ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ယွန်းလုပ်ငန်း၊ ယွန်းပညာကောလိပ်၊ ပုဂံရှေးဟောင်း သုတေသနပြတိုက်တို့ကို လေ့လာ

ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ  ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ယွန်းလုပ်ငန်း၊ ယွန်းပညာကောလိပ်၊ ပုဂံရှေးဟောင်း သုတေသနပြတိုက်တို့ကို လေ့လာ

ညောင်ဦး  မေ  ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်  ပုဂံလူရည်ချွန်စခန်းမှ  လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရ ဘုရားပုထိုးစေတီများကို   ဖူးမြော်လေ့လာကာ  ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသရှိ  ယွန်းလုပ်ငန်းများ၊ ယွန်းပညာကောလိပ်၊    အောင်မြေကုန်းနန်းတော်ရာနှင့် ပုဂံရှေးဟောင်း သုတေသနပြတိုက်တို့ကို လေ့လာကြသည်။

ဦးစွာ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ကြီးကြပ်သူ ဆရာ၊ ဆရာမများနှင့်အတူ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့သစ်ရှိ ဦးဘငြိမ်း ယွန်းထည်လုပ်ငန်းကိုလည်းကောင်း၊ ပုဂံမြို့ဟောင်းရှိ ပုဂံယွန်းပညာကောလိပ် ယွန်းနှီးစဉ်ခန်းမ၌ ယွန်းလုပ်ငန်းပြုလုပ်ပုံ အဆင့်ဆင့်ကို လည်းကောင်း၊ သီရိဇေယျဘူမိပုဂံ ရွှေနန်းတော်ကြီးကိုလည်းကောင်း၊ အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတို့ နန်းစံခဲ့သည့် အောင်မြေကုန်းနန်းတော်ရာကို လည်းကောင်း၊ ပုဂံရှေးဟောင်းသုတေသန ပြတိုက်ကိုလည်းကောင်း လေ့လာကြရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ရှိသူများ၊ ပုဂံရှေးဟောင်း သုတေသနပြတိုက် တာဝန်ခံ ဒေါ်ခက်ခက်လှနှင့် ဝန်ထမ်းများ၊ ပုဂံယွန်းပညာကောလိပ် ဝန်ထမ်းများက ရှင်းလင်းပြသကြရာ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြသည်။

ညပိုင်းတွင် ၂၀၂၃ ခုနှစ် ပုဂံလူရည်ချွန် အပန်းဖြေစခန်း စခန်းသိမ်းပွဲ အခမ်းအနားကို ညောင်ဦးမြို့ Hotel Bagan Wynn ၌ကျင်းပရာ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက လက်ဆောင်ပစ္စည်းများ လဲလှယ်ခြင်း၊ ဖျော်ဖြေရေးအဖွဲ့မှရုပ်သေးနှင့် ဆိုင်းဝိုင်းဖြင့် ဖျော်ဖြေခြင်း၊ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများကအဆို၊ အကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။