ထူးမြတ်လှသော ကဆုန်လပြည့်(ဗုဒ္ဓနေ့)
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကဆုန်လပြည့်နေ့ မေ ၃ ရက် ညနေပိုင်းနှင့် ညပိုင်းတို့တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ် အတွင်း၌ ဗုဒ္ဓနေ့အခမ်းအနားကို နိုင်ငံတော်အဆင့် ပထမဆုံး အကြိမ် စတင်ကျင်းပမည်ဖြစ်သည်။ ယခုနှစ်မှစ၍ နောင်နှစ်များတွင်လည်း ယခုနှစ်ထက် ကောင်းမွန်သည့် ဗုဒ္ဓနေ့အခမ်းအနားများ ကျင်းပနိုင်ရေးကိုလည်း ဝိုင်းဝန်းလုပ်ဆောင် သွားကြမည်ဖြစ်သည်။ ယခင်နှစ်များက ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ရောက်တိုင်း ဗောဓိ
ညောင်ပင်ကို ညောင်ရေသွန်းလောင်းသည့် အစီအစဉ်တစ်ခုသာ အစဉ်အလာအဖြစ် ဆောင်ရွက်ခဲ့ကြသော်လည်း ယခုနှစ်တွင် သံဃာတော်များကို လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ စာတမ်းဖတ်ပွဲကျင်းပခြင်း၊ ကဆုန်ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားကျင်းပခြင်း၊ ဆီမီးတိုင်များ ကိုင်ဆောင်၍ လှည့်လည်ပူဇော်ခြင်းနှင့် ဓမ္မသဘင်ဆင်ယင် ကျင်းပခြင်းဟူ၍ အပိုင်းငါးပိုင်းဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး စည်းကမ်းများနှင့်အညီ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပမည် ဖြစ်သည်။
အဆိုပါမဟာမင်္ဂလာ အခမ်းအနားများကို ညနေ ၆ နာရီ ၄၅ မိနစ်မှစတင်၍ ဆီမီးတိုင်များ ကိုင်ဆောင် လှည့်လည်ပူဇော်ပွဲနှင့် ည ၈ နာရီတွင် ကျင်းပမည့် ဓမ္မပူဇာသဘင်ဆင်ယင် MRTV Farmers' Channel ၊ MRTV Parliament Channel ၊ MRTV Sports Channel ၊ MWD EDUCATION , KNOWLEDGE & SPORTS Channel ၊TVM Channel ၊ Channel LIGHT နှင့် WAF Channel တို့မှ တိုက်ရိုက် (Live)) ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်ပြီး MRTV- HD Channel မှ ဆီမီးတိုင်များ ကိုင်ဆောင် လှည့်လည်ပူဇော်ပွဲ စတင်ချိန်မှ ည ၈ နာရီသတင်း မတိုင်မီအထိ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး ဓမ္မပူဇာသဘင်ဆင်ယင် ကျင်းပပွဲကို ည ၈ နာရီသတင်းများအပြီး ည ၉ နာရီခန့်မှစ၍ ထုတ်လွှင့်သွားမည်ဖြစ်သည်။
ဓမ္မပူဇာသဘင်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသက ငါးပါးသီလ ချီးမြှင့်ပေးမည်ဖြစ်ပြီး သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ ရွှေကျင်သာသနာပိုင်ဖြစ်တော်မူသော အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက သီတဂူ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရက တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးသွားမည်ဖြစ်သည်။
“ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန်”ဆိုသည့်အတိုင်း ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ဗုဒ္ဓ ဘာသာဝင်များ အထွတ်အမြတ်ထားသော နေ့တစ်နေ့ပင်ဖြစ်သည်။ ထိုနေ့တွင် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်ထံမှ ဘုရားစင်စစ် ဧကန်ဖြစ်မည်ဟု ဗျာဒိတ်ခံယူရရှိခြင်း၊ မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်(သောကြာနေ့)တွင် ဘုရားအလောင်းတော်အား ဖွားမြင်တော်မူခြင်း၊ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓဟူးနေ့)တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားဖြစ်တော်မူခြင်းနှင့် မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်(အင်္ဂါနေ့)တွင် ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း စသည့် အကြောင်းတရား လေးပါးနှင့်ပြည့်စုံတော်မူသော နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။
ကဆုန်လတွင် နေအပူရှိန် အပြင်းထန်ဆုံးအချိန် ဖြစ်သောကြောင့် တချို့သောဒေသများတွင် ရေရှားပါး ပြတ်လပ်ခန်းခြောက်မှုများ ကြုံတွေ့ကြရသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် မြတ်စွာဘုရား ပွင့်တော်မူရာ ဗောဓိပင်ကိုရည်မှန်းကာ ဗောဓိပင်အပွားတော်များကို သဒ္ဓါတရား ထက်သန်စွာ ရေစင်သွန်းလောင်းလေ့ ရှိကြသည်။ ထို့ပြင် ကဆုန်လပြည့်နေ့ကို ကဆုန်ညောင်ရေသွန်းပွဲတော် အခါသမယနေ့ဟုလည်း ခေါ်လေ့ရှိကြသည်။
“ကဆုန်နယုန်ဆွေ့ဆွေ့ခုန်” ဆိုသည့်အတိုင်း ကဆုန်လ၏ အပူချိန်သည် လွန်စွာပင်ပူပြင်းလှပါသည်။ အလှူဒါနရက်ရောကြသည့် မြန်မာလူမျိုးတို့သည် ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် ရေကိုရနိုင်သည့်နေရာမှ ပင်ပန်းကြီးစွာ သွားရောက်ခပ်ယူကာ မဟာဗောဓိညောင်ပင်အား ကုသိုလ်ဖြစ်ရေလောင်း လှူကြပါသည်။ ရှေးယခင်ကတည်းက ကျေးရွာ၊ ရပ်ကွက်အလိုက် ဘုရား၊ ကျောင်းကန်များရှိ မဟာဗောဓိညောင်ပင်များကို စုပေါင်း ရေလောင်းလှူကြသည့်ဓလေ့သည် မြန်မာလူမျိုးတို့၏ ကောင်းမွန်သော အလေ့အထ တစ်ခုပင်ဖြစ်သည်။
မြတ်စွာဘုရား၏ မိခင် သီရိမဟာမာယာဒေဝီ မိဖုရားကြီးသည် ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေချိန်တွင် မွေးရပ်မြေ ဒေဝဒဟပြည်ရှိ ဆွေမျိုးများထံသို့ပြန်ပြီး ဘုရားလောင်းအား မီးဖွားသန့်စင်လိုသဖြင့် ကပိလဝတ် တိုင်းပြည်မှ ထွက်ခွာခဲ့ပါသည်။ ဘုရားလောင်း၏ဖခင် သုဒ္ဓေါဓနမင်းကြီးသည် မယ်တော်မာယာအား ကိုယ်ဝန် နေ့စေ့လစေ့ဖြစ်နေသဖြင့် ထိုသို့ခရီးရှည် မသွားရောက်ရန် အကြိမ်ကြိမ် တားဆီးခဲ့သည်။ သို့ရာတွင် မိဖုရားကြီး၏ ဆန္ဒကို မလွန်ဆန်နိုင်သဖြင့် နောက်ဆုံးတွင် ဆွေမျိုးများထံသို့ သွားရောက်ရန် ခွင့်ပြုပေးခဲ့ရသည်။ မင်းကြီးထင်ထားသည့်အတိုင်းပင် ဘုရားအလောင်းတော်ကို လမ်းခုလတ်ရှိ လုမ္ဗိနီအမည်ရှိ အင်ကြင်းဥယျာဉ်၌ ဖွားမြင်ခဲ့သည်။ ဘုရားအလောင်းတော်ကို ယခုလို ပူပြင်းသည့်နွေရာသီ ကဆုန်လ၌ပင် ဖွားမြင်ခဲ့ခြင်းဖြစ်သည်။
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ၁၆ နှစ်အရွယ်တွင် ယသော်ဓရာမင်းသမီးနှင့် ထိမ်းမြား လက်ထပ်၍ မင်းစည်းစိမ်ကို နွေ၊ မိုး၊ ဆောင်း နန်းဆောင်သုံးခု၌ ၁၃ နှစ်ကြာ စံမြန်းတော်မူခဲ့သည်။
ထို့နောက် ဥယျာဉ်တော်တွင် သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်ကြီးလေးပါးတို့ကို မြင်တွေ့ပြီးနောက် မအို၊ မနာ၊ မသေသော လမ်းစဉ်ကို ရှာဖွေရန်အတွက် တောထွက်တော်မူခဲ့သည်။ တောရပ်မြိုင်တွင် ခြောက်နှစ်ကြာ ဒုက္ကရစရိယာ ကျင့်ပြီး သက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓဟူးနေ့)တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ခြင်းဖြစ်သည်။ မလျှော့သောဇွဲလုံ့လဖြင့် စဉ်ဆက်မပြတ် အားထုတ်ကျင့်ကြံခဲ့ခြင်းကြောင့်သာ ခြစ်ခြစ်တောက်ပူပြင်းလှသည့် ကဆုန်နေရောင်အောက်တွင် သစ္စာလေးပါးကို သိမြင်တော်မူ သော သုံးလောကထွတ်ထား မြတ်ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ခြင်းဖြစ်သည်။
မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ရောက်ရှိ တော်မူသည့်နေ့မှစပြီး သတ္တဝါများကို ကယ်တင်နိုင်ရန် အတွက် ညဉ့်အချိန်တွင် နှစ်နာရီခန့်သာ သတိတရားဖြင့် တရားမှတ်အနားယူခဲ့သည်မှလွဲ၍ လူ၊နတ်၊ဗြဟ္မာတို့အား ၄၅ ဝါတိုင်တိုင် အချိန်ပြည့် တရားတော်များ ဟောကြားသွန်သင်ဆုံးမခဲ့သည်။ ထိုသို့ကရုဏာကြီးမားစွာဖြင့် သွန်သင်ဆုံးမ ဟောကြားနေရာမှ သက်တော် ၈၀ ပြည့်သည့်အချိန် သက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့ (အင်္ဂါနေ့)တွင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။ မြတ်စွာဘုရားနှင့် ဆက်စပ်သော ထူးခြားသည့်ဖြစ်စဉ်များသည် ကဆုန်လပြည့်နေ့တွင် အများဆုံးဖြစ်ခဲ့သည်။ ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာများအတွက် အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။
မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်များအား တောရောမြို့ပါ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။
နိုင်ငံတစ်ဝန်းတွင် ကျင်းပသည့် ကဆုန်ညောင် ရေသွန်းပွဲတော်သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုစည်ကားလာလျက်ရှိသည်။ ထိုမြင်ကွင်းများကို တွေ့ရမြင်ရသည်မှာ ဗုဒ္ဓဘာသာဝင် တစ်ဦးအတွက် များစွာပီတိဖြစ်ရပါသည်။
ထိုသို့ ထူးမြတ်သည့်ဗုဒ္ဓနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုး၊ ရိပ်သာများတွင် ဥပုသ်သီတင်းသီလ ဆောက်တည်သူများ၊ ဒါန၊ သီလ၊ဘာဝနာပွားများ သူများဖြင့်အထူးစည်ကားလျက်ရှိသည်။
နှစ်စဉ် ကဆုန်လပြည့်နေ့တွင် အစိုးရရုံး၊ဌာနများအား ပိတ်ပေးထားသဖြင့် နိုင်ငံ့ဝန်ထမ်းများသည်လည်း အခြားပြည်သူများနည်းတူ ဘုရား၊ ကျောင်းကန်များသို့သွားရောက်ကာ ဥပုသ်သီတင်း သီလဆောက်တည်ခြင်း၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းတို့ကို လွတ်လပ်စွာ ပြုလုပ်ပွားများ လှူဒါန်းနိုင်ကြသည်။ ဆိုရလျှင် နှစ်စဉ်ကဆုန်လပြည့်နေ့သည် ဗုဒ္ဓနေ့ပင်ဖြစ်သည်။ ထိုနေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအတွက် ထူးခြားလေးနက်သော နေ့တစ်နေ့ဖြစ်သည်။ အကြောင်းမူကား ဘုရားအလောင်းတော်သည် လွန်ခဲ့သော သက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး မြတ်စွာဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ မြတ်စွာဘုရားအလောင်းတော်သည် ယခုလိုပူပြင်းခြောက်သွေ့သော နွေရာသီအပူချိန်အောက်တွင် သစ္စာလေးပါး တရားထူးတရားမြတ်ကို ထိုးထွင်းသိမြင်နိုင်အောင် ကျင့်ကြံအားထုတ်ခဲ့ရသည်။ ဘဝပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့ရသော ပါရမီအဟုန်တို့ကြောင့် မာရ်နတ် နှောင့်ယှက်နေသည့်ကြားမှပင် ဗောဓိပင်နှင့်ရွှေပလ္လင်ထက်ဝယ် သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်းသိမြင်နိုင်ခဲ့သည်။ ထိုအကြောင်းတရားများကြောင့် မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့ကို အမြတ်ဆုံးနေ့အဖြစ် သတ်မှတ်ထားကြခြင်းဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေညီလာခံ၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့)ကို နိုင်ငံတကာ ဝိသာခါအခါတော်နေ့ (International Vesak day or Visakha day) အဖြစ် ထုတ်ပြန်ခဲ့သည်။
ဆိုရလျှင် ကဆုန်လပြည့်နေသည် မြတ်ဗုဒ္ဓ၏ ဘဝဖြစ်စဉ်များနှင့် ဆက်စပ်မှုများ ရှိနေသောကြောင့် ဗုဒ္ဓနေ့ဟုပင် တင်စားခေါ်ဝေါ်လျက်ရှိသည်။ မြန်မာလူမျိုးတို့သည် နှစ်စဉ်ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာကို ရည်မှန်းလျက် ဖွားဖက်တော် မဟာဗောဓိညောင်ပင်ကို အမွှေးနံ့သာရည်များဖြင့် ညောင်ရေသွန်းလောင်းလေ့ရှိသည်။ ထိုဗုဒ္ဓနေ့တွင် နိုင်ငံတစ်ဝန်း ဘုရားစေတီပုထိုးများရှိ ဗောဓိညောင်ပင်များတွင် ညောင်ရေသွန်းလောင်းသူများဖြင့် အထူးစည်ကားလျက်ရှိသည်။ ထို့ပြင် ဘုရား၊ ကျောင်းကန်၊စေတီပုထိုးများတွင်လည်း ဥပုသ်သီတင်း သီလဆောက်တည်သူများ၊ တရားအားထုတ်သူများနှင့် ပြည့်နှက်လျက်ရှိသည်။
ထို့ကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုများအနေဖြင့် ဗုဒ္ဓ၏ဖြစ်တော်စဉ်များပြည့်နှက်လွှမ်းခြုံလျက်ရှိသည့် ကဆုန်လပြည့်နေ့တွင် မြတ်စွာဘုရားဟောကြားထားတော်မူခဲ့သည့် တရားတော်မျာနှင့်အညီ မြန်မာပီပီမေတ္တာတရားကို အရင်းခံလျက် ဒါန၊ သီလ၊ ဘာဝနာများပွားများကာ ကောင်းမှုကုသိုလ်အစုစုကို ဆတက်ထမ်းပိုးပြုလုပ်သွားနိုင်ရေး တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။
မောင်သောင်းဝင်း(တမန်ဟောင်း)