ကျိုင်းတောင်းမြို့၊ ရွှေညောင်နှစ်ပင်ကျောင်း တိုက်၌ ကမ္မဋ္ဌာန်းကျောင်းဆောင်သစ် ဖွင့်လှစ်ခြင်း အလှူတော်မင်္ဂလာ ကျင်းပပြုလုပ်
နေပြည်တော်၊ မေ - ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့၊ ရွှေညောင်နှစ်ပင်ကျောင်း တိုက်၌ ကမ္မဋ္ဌာန်း ကျောင်းဆောင်သစ် ဖွင့်လှစ်ခြင်း အလှူတော်မင်္ဂလာကို မေ ၃ ရက် တွင် အဆိုပါကျောင်းတိုက်၌ ပြုလုပ်ရာ ရွှေညောင်နှစ်ပင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမာလ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။
ဦးစွာ ရွှေညောင်နှစ်ပင်ကျောင်းတိုက်ဆရာတော်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကမ္မဋ္ဌာန်း ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက်တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရွှေညောင်နှစ်ပင်ကျောင်းတိုက်ဆရာတော် ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူ သည့် ပရိတ်တရားတော်များကို နာယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ၊ အလှူငွေများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။