နှစ်ပေါင်း ၉၅ နှစ်ခန့် စံချိန်တင်ထားသည့် တစ်ရာသီအတွင်း ပြိုင်ပွဲစုံ သွင်းဂိုးစံချိန်ကို တိုက်စစ်မှူးဟာလန်း လိုက်မီနိုင်ရန် နီးစပ်နေ
မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းသည် ဖူလ်ဟမ်အသင်းနှင့် မန်စီးတီးအသင်းတို့ ကစားသည့် ပွဲစဉ်တွင် အသင်းအတွက် ပယ်နယ်တီမှ တစ်ဆင့် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် နှစ်ပေါင်း ၉၅ နှစ်ခန့် စံချိန်တင်ထားသည့် တစ်ရာသီအတွင်း ပြိုင်ပွဲစုံသွင်းဂိုး အများဆုံးစံချိန်ကို လိုက်မီနိုင်ရန် နီးစပ်နေကြောင်း သိရသည်။
ယခုဘောလုံးရာသီတွင် ဟာလန်းသည် အကောင်းဆုံး ခြေစွမ်းပြလျက်ရှိပြီး ပြိုင်ပွဲစုံ သွင်းဂိုး ၅၀ အထိ သွင်းယူထားပြီးဖြစ်သည်။
တစ်ရာသီအတွင်း သွင်းဂိုးအများဆုံး ကစားသမား အဖြစ် ၁၉၂၇-၁၉၂၈ ဘောလုံးရာသီက အဲဗာတန်အသင်း ကစားသမားဟောင်း ဒစ်ဆီးဒင့်က ပြိုင်ပွဲစုံ သွင်းဂိုး ၆၃ ဂိုးဖြင့် စံချိန်တင်ထားခဲ့ခြင်းဖြစ်ရာ ယခုအခါ ဟာလန်းကလည်း ဒစ်ဆီးဒင့်၏ သွင်းဂိုးစံချိန်ကို လိုက်မီရန် ၁၃ ဂိုးသာ လိုတော့ကြောင်း သိရသည်။
ဟာလန်းသည် ယခုဘောလုံးရာသီတွင် မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ခြောက်ပွဲ၊ အက်ဖ်အေဖလားပြိုင်ပွဲ၌ ဗိုလ်လုပွဲနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဆီမီးဖိုင်နယ်အဆင့် ကစားရမည်ဖြစ်သည့် အတွက် ဒစ်ဆီးဒင့်၏စံချိန်ကို လိုက်မီနိုင်ရန် နီးစပ်နေခြင်းဖြစ်သည်။
လက်ရှိတွင် ဟာလန်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပွဲပေါင်း ၃၀ ကစားရာတွင် သွင်းဂိုး ၃၄ ဂိုးအထိရှိလာသည့် အတွက် ၁၉၉၃-၁၉၉၄ ဘောလုံးရာသီက နယူးကာဆယ်အသင်း ကစားသမားဟောင်း အင်ဒီကိုးလ်နှင့် ၁၉၉၄-၁၉၉၅ ဘောလုံးရာသီက ဘလက်ဘန်းအသင်း တိုက်စစ် ကစားသမားဟောင်း အလန်ရှီးယားတို့၏ တစ်ရာသီအတွင်း ပရီးမီးယား လိဂ်သွင်းဂိုး ၃၄ ဂိုးစံချိန်ကိုလည်း လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။