အပူလျှပ်သတိလစ်ခြင်းအကြောင်း သိကောင်းစရာ(၂)

အပူလျှပ်သတိလစ်ခြင်းအကြောင်း သိကောင်းစရာ(၂)

    ယခုလို ရာသီဥတုပူပြင်းသော နွေရာသီတွင် အလုပ်ကြောင့် မဖြစ်မနေ အပြင်သို့သွားလာရသူများသည် အပူဒဏ်ကြောင့် ကိုယ်ပူ၍အဖျားကြီးခြင်း၊ သတိလစ်ခြင်း၊  လေဖြတ်ခြင်းများ ဖြစ်နိုင်သည့်အတွက် သတိပြုကြရန်  လိုအပ်သည်။  သက်ကြီးရွယ်အို ဘိုးဘွားများသည်  နေအိမ်တွင်နေထိုင်သော်လည်း  ကိုယ်ခံအားနည်းသဖြင့်  အပူဒဏ်ကြောင့်  လေဖြတ်ခြင်းဖြစ်နိုင်သည်ကို သတိပြုရမည့်အချိန်ဖြစ်သည်။

ယခုနှစ်တွင်  အာရှတိုက်၌   တောတောင်များ ပျက်စီးခြင်း၊ ရေအိုင်များ ခန်းခြောက်ခြင်းကြောင့် အပူချိန်သိသိသာသာ တိုးလာသဖြင့်  သိပ္ပံပညာရှင်များက  စိုးရိမ်ပူပန်မှုဖြစ်ကြောင်း လေ့လာသိရှိရသည်။

အရပ်ခေါ် အပူလျှပ်ခြင်းဆိုသည်မှာ ပြင်းထန်သော အပူဒဏ် (နေပူဒဏ်) နှင့်ထိတွေ့ပြီး အရေပြားမှတစ် ဆင့် ခန္ဓာကိုယ်သွေးကြောများအတွင်းသို့ အပူဓာတ် လွန်ကဲစွာ ရောက်သွားပြီး  ဖျားလာခြင်း၊  ထို့နောက် ဦးနှောက်သွေးကြော ပေါက်ကာ    သတိလစ်ခြင်း၊ ဦးနှောက်အတွင်း သွေးယိုစိမ့်မှုကြောင့် လေဖြတ်ပြီး ခန္ဓာကိုယ်တစ်ခြမ်း  သို့မဟုတ်  တစ်စိတ်တစ်ဒေသ မလှုပ်ရှားနိုင်တော့ခြင်း၊ စကားပီသအောင်မပြောနိုင် ခြင်း သို့မဟုတ် လုံးဝစကား မပြောနိုင်တော့ခြင်းဖြစ်စဉ်များ ဆက်တိုက်ဆိုသလို ဖြစ်ပွားတတ်သည်။

အပူဒဏ်ကြောင့်လေဖြတ်ခြင်းနှစ်မျိုး

    နေပူထဲမှပြန်လာပြီး အအေးခန်းထဲသို့ ဝင်ရောက် ခြင်း၊ ရေအေးသောက်ခြင်း၊ ရေချိုးခြင်းများ ပြုလုပ်မိ ခြင်း။

အအေးခန်းအတွင်းနေထိုင်ရာမှ     ရုတ်တရက် ပူပြင်းသောနေရောင်အောက်သို့ ထွက်ခြင်း။ (ဥပမာ- အဲကွန်းကားစီးပြီး ဆင်းလိုက်သောအခါ ပူပြင်းသော နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်း)

    အပူအအေး ဝိရောဓိဖြစ်ခြင်းဟုခေါ်သော ဆန့်ကျင်ဘက်ဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း သွေးစီးကြောင်းများတွင် သွေးကြောများ ရုတ်ခြည်းပြောင်းလဲမှုဒဏ် ကို  မခံနိုင်တော့ဘဲ သွေးကြောကြီးများ အက်ကွဲခြင်း၊ သွေးကြောငယ်လေးများ ပြတ်ထွက်ခြင်းတို့  ဖြစ်နိုင်သည်။ အသက်ကြီးသူများတွင် ပို၍ဖြစ်ရခြင်းမှာ သူတို့ ၏သွေးကြောများသည်   ဟောင်းနွမ်းပြီး   မာဆတ်မှုကြောင့် ပူ၍ကျယ်ခြင်း၊ အေး၍ကျုံ့ခြင်းဒဏ်ကို မခံနိုင်ခြင်းဖြစ်သည်။ ပလတ်စတစ်ပိုက်များ ဟောင်းနွမ်းသောအခါ မာကြွပ်ဆတ်ပြီး ကွဲလွယ်ပေါက်လွယ်သည့် သဘောပင်ဖြစ်သည်။

Heat Stroke မဖြစ်စေရန် ကာကွယ်ရမည့် နည်း လမ်းများ

-နေပူပြင်းချိန်တွင်  အပြင်မထွက်ပါနှင့်။  မလွှဲမရှောင်သာ၍ ထွက်ရလျှင် လုံခြုံသောအဆောင်း၊  အကာ၊ ထီး၊ ဦးထုပ်ပါရန်လိုသည်။

-စောင့်ဆိုင်းရသော အလုပ်ဖြစ်လျှင် သစ်ပင်အရိပ်၊ အဆောက်အအုံအရိပ်၊  အမိုးအကာအောက်မှ စောင့်ပါ။

-ရေငတ်လျှင်     ရိုးရိုးရေသောက်ပါ။    ရေခဲရေမသောက်ပါနှင့်။

-အဲကွန်းကားစီးပြီး  လိုရာရောက်၍  နေပူရှိန်ပြင်း သောနေရာတွင် ဆင်းရမည်ဆိုလျှင်   မဆင်းမီ ကြိုတင်၍ရေသောက်ထားပါ။ အစာအိမ်အတွင်း ရေရှိလျှင် သွေးကြောများက ရေကိုစုပ်ယူထားသဖြင့် တော်ရုံအပူဒဏ်ကို ခံနိုင်သည်။

-နေပူထဲမှပြန်လာပြီးလျှင် ရေခဲရေ လုံးဝမသောက်ပါနှင့်။ ရေမချိုးပါနှင့်။ မျက်နှာမသစ်ပါနှင့်။

-ရေနွေးကြမ်းတွင်   ဆားလှော် အနည်းငယ်ခတ် သောက်ခြင်းသည်  ရှေးလူကြီးများ၏ အပူဒဏ် ကာကွယ်နည်းဖြစ်သည်။

-သနပ်ခါးလိမ်းပါ။  မြန်မာ့ရိုးရာ သနပ်ခါးသည် အပူဒဏ်ကို ကာကွယ်သည်။

-မိတ်ထွက်လျှင် သနပ်ခါးအနည်းငယ် စားပေးပါ။ ခရေပွင့်ခြောက်နှင့် သနပ်ခါးရော သွေးလိမ်းပါ။

-ရေတစ်ခွက်သောက်ပြီးမှ အပြင်ထွက်ပါ။

-အပြင်မှပြန်လာလျှင် ခြေထောက်ရေမဆေးပါနှင့်။ ရေမစိမ်ပါနှင့်။

-ဦးခေါင်း၊ ဆံပင်ဖြန့်၍ ပန်ကာလေမခံပါနှင့်။

-ရေခဲသေတ္တာထဲမှ    ရေဘူးကိုသောက်လိုလျှင် အပြင်မှာ ၁၅ မိနစ်ခန့် ထုတ်ထားပြီးသောက်ပါ။

-ပူပြင်းသောရာသီတွင် ဝမ်းချုပ်လျှင် ညအိပ်ရာဝင် မန်ကျည်းမှည့်နှင့် ထန်းလျက် ဖျော်ရည်သောက်ပါ။ ဝမ်းနုတ်ဆေးအပြင်းများ မသောက်ပါနှင့်။

-ဦးခေါင်းတုံးလျှင်(ခေါင်းရိတ်လျှင်)   နံနက်စော စောရိတ်ပါ။ နေ့လယ်၊ ညနေမရိတ်ပါနှင့်။

-ဝမ်းပျက်လျှင်  သကြားသုံးဇွန်း၊ ဆားတစ်ဇွန်း၊ လက်ဖက်ခြောက် လက်တစ်ဆုပ်ကို သံဒယ်အိုးဖြင့်လှော်ပြီး   ရေနွေးဆူဆူတွင်    ခတ်သောက်ပါ။  ဝမ်းအရည်သွားခြင်းကို ရပ်စေသည်။ 

  နေပူထဲမှပြန်လာပြီး ရေခဲရေမသောက်သင့်

ပြီးခဲ့သောနှစ်ပိုင်းက အသက် ၃၀ ကျော်ခန့်သာရှိ သေးသည့် လူငယ်တစ်ဦး နေပူထဲမှ ဆိုင်ကယ်စီးပြန် လာပြီး အိမ်အရောက်တွင် ရေခဲသေတ္တာအတွင်းမှ ရေခဲရေဘူးကိုယူ၍ ဘူးတစ်ဝက်နီးပါးမော့သောက် လိုက်သည်။ ပြီးနောက် ၁၅ မိနစ်အကြာတွင် မူးသည် ဟုဆိုကာ လဲကျသွားသဖြင့် ဆေးရုံသို့ အရေးပေါ်ကား ခေါ်ပြီး တင်ပို့သော်လည်း အသက်ဆုံးရှုံးသွားသည်။ ဆေးစစ်ချက်အရ ဦးနှောက်သွေးကြော ရုတ်တရက် ပေါက်သွားသည်ဟု သိရသည်။

ပြီးခဲ့သောနှစ်များက  ယခုကဲ့သို့ ပူပြင်းသော ဧပြီလ၊ မေလများကလည်း ဤသို့ အလားတူ  ရေခဲရေ မော့ချ၊  လောင်းချပြီး မူးလဲသွားသူ၊   သတိလစ်သူ၊ တက်သွားသူ၊ လေဖြတ်သွားသူများနှင့် ဦးနှောက်သွေး ကြောပေါက်ကာ  အသက်ပါသွားရသူများ တွေ့ဖူး၊ ကြားဖူးပြီးဖြစ်ပါသည်။ သို့သော် သတိမမူဂူမမြင်ဆို သကဲ့သို့ ယခုနှစ်မှာလည်း ထပ်မံတွေ့ကြုံရပြန်သည်။ သတိပြုကြစေရန် ထပ်မံတင်ပြလိုပါသည်။

ရေခဲရေသောက်ခြင်း

    ပူသောအချိန်တွင်   ရေခဲရေသောက်ရသည်မှာ အလွန်ပင်ဇိမ်ရှိသည်။ အရသာရှိသည်ဟု ဆိုကြသည်။ ထိုသို့ ဇိမ်ရှိခြင်းမှာ လျှာပေါ်တွင်သာ ဇိမ်ရှိခြင်းဖြစ် သည်။ အစာအိမ်အတွင်းသို့ရောက်သွားလျှင် ဇိမ်မရှိ တော့ပေ။ အစာအိမ်တွင် အောင်းနေသော အပူဓာတ်သည် ရေခဲရေလောင်းထည့်လိုက်ချိန်မှစ၍ ပျက်ပြယ်သွားသည်။ အစာချေခြင်းအလုပ်  ရပ်စဲသွားသဖြင့် အစာမကြေဖြစ်ရသည်။

ထို့ပြင် အစာအိမ်မှ အပူများ အထက်သို့ပျံ့လွင့်၍ တက်ခြင်းတို့ကြောင့် အာခေါင်ခြောက်ခြင်း၊ ရေငတ ခြင်းဖြစ်လာပြန်သည်။ ရေငတ်သဖြင့် ရေခဲရေထပ် သောက်ရပြန်သည်။ ဤသို့ဖြင့် အပူပြန်ခြင်း၊ ရေငတ် ခြင်း သံသရာမှာ မဆုံးနိုင်တော့ဘဲဖြစ်ရလေသည်။ ပင်လယ်ရေသောက်သူ ရေငတ်မပြေသကဲ့သို့ ရေခဲရေ သောက်သူများမှာလည်း ရေငတ်မပြေနိုင်ကြပေ။

လေအေးပေးစက်သတိပြု

    နေပူပြင်းချိန်တွင် အိမ်အတွင်းမှာပင်နေပြီး နေပူ မထိသူများ၊ လေအေးပေးစက်နှင့် နေသူများအတွက် ရေခဲသေတ္တာထဲမှ ရေကိုသောက်ခြင်းမှာ အန္တရာယ်မရှိ နိုင်သော်လည်း   နေပူထဲမှ   ပြန်လာသူများအတွက် အန္တရာယ်ရှိသည်။ အခန့်မသင့်လျှင် ဦးနှောက်သွေး ကြောပေါက်ခြင်း၊  လေဖြတ်ခြင်းများ  ဖြစ်နိုင်သဖြင့် လေအေးပေးစက် ကြိုတင်ဖွင့်ထားသောနေအိမ်များ၊ ကားများ အတွင်းဝင်လျှင် ရုတ်တရက် မူးဝေသွားတတ် သည်။

ရေအေးသောက်လိုလျှင်

    အိမ်များတွင်  မြေသောက်ရေအိုးများ  ထားသင့်သည်။ မြေသောက်ရေအိုး အတွင်းမှရေမှာ အေးသော်လည်း ဘေးမဖြစ်နိုင်ပေ။  မြေသောက်ရေအိုး မရှိသဖြင့် ရေခဲသေတ္တာထဲမှ ရေပုလင်းကို သောက်လိုသူများသည် ထိုရေပုလင်းကို ချက်ချင်းမသောက်ဘဲ အခန်းအပူချိန် တွင် ခေတ္တထားပြီး အအေးဓာတ်လျော့သွားမှ သောက် သုံးခြင်းဖြင့်လည်း ဦးနှောက်သွေးကြောပေါက်ခြင်းမှ ကာကွယ်နိုင်သည်။ ရေအေးကို အလျင်အမြန်မသောက် ဘဲ  ဖြည်းဖြည်းသောက်ခြင်းသာ  အကောင်းဆုံးဖြစ် သည်။

 ရေနွေးကြမ်းသောက်ခြင်း၏ အကျိုးကျေးဇူး

    နွေရာသီရောက်လာသောအခါ လူအတော်များများသည် အပူဒဏ်ခံရသဖြင့် ရေအေးကိုသာ သောက်လိုကြသည်။ အမှန်မှာ ရေအေးသောက်ခြင်းထက် ရေနွေး သောက်ခြင်းက ခန္ဓာကိုယ်အတွက် ပို၍အကျိုးရှိသည် ကို မသိကြ၍ဖြစ်သည်။ အစာအိမ်နှင့်အူလမ်းကြောင်းရှိ  ဝမ်းမီးခေါ် သက်စောင့်ဓာတ်သည်  ရုတ်တရက် အအေးဓာတ်နှင့်တွေ့ရှိသောအခါ   ဝမ်းမီးပျက်သွားတတ်သည်။

ဝမ်းမီးဆိုသည်မှာ   သက်စောင့်ဓာတ်တစ်မျိုးဖြစ် သည်။ သာမန်အားဖြင့် အစာကြေရန် တာဝန်တစ်ခုသာ ရသည်ဟု ထင်ရသော်လည်း အသက်ရှည် ကျန်းမာရေး အတွက် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး တာဝန်ကို ယူထားရသည်။ ရောဂါမှန်သမျှ အစာမကြေခြင်းမှ စသည်ဟုဆိုခြင်းကြောင့် ရေအေးသောက်ပြီး ဝမ်းမီး ငြိမ်းသွားလျှင်  အစာမကြေရောဂါ  စ၍ဖြစ်လာနိုင် သည်။ ရောဂါတစ်ခုကိုကုသရာတွင် လူနာသည် အစား စားချင်စိတ်ကောင်းစွာပေါ်ပေါက်လာပြီး   စားလိုက်သော အစာလည်းကြေ ဝမ်းလည်းမှန်မှသာလျှင် ရောဂါအမြစ်ပြတ် ပျောက်ကင်းသည်ဟု ယူဆနိုင်သည်။

ရှေးက မြန်မာလူမျိုးများသည် တပေါင်း၊ တန်ခူး နွေရာသီအပူရှိန်ပြင်းသောကာလတွင် နေ့ခင်း၊ နေ့လယ် အလုပ်မလုပ်ဘဲ အနားယူကြသောအခါ မန်ကျည်းပင် ရိပ်၊ ထနောင်းပင်ရိပ်၊ ကုက္ကိုပင်ရိပ်တွင် ရေနွေးကြမ်း ဝိုင်းချပြီး ဆားလှော်ကို  ခွက်ငယ်ကလေးဖြင့်ထည့် ထားကာ     ရေနွေးကြမ်း အဖန်ရည်ဖြင့် ရောစပ်၍ သောက်လေ့ရှိကြသည်။ ထိုနည်းဖြင့် အသံဝင်ခြင်း၊ လည်ချောင်းနာခြင်းမှ ကာကွယ်ရုံသာမက နွေရာသီတွင် ဖြစ်လေ့ရှိသော ကျောက်ရောဂါ၊ ဝက်သက်ရောဂါ၊ မိတ်အိုင်းခေါ် မိတ်ကြီးထွက်သည့်ရောဂါများမှ ကာ ကွယ်နိုင်သည်ဟု ဆိုသည်။

အပူဒဏ်ကာကွယ်နိုင်ရန်

 ယခုနှစ်နွေရာသီ အပူရှိန်လွန်ကဲမည်ဟု မိုးလေဝသပညာရှင်များက သတိပေးလျက်ရှိသည်။ အထူး သဖြင့် အထက်အညာဒေသ နေထိုင်သူများအတွက် ပို၍သတိရှိရန်လိုသည်။ မြို့နေလူတန်းစားများအတွက် ထီး၊ ဦးထုပ်၊ နေကာမျက်မှန် စသည်တို့ဖြင့် အပူဒဏ် ကာကွယ်ရန် သတိပေးနေချိန်တွင် လယ်ထဲ၊ ကိုင်းထဲ အလုပ်လုပ်ကြရသော တောသူတောင်သားများအား မည်သို့ ကာကွယ်ပေးမည်နည်း။ စိတ်ပူပန်ရန်မလိုပါ။ ရှေးဘိုးစဉ်ဘောင်ဆက်ကပင် တောသူတောင်သား တို့တွင် နေပူဒဏ်ကာကွယ်နည်း ရှိပါသည်။ အကာ အကွယ်ရှိပါသည်။ ထိုအကာအကွယ်မှာ သနပ်ခါး လိမ်းခြင်းနှင့် ဝါးခမောက်တို့ဖြစ်သည်။ မြန်မာ့ရိုးရာ သနပ်ခါးသည် မျက်နှာနှင့် လက်၊ ခြေများပါ လိမ်းထားလျှင် နေပူဒဏ်(ခေတ်အခေါ်  ခရမ်းလွန်ရောင်ခြည်ဒဏ်)သာမက လေတိုက်ပြီး အသားပပ်ခြင်း၊ ဖုန်မှုန့်များကပ်ခြင်းကိုပါ  ကာကွယ်သည်။ သနပ်ခါးအမြစ်တွင် အအေးဓာတ်(သီတဓာတ်) ပါသဖြင့် အပူကန်ပြီး မိတ်ဖုများထွက်ခြင်းကိုပါ အကာအကွယ်ပေးသည်။  ရှေးကလူကြီးများသည်    ကလေးများကို ရေချိုးပြီးသည်နှင့် ကျောက်ပျဉ်တွင်     သနပ်ခါးသွေးပြီး လိမ်းပေးသည်။

လိမ်းပေးရုံသာမက  သန့်ရှင်းသောရေဖြင့် သွေးထားသော သနပ်ခါးအနည်းငယ်ကို ကလေး၏ပါးစပ်အတွင်းသို့ ခွံ့ပေးသည်။   သနပ်ခါးစားခြင်းသည် အပူဒဏ် ကာကွယ်သည့်အပြင် ကလေးငယ်များကို  ရေကျောက်နှင့်  ဝက်သက်ပေါက်ခြင်းမှလည်း အကာအကွယ်ပေးနိုင်သည်။

ကန်စွန်းရွက်သည် ရာသီမရွေး ရနိုင်သောအစာ ဖြစ်သည်။ နွေအခါ ကုန်းကန်စွန်း၊ မိုးအခါ ရေကန်စွန်း စသည်ဖြင့် ပေါပေါများများရနိုင်သည်။ ကန်စွန်းရွက် ကို နေ့စဉ်စားခြင်းဖြင့် အပူဒဏ်မှ ကာကွယ်နိုင်သည်။ ကန်စွန်းရွက်သည်     အဆုတ်အားကောင်းစေသည့် အာပေါစာဖြစ်သည်။   နွေရာသီ အပူငုပ်၍   ချောင်း ခြောက်ဆိုးခြင်း၊ အသံဝင်ခြင်းကို သက်သာစေနိုင်သည်။ ကန်စွန်းရွက်ကို မန်ကျည်းမှည့်နှင့် ချဉ်ရည်ဟင်းချက် စားလျှင် အပူဒဏ်ကာကွယ်သော ရာသီစာဖြစ်သည်။ မိတ်ယားပြီး   ပူစပ်ပူလောင်ဖြစ်လျှင်  ကန်စွန်းရွက် အရည်ညှစ်ပြီး ဆားအနည်းငယ်ထည့်၍ ဖျော်လိမ်းပေးလျှင် သက်သာစေနိုင်သည်။

ကြည်လွင်မြင့်(မုဒြာ)