ကဆုန်လပြည့်ဗုဒ္ဓနေ့နှင့် ညောင်ရေသွန်းပွဲတော်
ကဆုန်လ
ကဆုန်လသည် မြန်မာပြက္ခဒိန်၏ ဒုတိယလဖြစ်သည်။ ပုဂံကျောက်စာတို့တွင်ကုဆုန်ဟူ၍ ဖော်ပြသည့်အပြင် ကုဆုန်၊ ခူဆုန်၊ ခုဆုန်ဟူသောကွဲလွဲချက်များကိုတွေ့ရသည်။ ကုဆုန်ဟူသောစကား၌ ကုသည်ရေကိုဆိုလို၏။ ဆုန်ကားစုန်ဆင်းခြင်း၊ စီးဆင်းခြင်း၊ သွန်းလောင်းခြင်းကိုဆိုလို၏။ ကုမှကသို့ ရွေ့လျောလာခြင်းဖြစ်သည်။ အဓိပ္ပာယ်ကား ရေသွန်းလောင်းသောလဖြစ်၏။ တန်ခူးရေကုန်ကဆုန်ရေခန်း ဆိုသည့်စကားနှင့်အညီ ကဆုန်လမှာ အင်းအိုင်၊ ချောင်းမြောင်း၊ ရေတွင်းရေကန်များ ရေခန်းခြောက်ကြသည်။ ကဆုန်နယုန်ဆွေ့ဆွေ့ခုန် ဆိုသကဲ့သို့ ပူပြင်းလှသည့်နွေရာသီဖြစ်သည်။ အလွန်ပူပြင်းသည့်နွေရာသီ၏ အပူဒဏ်ကြောင့် သစ်ပင်ကြီးငယ်တို့ကို ရေလောင်းပေးရသည်ဟု ဆိုလိုပါသည်။ မြတ်စွာဘုရားပွင့်တော်မူရာ ဗုဒ္ဓဂယာမှဗောဓိညောင်ပင်၏ မျိုးပွားအပင်များကို မြန်မာတို့ ဆောင်ယူလာကြပြီး အထွတ်အမြတ် စိုက်ပျိုးထားလျက် ထိုဗောဓိညောင်ပင်တို့ကိုလည်း ရေသွန်းလောင်းလေ့ရှိပြန်သည်။ ကဆုန်လ၏ အထိမ်းအမှတ်ပန်းမှာ စံကားပန်းဖြစ်သည်။
ကဆုန်လသည် အပူချိန်လွန်ကဲသောလဖြစ်သည်။
ပုရစ်ဖူး၊ ပုရစ်ငုံလေးများသည် အစီအရီ၊ အညီအညာ၊ ကြွကြွရွရွ၊ လှလှပပဖြင့် လောက၏ အလှတန်ဆာကို ဆင်နေပါသည်။ ကဆုန်နယုန် လေရူးသုန်ဟု ဆိုရိုးစကားရှိခဲ့သည့်အတိုင်း အနောက်တောင်မုတ်သုံလေ၏ လေပြည်လေညင်းလေးများ တိုက်ခတ်စပြုပြီး မိုးပွင့်မိုးစက်လေးများလည်း ပက်ဖျန်းပြန်သည်။ မုတ်သုံမိုးစက်များ၏ ကျီစယ်မှုကြောင့် မြေသင်းရနံ့သင်းပျံ့ပျံ့ကို ခံစားရစေနိုင်ပါသည်။
လှေသင်းအတွင်းဝန်မင်းကမူ ကဆုန်ကိုဝိဂြိုဟ်ပြုသောအခါ ဥဒကံ ရေကို၊ ဆနတိဖြတ်တတ်၏ဟု ဆို၍ ယင်းလကိုရေပြတ်သောလဟု အဓိပ္ပာယ်ဖွင့်သည်။ သို့ရာတွင် ဆယ့်နှစ်လရာသီဘွဲ့များတွင် ကဆုန်ညောင်ရေသွန်းခြင်းကို အဓိကထား၍ ဖွဲ့ဆိုကြသောကြောင့် ရေသွန်းလောင်းခြင်းဟူသည် ညောင်ရေသွန်းခြင်းပင်ဖြစ်သည်ဟူ၍ မှတ်ယူကြခြင်းဖြစ်သည်။
နေနန်းရယ်တဲ့ ဖန်သူရိန်၊ တန်ခိုးဥဏှဂူနှင့်ကဆုန်ဟူသည်မာသမှာ၊ ပြင်းပြပူရှိန်။ ဝိသာခါ ယှဉ်ပြိုင်ဝန်းပါလို့၊ ထွန်းလှတဲ့ငွေတာရိန်ငယ်၊ ဒွတ္တိံသနေ့စွဲ။ပန်းစံကားဝါ၊ နန်းဘမယာကေသီဆင်လို့၊ ရွှေပြည်ခွင် ဗိုလ်ပါပေါင်းရယ်တို့၊ ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့်၊ ခါသဘင်ညောင်ရေသွန်းကြတယ်၊ လွမ်းစရာ့ပွဲ ဟူ၍ စာဆိုဦးပြုံးချိုက ကဆုန်လအခါသမယနှင့် ရေသဘင်ပွဲကိုယှဉ်တွဲရေးဖွဲ့ခဲ့ပါသည်။
ကဆုန်လပြည့်နေ့
ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။ ဂေါတမမြတ်စွာဘုရားလောင်းဖြစ်တော်မူသော သိဒ္ဓတ္ထမင်းသားကို သက္ကတိုင်း ကပိလဝတ်(နီပေါနိုင်ငံ)တွင် ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော သုဒ္ဓေါဒနမင်းကြီးနှင့် မိဖုရားခေါင်ဖြစ်သော သိရီမဟာမာယာမိဖုရားကြီးတို့မှ လွန်ခဲ့သောနှစ်ပေါင်း၂၆၀၀ ခရစ်တော်မပေါ်မီ (ဘီစီ ၆၂၃) မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်သောကြာနေ့ နံနက် ၁ ချက်တီးအချိန်ဝိသာခါနက္ခတ်နှင့်စန်းအယှဉ်တွင် ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့အသွား လုမ္ဗိနီအင်ကြင်းတော၌ ဖွားမြင်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကိုရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မ လ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ ဤသို့ထူးခြားချက် လေးရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန်ဗုဒ္ဓနေ့ဟု သတ်မှတ်ခဲ့ကြသည်။
ညောင်ရေသွန်းခြင်း
မြတ်စွာဘုရားရှင်သည် ကဆုန်လပြည့်နေ့၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အားအမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ဗုဒ္ဓဘာသာဝင်များသည် ဘုရားပွင့်တော်မူသည့် နေ့ထူးနေ့မြတ်ကိုအာရုံပြုပြီး ကဆုန်လပြည့်နေ့တွင် ပရိဘောဂစေတီထိုက်သည့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းကြသည်။ ဗောဓိညောင်ပင်သည်သဗ္ဗညုတဉာဏ်တော်ရ၍ ဘုရားဖြစ်တော်မူရာ ဌာနဖြစ်ခြင်း၊ ဖွားဖက်တော်ခုနစ်ပါးတွင် စာရင်းဝင်ခြင်းတို့ကြောင့် ထူးခြားသည့်သစ်ပင်တစ်မျိုးဖြစ်သည်။
မြန်မာ့ရိုးရာဆယ့်နှစ်ရာသီ ပွဲတော်များအနက် ကဆုန်လမှာ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာ သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် သက်တော်ထင်ရှားမြတ်စွာဘုရားအား ရည်မှန်းပူဇော်လျက် ဗောဓိပင်အားရေသွန်းလောင်းခြင်း၊ ဘုရားရုပ်ပွားတော်များ၊ ဆင်းတုတော်များအား ရေသပ္ပာယ်ခြင်း ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးရော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြည်စေရန်အတွက် ဖြစ်ပေသည်။ ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင်ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။
ညောင်ရေသွန်းပွဲတော်
ညောင်ရေသွန်းပွဲတော်သည် မြန်မာမင်း အဆက်ဆက်မှ ယနေ့ခေတ်တိုင်အောင် ကျင်းပလာခဲ့သော မြန်မာ့ရိုးရာ ဘာသာရေး ပွဲတော်တစ်ခုဖြစ်သည်။ ညောင်ရေသွန်းပွဲတော်များကို ကျေးလက်တောရွာအနှံ့ နိုင်ငံတစ်ဝန်းလုံး စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ ညောင်ရေသွန်းပွဲတော်များကို ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူခေတ်ကပင် ဆင်နွှဲခဲ့ကြသည်။ တောင်ငူခေတ်တွင် စာဆိုနတ်သျှင်နောင်၏ ပေါ်နွေလလျှင် ချီရတု၌ ညောင်ရေသွန်းပွဲတော်အကြောင်းကို ထည့်သွင်းဖွဲ့ဆိုထားပါသည်။ ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ပျူးချုပ်တိုင်း၊ မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေစွန်းက၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို၊ မြရည်သတ်မှတ်၊ ရောက်ခဲ့လတ်ဟု၊ ချစ်ထွတ်တင်သည်ဟု ချစ်သူနှင့်အတူ ညောင်ရေသွန်းပွဲတော်အားပျော်ရွှင်စွာ ဆင်နွှဲချင်သည်ကို ရေးသားဖော်ကျူးထားပါသည်။
ကုန်းဘောင်ခေတ်စာဆိုတော် လက်ဝဲသုန္ဒရအမတ်ကြီးကလည်း မဲဇာ တောင်ခြေ ချီရတုတွင်-
ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည် ဟုလည်း ထည့်သွင်းဖွဲ့ဆိုခဲ့ပါသည်။ ကဆုန်ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်ခြင်းနှင့်ပတ်သက်၍ မဟာအတုလမင်းကြီးက မြူခြေငယ်ဝှမ်းပါလို့၊ နေဝန်းငယ်စက်ရှိန်၊ တောက်လောင်ငယ်ထိန်သည်၊ ဖန်သူရိန်တေဇာကြောင့်၊ ပူဗျာပါနှင့်ရာသီငယ်ပြိဿ၊ မဟေသီလဲ၊ ရွှေညီခလို့၊ ပန်းမြစံကားဝါ၊ ဝိသာခါနှင့်၊ တရားခြံရံ၊ စန်းယုန်ငွေဖန်သည့်နှယ်၊ ဆဒ္ဒန်ပိုင်ဗွေပုံမှာ၊ လကဆုန်ညောင်ရေပွဲချိန်မို့၊ သဲလှတယ်လေးဟု ဖွဲ့ဆိုထားပါသည်။ ညောင်ရေသွန်းပွဲတော်ကျင်းပပုံကို စာဆိုတော်မင်းဇေယျရန္တမိတ်က ကဆုန်လတွင်၊ ပြာစင်ညက်ဖြူ၊ ရွှေပြည်သူတို့၊ သင်းကြူကြိုင်စွာ၊ ရေနံ့သာဝယ်၊ ရင်းမာကွမ်းဘူး၊ စံကားဦးနှင့်၊ ကွန့်မြူးလျှံမောင်း၊ မွေတော်ပေါင်းကို၊ ပျံ့လှောင်းကြိုင်ရွှန်း၊အဲသီချင်းနှင့်၊ ပြန်တင်းရည်စောင်၊ အဆောင်ဆောင်သည်၊ ခါညောင်မသွန်းလှည့်လေလော့ဟူ၍ သီကုံးခဲ့ပေသည်။
ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသည့် ညောင်ရေသွန်းပွဲတော်သည် မြန်မာတို့၏ ယဉ်ကျေးမှုမြန်မာ့ဓလေ့၊ မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် ပေါက်ဖွားလာသော ပွဲတော်တစ်ခုဖြစ်သည်။ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းဓလေ့သည် မဇ္ဈိမဒေသနှင့် သီဟိုဠ်တို့တွင် ဘုရားပွင့်တော်မူရာဒေသ ဖြစ်သော်လည်း ရှေးကလည်းမရှိခဲ့ပေ။ ယနေ့လည်းမရှိ။ မြန်မာတို့တွင်သာရှိသောကြောင့် မြန်မာ့ပွဲတော်စစ်စစ်ဟုဆိုရပေမည်။ ရှေးယခင်က ဘုရင့်တပ်မတော် စစ်ထွက်သောအခါတွင်လည်း နန်းတွင်းသူ လှပျိုဖြူလေးများက အောင်ပါစေ သပြေပန်းနဲ့ ရေချမ်းကိုလောင်း၊ သွန်းလောင်းညောင်ရေအောင်ပါစေဟု ဆုတောင်းလေ့ရှိသည်ကို ရေးဖွဲ့သည်ကိုလေ့လာဖတ်ရှုရပေသည်။ စာဆိုတစ်ဦးက သပြေပန်းနှင့် သွန်းလောင်းညောင်ရေ၊အောင်မြင်စေဟု၊ အောင်စေရတု၊အောင်ကြောင်းပြု၍၊ ရုံးစုမပျက်၊ ငြိမ့်ငြိမ့်ထွက်သည် ဘုတ်ကျက်သဘင် တပွဲတည်းဟူ၍ စပ်ဆိုခဲ့သည်။
ညောင်ရေသွန်းပွဲတော်ကျင်းပပုံ
ကဆုန်လသည် အပူချိန်လွန်ကဲ၍ခြောက်သွေ့သောလဖြစ်သည့်အလျောက် တောင်သူဦးကြီးများလည်း အလုပ်နားကြသည်။ ထို့ကြောင့် ညောင်ရေသွန်းပွဲတော်ကို ခြိမ့်ခြိမ့်သဲမျှ စည်ကားစွာ ကျင်းပကြသည်။ ကဆုန်လပြည့်နေ့မရောက်မီ တစ်ရက်အလိုတွင်ရေသွန်းလောင်းကြမည့် ညောင်ပင်ကို အမွှေးနံ့သာများ ဖျန်းပေးခြင်း၊ ထုံးသုတ်ခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းထားခြင်းများ ပြုလုပ်ကြသည်။ ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဆင်ယင်ကျင်းပသော ညောင်ရေသွန်းပွဲတော်သည် ကျက်သရေရှိလှသည်။ အမျိုးသားများက ဝတ်ဖြူစင်ကြယ်ဝတ်ဆင်၍ ရေအိုးများထဲ၌ အောင်သပြေပန်းများထည့်ပြီး ကိုင်ဆောင်၍ လည်းကောင်း၊ အမျိုးသမီးများက ယောဂီဝတ်စုံများဆင်မြန်းပြီး ရေအိုးများကိုယ်စီရွက်၍ ဗောဓိညောင်ပင်ရှိရာသို့ ရေစင်သွန်းလောင်းရန် သွားကြသည်။ ဗုဒ္ဓဘာသာမြန်မာအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့၏ ပုံရိပ်မှာလည်း မြန်မာ့ဟန်၊ မြန်မာ့သဏ္ဌာန်တို့ဖြင့် ယဉ်ကျေးသိမ်မွေ့လျက် အလှဝေဖြာနေပေတော့သည်။
ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းလောင်းပြီးသည်နှင့် အနယ်နယ်အရပ်ရပ်ရှိ ဘုရားစေတီများတွင် ရဟန်းသံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲများကျင်းပကြသည်။ ဆွမ်းဆန်စိမ်းလောင်းလှူပြီးနောက် ညနေပိုင်းတွင် သက်ကြီးပူဇော်ပွဲများ၊ငါးလွှတ်ပွဲများကိုလည်း မြန်မာ့ရိုးရာဓလေ့အတိုင်း အိုးစည်ဗုံမောင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ကဆုန်လပြည့်နေ့တွင် သီတင်းသီလဆောက်တည်လျက် ကောင်းမှုများစွာတို့ဖြင့် ပျော်မွေ့ပြီး သက်တော်ထင်ရှားမြတ်စွာဘုရားရှင်အား ပူဇော်ကြသည်မှာ အလွန်ပင်ထူးမြတ်သောဒါနဖြစ်ပေသည်။ ညောင်ရေသွန်းပွဲတော်မှာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ် ဖြစ်သကဲ့သို့ ကုသိုလ်ယူစရာ၊ ဝမ်းသာကြည်နူးစရာ ပွဲတော်လည်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာလူမျိုးများသည် ကဆုန်လရောက်တိုင်း ညောင်ရေသွန်းလောင်းရမည့် အချိန်ကာလကို စောင့်မျှော်ပြီး ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြပေသည်။
ညောင်ရေသွန်းလောင်းရခြင်း အကျိုးကျေးဇူး ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိညောင်ပင်အား ရေသွန်းလောင်းခြင်းအားဖြင့် မြတ်စွာဘုရားရှင်အား ပူဇော်ရသောကြောင့် ကောင်းကျိုးလိုရာ ဟူသမျှ ပြည့်စုံကြရသည်ဟု သက်ဝင်ယုံကြည်ကြသည်။ ဗောဓိပင်နှင့်ပတ်သက်၍ အသနဗောဓိယမထေရ် အလောင်းတော်သည် တိဿဘုရားရှင်၏ ဗောဓိပင်ကိုစိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌ ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှလွတ်ကင်းရခြင်း စသည့်အကျိုးများ ခံစားရသည်ဟုဓမ္မကျမ်းဂန်မှာ ဟောကြားထားသည်ကိုမှတ်သားရပါသည်။ ဂန္ဓောဒက တိဿမထေရ်အလောင်းတော်သည်လည်း ပဒုမုတ္တရ ဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရည်နှင့် သွန်းလောင်းသည့်အတွက် နတ်ပြည်မှာဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊ သောကကင်းဝေးခြင်းများကို ခံစားရသည်ဟု သိရှိရသည်။ မြတ်စွာဘုရားရှင်ပွင့်တော်မူသည့် မဟာဗောဓိပင်ကို မြတ်နိုးပူဇော်ခြင်းသည်ကား မြတ်စွာဘုရားအား မြတ်နိုးပူဇော်ကန်တော့ခြင်း မည်ပါပေသည်။
ကဆုန်လပြည့် ဗုဒ္ဓနေ့၌ ဗုဒ္ဓမြတ်စွာပွင့်တော်မူရာ ဗောဓိညောင်ပင်ကိုသန့်စင်မွှေးကြိုင်သည့် ရေကြည်ရေအေးဖြင့် ရေစင်သွန်းဖျန်းကြသည့် ဗုဒ္ဓဘာသာဝင်များသည် ရေအကျိုးဆယ်ပါး မတောင့်တဘဲနဲ့ ပြည့်စုံခြင်း၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ဉာဏ်ပညာကြီးခြင်း၊ စိတ်နှလုံးချမ်းမြေ့ခြင်း စသည့်ဂုဏ်ကျေးဇူး ကောင်းကျိုးချမ်းသာ လိုအင်ဆန္ဒများပြည့်ဝကြပေမည်။
ပူဇော်ထိုက်သည်ကိုပူဇော်ခြင်းသည် မင်္ဂလာတစ်ပါးပင် ဖြစ်သောကြောင့် ကဆုန်လပြည့်နေ့တွင် ကောင်းမှုကုသိုလ်များပွားများ၍ အေးချမ်းကြပါစေကြောင်း ဆုမွန်ကောင်းဖြင့် ရေးသားလိုက်ရပေသည်။ ။