တောင်ကြီးလူရည်ချွန် အပန်းဖြေစခန်းမှ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ တောင်ကြီးမြို့နှင့် ကျောက်တလုံးကြီးမြို့ရှိ သမိုင်းဝင် အထင်ကရ ရှေးဟောင်းဘုရားစေတီများ ဖူးမြော်
တောင်ကြီး မေ ၂
တောင်ကြီးလူရည်ချွန် အပန်းဖြေစခန်းမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ သည် ကြီးကြပ်ဆရာ၊ ဆရာမများ၊ လူရည်ချွန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နှင့် ကျောက်တလုံးကြီးမြို့ရှိ သမိုင်းဝင် ရှေးဟောင်းဘုရား၊ စေတီများအား သွားရောက် ဖူးမြော်ကြသည်။
ဦးစွာ လူရည်ချွန်မောင်မယ်များသည် တောင်ကြီးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေဘုန်းပွင့်ဘုရားသို့ ရောက်ရှိပြီး စေတီတော်မြတ်အား ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်၍ ဖူးမြော်ကန်တော့ကြသည်။ ထို့နောက် ရွှေဘုန်းပွင့်ဘုရား အနောက်ဘက်ရှိ တောင်ကြီးမြို့ ရှုမျှော်ခင်းကြည့်စင်တွင် တောင်ကြီးလူရည်ချွန် စခန်းမှူး၊ ကြီးကြပ်ဆရာ၊ ဆရာမများနှင့် လူရည်ချွန်မောင်မယ်များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ကျောက်တလုံးကြီးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရားသို့ ရောက်ရှိကြရာ လူရည်ချွန်မောင်မယ်များကို ဒေသခံပအိုဝ်း တိုင်းရင်းသားများက အိုးစည်ဗုံမောင်းများ တီးခတ်၍ နွေးထွေး လှိုက်လှဲစွာကြိုဆိုကြသည်။
ဆက်လက်၍ လူရည်ချွန်အဖွဲ့များသည် မွေတော်ကက္ကူ ဘုရားစေတီများအား လှည့်လည်ဖူးမြော် ကြည်ညိုကြပြီး ဘုရားပရိဝုဏ်အတွင်းလေ့လာကာ ကျောက်တလုံးကြီး အခြေခံပညာ အလယ်တန်းကျောင်း၌ နေ့လယ်စာသုံးဆောင်ကြသည်။
ထို့နောက် လူရည်ချွန်အဖွဲ့များသည် တောင်ကြီးမြို့ကျက်သရေဆောင် စူဠာမုနိ ဘုရားကြီးသို့ရောက်ရှိကာ ပန်း၊ ရေချမ်းများ ဆက်ကပ်၍ ဖူးမြော်ကန်တော့ကြပြီး အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။ ထိုမှ တစ်ဆင့် လူရည်ချွန်အဖွဲ့များသည် တောင်ကြီး မြို့မဈေးကို လှည့်လည်လေ့လာ၍ အမှတ်တရလက်ဆောင် ပစ္စည်းများ ဝယ်ယူကြသည်။
ညပိုင်းတွင် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲနှင့် စခန်းပိတ်သိမ်းပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး ညစာစားပွဲအပြီးတွင် လူရည်ချွန်မောင်မယ်များသည် တောင်ကြီး လူရည်ချွန်အပန်းဖြေ စခန်းတွင် စခန်းသိမ်းပွဲ အထိမ်းအမှတ်မီးပုံပွဲကို တပျော်တပါး စုပေါင်းဆင်နွှဲခဲ့ကြကြောင်း သိရသည်။