ကဆုန်လပြည့်ဗုဒ္ဓနေ့ ချမ်းမြေ့သာယာပြည်မြန်မာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ် ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရပြစ်ဒဏ် ကျခံလျက်ရှိသော အကျဉ်းသား/သူ ၂၁၅၃ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက် တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်..ဟူသောပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ကိုထုတ်ပြန်ခဲ့သည်။
မြန်မာတစ်မျိုးသားလုံးသာမက ကမ္ဘာကပင် အလေးအနက်ထားရသော ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် နိုင်ငံတော်အကြီးအကဲ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်းမှာ သက်ဆိုင်ရာမိသားစုတို့အတွက် ဝမ်းမြောက် ကြည်နူးဖွယ်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို စတင်တာဝန်ယူချိန်မှစ၍ နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိသည်။ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များကိုလည်း မြင်တွေ့နေရပြီဖြစ်သည်။ စိတ်သဘောထားချင်းမတိုက်ဆိုင်ကာ နိုင်ငံတော်အစိုးရကို ဆန့်ကျင်ခဲ့ကြသူများမှာလည်း နိုင်ငံတော်အစိုးရ၏လုပ်ဆောင်ချက်များကို လက်တွေ့သိမြင်ခဲ့ကြပြီဖြစ်သည်။ လမ်းမှားသို့ရောက်သွားသော လူငယ်လူရွယ်များသည်ပင် တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ပြီး မိဘများ၏ အရိပ်အောက်တွင် ကောင်းမွန်စွာ နေထိုင်လျက်ရှိနေပြီဖြစ်သည်။ ယခု ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် လမ်းကြောင်းလွဲမှားခဲ့သူများကိုလည်း နိုင်ငံတော်အကြီးအကဲက မေတ္တာစေတနာအပြည့်ဖြင့် ခွင့်လွှတ်ပေးခဲ့ပြီဖြစ်သည်။
ကဆုန်လပြည့်ဗုဒ္ဓနေ့အတွက် ကောင်းမှုတစ်ခုပင်ဖြစ်သည်။
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးခြားလေးနက်သည့်နေ့ဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများသည် ကဆုန်လပြည့်ညနေပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိကုန်တိုက်ရှေ့ လောကချမ်းသာ ဆုတောင်းပြည့် အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်းပူဇော်ကြသည်။ နိုင်ငံတော ်အကြီးအကဲနှင့်ဇနီး အမှူးပြုသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များသည် လောကချမ်းသာ ဆုတောင်းပြည့်အသင်း ဘုရားကြီးပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်များအား ညောင်ရေသွန်း လောင်းပူဇော်ရန် နေရာယူကြပြီး သတ်မှတ်နေရာများမှ အဖွဲ့အလိုက် မဟာဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်းပူဇော်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။
အလားတူ တိုင်းစစ်ဌာနချုပ်များတွင်လည်း ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများကို ၂၀၂၃ ခုနှစ် မေလ ၃ ရက်နေ့ ညနေပိုင်းနှင့် ညပိုင်းတို့တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ခမ်းနားထည်ဝါစွာကျင်းပ ဆောင်ရွက်မှုများကို နိုင်ငံတစ်ဝန်းလုံးရှိ ရဟန်းရှင်လူ ပြည်သူအများ တွေ့မြင်ခဲ့ကြပြီဖြစ်သည်။ ကဆုန်လပြည့် (ဗုဒ္ဓနေ့)သည် ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင် နိဗ္ဗာန်နန်း ဟူသောမှတ်တမ်းအရ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရှင်၏ထူးခြားသော ဖြစ်တော်စဉ်လေးရပ် ဖြစ်သည့် ဗျာဒိတ်တော်ခံယူတော်မူသည့်နေ့၊ ဖွားမြင်တော်မူသည့်နေ့၊ ဘုရားဖြစ်တော်မူသည့်နေ့နှင့် ပရိနိဗ္ဗာန်စံဝင်တော်မူသည့်နေ့တို့ဖြစ်သည့်အတွက် ကဆုန်လပြည့်နေ့ ကို ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ အမြတ်ဆုံးနေ့အဖြစ် မှတ်ယူထားကြပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကဆုန်လပြည့်နေ့တွင် မဟာဗောဓိပင်ကို အမှီပြု၍ သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိတော်မူခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်များက မြတ်စွာဘုရားရှင်အား ရည်မှန်းအာရုံပြု၍ကျင်းပလေ့ရှိသည့် မြန်မာ့ရိုးရာဆယ့်နှစ်လရာသီပွဲတော်များအနက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကဆုန်ညောင်ရေသွန်းပွဲတော် ကို အစဉ်အလာအရကျင်းပသည့်ပွဲတော်အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
မဟာဗောဓိပင်ဆိုသည်မှာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဖွားမြင်တော်မူသောနေ့တွင် အတူတကွ ဖြစ်ထွန်း ပေါ်ပေါက်ခဲ့သည့် ဖွားဖက်တော်ခုနစ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သကဲ့သို့ သမ္မာသမ္ဗုဒ္ဓဘုရား အဖြစ်သို့ ရောက်ရှိစေရန်များစွာအထောက်အကူပြုခဲ့သည့်အတွက် ပရိဘောဂစေတီထိုက်သော စေတီတော် တစ်ဆူလည်း ဖြစ်ပါသည်။
မြတ်စွာဘုရားသည် ဘုရားဖြစ်ရန်အလို့ငှာ ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးတို့ကို ဖြည့်ဆည်းကျင့်ခဲ့ရာတွင် မိမိတစ်ဦးတည်းနိဗ္ဗာန်သို့ကူးနိုင်လျက် သတ္တဝါဝေနေယျတို့အပေါ် ကြီးမားလှသည့် မဟာကရုဏာတော်၊ မဟာမေတ္တာတော် အနန္တထားရှိသည့်အတိုင်း ပြုနိုင်ခဲလှစွာသောအမှု တို့ကိုပြု၍စွန့်နိုင်ခဲသော အရာဝတ္ထုတို့ကို စွန့်သည်။ ပေးလှူနိုင်ခဲသောအရာတို့ကိုပေးလှူသည်။ သည်းခံနိုင်သောအရာတို့၌ သည်းခံလျက် ကိုယ်တော်၏ပင်ပန်းခြင်း၊ စိတ်တော်၏ ပင်ပန်းခြင်းတို့ကို ပြုတော်မူခဲ့သည်။ ဤသို့ကြီးမြတ်လှစွာသော မြတ်စွာဘုရား၏ ဂုဏ်တော်အနန္တကို နှလုံးသွင်းလျက် ရေသွန်းလောင်းမှုပြုခြင်းဖြစ်သည်။
မဟာဗောဓိပင်သည် မြတ်စွာဘုရား၏ ကိုယ်စားပူဇော်ခြင်းဖြစ်သည်။ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က အနာထပိဏ်သူဌေးကြီးသည် အရှင်အာနန္ဒာနှင့် တွေ့ဆုံကာ လျှောက်ထားခဲ့သည်။ ရပ်ဝေး ရပ်နီးမှရဟန်းရှင်လူပုဂ္ဂိုလ်တို့သည် ဘုရားရှင်အားဖူးမြော်ရန် လာရောက်ကြသည့်အခါ ဘုရားရှင်ဒေသစာရီ ကြွတော်မူသည်နှင့် ကြုံတွေ့ရသည်မျိုးရှိပါသည်။ ဘုရားရှင်ကို မဖူးတွေ့လိုက်ရသူများမှာ စိတ်နှလုံးညှိုးနွမ်းပြီး ပြန်သွားကြသည်။ ထို့ကြောင့်ဘုရားရှင်ကိုယ်စားတော်ပြုပြီး ဖူးမြော်နိုင်မည့် အရာတစ်ခုခုစီမံပေးရန် ဘုရားရှင်အားလျှောက်ထားပေးပါရန် အနာထပိဏ်သူဌေးကြီးက အရှင်အာနန္ဒာအားလျှောက်တင်ခဲ့သည်။
အရှင်အာနန္ဒာက ဘုရားရှင်ထံပြန်လည်လျှောက်ထားသောအခါမှာ ချစ်သားအာနန္ဒာ ငါဘုရားရှင် မရှိသည့်အခါမျိုးမှာ-
၁။ ငါဘုရားရှင်ရဲ့အစိတ်အပိုင်းတွေ ဖြစ်သည့်ဆံ၊ မွေးညင်း၊ သွား၊ ညှပ်ရိုး အစရှိသည့် သာရီရိကစေတီ။
၂။ ငါဘုရားရဲ့ အသုံးအဆောင်တွေ ဖြစ်သည့် သပိတ်၊ သင်္ကန်း၊ ကျောင်း အစရှိသည့် ပရိဘောဂစေတီ။
၃။ ငါဘုရားရှင်ကို ရည်မှတ်ထုလုပ် ကိုးကွယ်အပ်သည့် ဥဒ္ဒိဿစေတီ သုံးမျိုးနှင့် ဘုရားရှင်တို့၏ သစ္စာလေးပါးကို သိမြင်ရာမဟာဗောဓိပင် ဆိုသည်မှာလည်း ဘုရားရှင်တို့ သက်တော်ထင်ရှား ရှိစဉ်ကပင်စေတီ မည်ကြောင်း ဘုရားရှင် မိန့်ကြားတော် မူပါသည်။ ဗောဓိပင်ဆိုသည်မှာ ဖွားဖက်တော်လည်း ဖြစ်သကဲ့သို့
ပရိဘောဂစေတီထိုက်သည်ကို ဘုရားရှင်သက်တော်ထင်ရှားရှိစဉ် ကတည်းက အရှင်အာနန္ဒာကို မိန့်ဆိုခဲ့ပါသည်။
မြေဓာတ်တွင်ရေခန်းသည့် ကဆုန်လကဲ့သို့သော နွေကာလတွင် မဟာဗောဓိပင်များကို ကဆုန်ညောင် ရေသွန်းလောင်းခြင်းသည် မဟာဗောဓိပင်များစိမ်းလန်းစိုပြည်၍ အခက်အလက်တို့ဝေဆာစေခြင်း၊ သက်တမ်းရှည်စေခြင်းနှင့် သက်တော်ထင်ရှားရှိသော ဘုရားရှင်အားပူဇော်ရာ ရောက်ခြင်းတို့ကြောင့် တည်ငြိမ်အေးချမ်း၍ သာယာဝပြောသောနိုင်ငံအဖြစ် တည်ရှိစေရုံသာမက နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးကိုလည်း နှလုံးစိတ်ဝမ်းအေးချမ်းစေလျက်တူညီသော အကျိုးတရားများကို ဖြစ်ထွန်းစေမည်ဖြစ်သည်။ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုးစားသူတို့အတွက် ကောင်းကျိုးများ အမှန်တကယ်ပြည့်ဝစေမည်သာ ဖြစ်သည်။
ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပမည့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာသမိုင်းတွင် ထူးခြားမွန်မြတ်သည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်းကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေညီလာခံတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ကို နိုင်ငံတကာဝိသာခါအခါတော်နေ့ (International Vesak day or Visakha day) ဟု ဆုံးဖြတ်ချက်အမှတ် ၅၄/၁၁၅ ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ မဟာဗောဓိပင်တော်များ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ အခမ်းအနားကျင်းပခြင်းကို ယခင်ကနေပြည်တော်ကောင်စီနှင့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့တို့က ဦးဆောင်ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ်(၁၃)ကြိမ်မြောက်မှစတင်၍ နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ကျင်းပဆောင်ရွက်လာခဲ့သည်မှာ ၃ နှစ်မြောက်ရှိပြီဖြစ်သည်။
ကဆုန်လပြည့်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်း၌ ဗုဒ္ဓနေ့ဆိုင်ရာအခမ်းအနားဖြစ်သည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် သံဃာတော်များကိုလှူဖွယ် ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဗုဒ္ဓနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲ ကျင်းပခြင်း၊ ကဆုန်ညောင်ရေသွန်းလောင်းပွဲ အခမ်းအနား ကျင်းပခြင်း၊ ဆီမီးတိုင်များ ကိုင်ဆောင်၍ လှည့်လည်ပူဇော်ခြင်း၊ ဓမ္မသဘင်ဆင်ယင်ကျင်းပခြင်းစသည့် အခမ်းအနားများကို အပိုင်း(၅)ပိုင်းခွဲ၍ နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်။
ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာမဟာမင်္ဂလာ အခမ်းအနားများကို ၂၀၂၃ ခုနှစ် မေ ၃ ရက် ညနေပိုင်းနှင့် ညပိုင်းတို့တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်နေပုံများကို ည ၆ နာရီ ၄၅ မိနစ်မှ စတင်၍ ဆီမီးတိုင်များ လှည့်လည်ပူဇော်ပွဲနှင့် ည ၈ နာရီအချိန်တွင် ကျင်းပမည့် ဓမ္မပူဇာသဘင်ဆင်ယင်ကျင်းပပွဲတို့ကို ရုပ်မြင်သံကြားလိုင်းများက တိုက်ရိုက်ထုတ်လွှင့်ပြသပေးခဲ့သည်။ ဓမ္မသဘင်တွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသက ငါးပါးသီလချီးမြှင့်ပေးပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ရွှေကျင်သာသနာပိုင် ဖြစ်တော်မူသော အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သီတဂူဆရာ တော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရက တရားရေအေးအမြိုက် ဆေးတိုက်ကျွေးခဲ့ပါသည်။
မေလ ၂ ရက်က ရန်ကုန်မြို့ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဂိုဏ်းပေါင်းစုံသံဃာတော် ၁၁၁၁၁ ပါးဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကိုလည်း ရုပ်မြင်သံကြားလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့် ပြသပေးခဲ့သည်။ အလားတူ မေ ၃ ရက် ကဆုန်လပြည့်နေ့တွင် မန္တလေးမြို့ ကျုံးလေးပြင်လေးရပ်၌ သံဃာတော်၁၀၂၆၈ ပါးအား နန်းမြို့ရိုးတစ်ဖက်လျှင် သံဃာတော် ၂၅၆၇ ပါးစီဖြင့် ဆွမ်း၊ ဆွမ်းဟင်း၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားကို နံနက် ၆ နာရီမှစ၍ ရုပ်မြင်သံကြားလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။ ကဆုန်လပြည့်ဗုဒ္ဓနေ့ကို အထူးပြုရည်မှန်းကာ လှူဒါန်းကုသိုလ်ပြုသူများ၊ ကဆုန်ညောင်ရေသွန်းလောင်းကြသူများကား အနယ်နယ်အရပ်ရပ်တွင် ဖော်ပြလို့မကုန်နိုင်အောင်ပင် များပြားလှပေသည်။
ဗုဒ္ဓဘာသာဝင်များသည် နေ့ထူးနေ့မြတ်အခါသမယတွင် ဘုရားအမှူးပြုသည့် သံဃာတော်များအား ဆွမ်းကပ်လှူခြင်း၊ သီလခံယူဆောက်တည်ခြင်း၊ ဘာဝနာပွားများခြင်း ကုသိုလ်များ ပြုလုပ်ကြသည်။
မြတ်နိုးတန်ဖိုးထားရာ ကျောင်းကန်၊ ဇရပ်များတွင် ဆေးကြောသန့်စင်ခြင်း၊ ဇီဝိတဒါနအဖြစ် ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်း စသည့်တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ကြခြင်းမှာ မြန်မာတို့၏ ကိုယ်ချင်းစာနာစိတ်ကို အခြေခံခြင်းဖြစ်သည်။ ဘုရားစေတီများတွင် ပန်း၊ ရေချမ်းကပ်လှူခြင်း၊ ပရိတ်ရွတ်ဆိုခြင်း၊ ပဋ္ဌာန်းရွတ်ပူဇော်ခြင်းတို့မှာ ဗုဒ္ဓဘာသာဝင်တို့ ပြုမြဲကိစ္စများဖြစ်ပြီးဘုရားရှင်ကို လေးမြတ်ယုံကြည်ပူဇော်ခြင်း ဖြစ်သည်။ ကဆုန်လပြည့်ညောင်ရေသွန်းလောင်းခြင်းမှာလည်း ဘုရားရှင်အား ပူဇော်ခြင်းပင် ဖြစ်သည်။
ကဆုန်လပြည့်ဗုဒ္ဓနေ့ အခမ်းအနားမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏နိုင်ငံတော်အဆင့် အခမ်းအနား ဖြစ်သည့်အတွက် နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ စနစ်တကျနှင့် စည်ကားများပြားစွာ ကုသိုလ်ကောင်းမှုပြုလျက် ရှိကြသည်မှာ ဝမ်းမြောက်နုမော်သာဓုခေါ်ဖွယ်ဖြစ်ပေသည်။ အခမ်းအနားတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ကြသူများနည်းတူ ရုပ်မြင်သံကြားမှတစ်ဆင့် ကြည့်ရသူအပေါင်းမှာလည်း စေတနာသဒ္ဓါထက်သန်စွာဖြင့် ကြည်နူးပီတိဖြစ်ကြရသည်။ စေတနာသုံးတန်ပြတ်သားစွာ လှူဒါန်းမှုအစုစုအတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးက ပြည်သူများကလည်း သာဓုခေါ်ဆိုကြပါသည်။ မိမိလှူခွင့်မကြုံသော်လည်း လှူခွင့်ကြုံသူများ၏ လှူဒါန်းမှုကိုကြည့်ကာ ရတနာသုံးပါးကို ပိုမိုကြည်ညို လေးစားမိကြသည်။ မြန်မာနိုင်ငံတည်ရှိရာအရပ်ဒေသမှာ သင့်တင့်လျောက်ပတ် ကောင်းမွန်မြင့်မြတ်ဒေသ ဖြစ်သည့်အပြင် နတ်မြတ် နတ်ကောင်းနှင့် ဝိဇ္ဇာဇော်ဂျီတပသီအစရှိသော သူတော်ကောင်းတို့စဉ်ဆက်မပြတ် စောင့်ရှောက်လျက်ရှိသည့် မြေမြတ်မဟာလည်း ဖြစ်သည်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူတို့ စည်းလုံးညီညွတ်စွာ ကောင်းမှုများ ပြုနေသမျှကာလပတ်လုံး အဖျက်ရန်၊ အဖျက်ဘေးဆိုသည်မှာ နေလာနှင်းပျောက်သကဲ့သို့ ပျောက်သွားပေလိမ့်မည်။ တိုင်းပြည်သာယာဝပြောခြင်း၊ စားရေရိက္ခာဖူလုံခြင်း၊ ထာဝရငြိမ်းချမ်းခြင်း၊ ပြည်သူတို့၏ လူမှုစီးပွားဘဝမြင့်မားခြင်းတို့ ဖြစ်ပေါ်လာတော့မည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း ကဆုန်လပြည့်ဗုဒ္ဓနေ့ ချမ်းမြေ့သာယာပြည်မြန်မာအဖြစ် ညွှန်းဆို ရေးသား လိုက်ရပေသည်။ ။
ဘုန်းမောင်ဝင်း(ဖျာပုံ)