၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဧကာဒသမတန်း ကျောင်းသား၊ ကျောင်းသူများ၏ လူရည်ချွန်စခန်း(ငွေဆောင်) စခန်းသိမ်း မီးပုံပွဲကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဧကာဒသမတန်း ကျောင်းသား၊ ကျောင်းသူများ၏ လူရည်ချွန်စခန်း(ငွေဆောင်) စခန်းသိမ်း မီးပုံပွဲကျင်းပ

ရန်ကုန်  မေ  ၂

    ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဧကာဒသမတန်း ကျောင်းသား၊ ကျောင်းသူများ၏ လူရည်ချွန်စခန်း(ငွေဆောင်) စခန်းသိမ်းမီးပုံပွဲ အခမ်းအနား ပထမပိုင်းကို ယနေ့ညပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေ   ယမုံနာဦးဟိုတယ်၌ ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူရည်ချွန်စခန်း(ငွေဆောင်) စခန်းမှူး၊ ကြီးကြပ်ဆရာ၊ ဆရာမများနှင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနားသည် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများရဲ့ စခန်းသိမ်းမီးပုံပွဲဖြစ်ကြောင်း၊  ပျော်ပျော်ရွှင်ရွှင်ဖြစ်စေရန် ဖျော်ဖြေမှုများနှင့်အတူ  စီစဉ်ပေးထားကြောင်း၊ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ဧရာဝတီတိုင်းဒေသကြီး အတွင်း  လေ့လာရေးနှင့် ငွေဆောင်ကမ်းခြေမှာ  အနားယူအပန်းဖြေနိုင်ကြောင်း၊ ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်းမတူနိုင်ကြောင်း၊ ဆုံစည်းခွင့်ရကြသော်လည်း ကိုယ့်တိုင်းဒေသကြီးမှာပင် ကျောင်းစာများဖြင့် တွေ့ဆုံရန်ခက်ခဲကြောင်း၊ အခုလို သူငယ်ချင်းမိတ်ဆွေသစ်တွေနဲ့    ရတဲ့ အချိန်တိုကာလလေးမှာ  ဆုံစည်းခွင့်ရပြီး ပျော်ရွှင်ကြည်နူးကြလိမ့်မယ်လို့ မျှော်လင့်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်း ငွေဆောင်ဇုန်မှ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အလှူငွေများ ပေးအပ်သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လည်းကောင်း၊  ငွေဆောင် လူရည်ချွန် စခန်းမှူး၊ ငွေဆောင်ဟိုတယ်ဇုန် လုပ်ငန်းရှင်များအသင်းနှင့် ချောင်းသာ ဟိုတယ်ဇုန်လုပ်ငန်းရှင်များ အသင်းတို့က လည်းကောင်း  လူရည်ချွန်ကျောင်းသား၊    ကျောင်းသူများအား လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ကြသည်။  ထို့နောက် ကိုယ်စားပြု လူရည်ချွန်တစ်ဦးက ကျေးဇူးတင် စကားပြန်လည် ပြောကြားသည်။

ဆက်လက်၍ မီးပုံပွဲဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ဖြင့် ဝိုင်းဖွဲ့သီဆိုခြင်း၊ မီးပုံးပျံ လွှတ်တင်ခြင်းနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းများ ဆောင်ရွက်ကြပြီး ၂၀၂၂-၂၀၂၃  ပညာသင်နှစ် ဧကာဒသမတန်း ကျောင်းသား၊ ကျောင်းသူများ၏  လူရည်ချွန်စခန်း(ငွေဆောင်)ကို ပိတ်သိမ်းခဲ့သည်။

လူရည်ချွန်စခန်း(ငွေဆောင်)မှ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် ယမုံနာဦး ဟိုတယ်၌ပြုလုပ်သည့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းအလုပ်အမှုဆောင် တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင် အသင်းနာယက ဒေါက်တာမောင်မောင်ဦး၏ Artificial Intelligence(AI) ဉာဏ်ရည်တု ICT ဆိုင်ရာ သိကောင်းစရာများ   ရှင်းလင်းဟောပြောခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူဦး၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍဆိုင်ရာ သိကောင်းစရာ ဟောပြောခြင်း အခမ်းအနားများသို့ တက်ရောက်လေ့လာခဲ့ကြကြောင်း  သိရသည်။