနီးပတ်ဝန်းကျင် ၁၉ ပေခွဲကျော်အထိ ရောက်ရှိနိုင်၍ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းက ရောဂါပိုးကို အလွယ်တကူ ကူးစက်နိုင်မှုမရှိသည့် အဓိက အကြောင်းရင်းတစ်ခုဖြစ်သည်။ ထို့ပြင် နှာချေ၊ ချောင်းဆိုးခြင်းတို့မှ ထွက်လာသည့် အစက်အမှုန်များသည် အနီးပတ်ဝန်းကျင်ရှိ အရာဝတ္ထုများတွင် ကပ်တင်နေတတ်သဖြင့် ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန် လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ မကြာခဏဆေးကြောပေးရန် လိုအပ်သည်။ အိမ်ခန်းများအတွင်း လေဝင်လေထွက် ကောင်းစေရန် တံခါးများဖွင့်ထားခြင်းနှင့် အစားအသောက်ကိုလည်း လူစုလူဝေးနှင့် စားသောက်ခြင်းတို့မှ ရှောင်ကြဉ်ရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် ကမ္ဘာကြီးတွင် သမိုင်းတစ်လျှောက် အဆိုးရွားဆုံးကပ်ရောဂါများ၊ ကူးစက် ရောဂါများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။ သို့ရာတွင် ခေတ်သစ်၌ ဆေးပညာများ ဖွံ့ဖြိုးတိုးတက်မှုနှင့် အတူ ကာကွယ်ဆေးများကို ဖန်တီးနိုင်ခဲ့သဖြင့် လူ အသေအပျောက် များပြားမှုကို လျှော့ချနိုင်ခဲ့သည်။ လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအား ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင် သော ကာကွယ်ဆေးများကို သတ်မှတ်ချိန်အတွင်း အလေးထားထိုးနှံရမည်မှာ မိမိတို့၏ တာဝန်ပင်ဖြစ် သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံမှုခံယူခြင်းဖြင့် ရောဂါကူးစက်ခံရမှု၊ ရောဂါပြင်းထန်စွာ ခံစားရမှုနှင့် ရောဂါကြောင့် သေဆုံးရမှုတို့ကို ထိရောက်စွာလျှော့ချနိုင်သည့် အတွက် ကာကွယ်ဆေးကို မပျက်မကွက်ထိုးနှံကြရန် လိုကြောင်း တိုက်တွန်း ရေးသား လိုက်ရပါသည်။
ပေါက်ပေါက်