ရေကြည်ကိုရှာ နွေအခါ သတိထားစရာများ

ရေကြည်ကိုရှာ နွေအခါ သတိထားစရာများ

(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုဆောင်းပါး ကျွန်တော်တို့ သက်ရှိလောကကြီးတွင် ရေ သည် မရှိမဖြစ်ပင် အရေးကြီးပါကြောင်း စာဖွဲ့ရန်ပင်လိုမည်မထင် အားလုံးအသိပင်ဖြစ်၏။ အနှီရေတစ်ပေါက်အတွက် အသက်ပေါင်းများစွာ သေကျေပျက်စီးခဲ့ကြသလို အသက်ပေါင်းမြောက်မြားစွာကို ရှင်သန်ခဲ့ကြရသည့် သာဓကများလည်း အများအပြားပင်ရှိနေတော့သည်။ ထို့အတွက်ကြောင့် လူတိုင်း ရေကိုလုံလုံလောက်လောက်ရရှိလိုကြသည်။ ဤတွင် ရေကြည်ရာ မြက်နုရာ ဆိုရိုးအတိုင်း   ရေအရင်းအမြစ်ရှိရာ မြစ်ချောင်းများကိုတည်မှီလျက် မြို့ပြများ တည်ဆောက်နေထိုင်ခဲ့ကြသည် မဟုတ်ပါလော။

ကျွန်ုပ်တို့  မွေးဖွားရှင်သန်နေထိုင်လျက်ရှိသော နိုင်ငံသည် နွေရာသီရောက်လေတိုင်း  ရာသီဥတု၏ အပူဒဏ်ကြောင့် မြို့နယ်များရှိ ရပ်ကွက်များသာမက မြို့ပြနှင့်ဝေးသော အရပ်ဒေသအများစုတွင် သောက်သုံးရေရှားပါးမှုပြဿနာကို    နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရသည်မှာ အားလုံးအသိပင်ဖြစ်ပေမည်။ မည်မျှပင် မြစ်နားချောင်းနားတွင်   မြို့ရွာတည်စေဦးတော့ နွေရာသီ၏ရေခန်းချိန်တွင် ကမ်းနီးရေဝေး ဆိုသည့်စကားအတိုင်း   သောက်သုံးရေရှားပါးသည်မှာ တစ်နှစ်ထက်တစ်နှစ်   ပြဿနာပိုမိုကြီးထွားလာသကဲ့သို့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၏ အကျိုးဆက်အဖြစ်   အပူချိန်ပိုမိုမြင့်တက်လာခြင်းကြောင့်လည်း ရေရှားပါးမှုဒဏ်ကို ထိခိုက်ခံစားရသော ကျေးရွာ/ရပ်ကွက်အရေအတွက်လည်း တိုးပွားလာခဲ့သည်။ အထူးသဖြင့် ကျေးလက်နေပြည်သူလူထုအတွင်း စက်ရေတွင်းများကို တူးဖော်ဆောင်ရွက်ပေးနေသည့်ကြားမှ ကျေးလက်နေ ပြည်သူများအနေဖြင့် ရှေးရိုးအစဉ်အလာမပျက်   လက်ရေတွင်းများဖြင့် ရပ်ရွာ၏ရေလိုအပ်ချက်ကို ဖြည့်တင်း အသုံးပြုနေကြခြင်း၊ ရေတွင်းရေကန်ဆိုလျှင် မြန်မာ့ဓလေ့အရ ဖျက်ဆီးမှုများမပြုလုပ်ကြသဖြင့် ရေတွင်းဟောင်းများမှာ  ယနေ့ထက်တိုင်ရှိနေကြခြင်းဖြစ်ပေသည်။ အချို့သောရပ်ရွာများ၌  ရေအောင်သော၊ ရေထွက် အားကောင်းသော   ရေတွင်းတစ်တွင်းတည်းကို အားကိုးအားထားပြု၍ မိသားစုအများက အလှည့်ကျ စနစ်ဖြင့်ရေခပ်လျက် ဝါးမောင်းတံ၊ ရေငင်ကြိုးများဖြင့် ရေပုံးတပ်ဆင်ခပ်ယူအသုံးပြုနေကြဆဲဖြစ်သည်။

ကျွန်တော်တို့နိုင်ငံတွင် နှစ်စဉ် တပေါင်း၊ တန်ခူး၊ ကဆုန်လ (မတ်၊ ဧပြီ၊ မေလ)တို့ ရောက်လေတိုင်း ကျေးရွာ^ရပ်ကွက်များအတွင်း စုပေါင်းအသုံးပြုသော လက်ရေတွင်းများမှာ ရေထွက်အားနှင့်ရေခပ်အား မမျှမတဖြစ်ကြရသည်။  ထို့ကြောင့်ပင် တပေါင်း၊ တန်ခူးလသည် တစ်နှစ်တာကာလ၏ ရေအဆုတ်ဆုံးအချိန် (ရေခန်းချိန်)ရောက်ပြီဖြစ်၍ အဆိုပါအတောင် ၂၀၊ ၃၀ အနက်ရှိ ရေတွင်းအား လူငယ်လူရွယ်အများစုက ရေပိုမိုထွက်ရှိစေရန်အတွက် ရေတွင်းဆယ်ခြင်းနှင့်အမှိုက်သရိုက်၊ ရေညှိ/ရေမှော်၊ သစ်ရွက်ဆွေးများ သန့်ရှင်းစေရေး  (တွင်းကြေးဆယ်ခြင်း)လုပ်ငန်းအား စုပေါင်းဆောင်ရွက်ကြသည်မှာ မြန်မာ့ကျေးလက်များ၏ ထုံးတမ်းသဖွယ် ကာလအတန်ကြာကပင်ဖြစ်တည်လာခဲ့ရသည်ဖြစ်ပေရာ လူမှုအဖွဲ့အစည်းအတွင်း ယဉ်ကျေးမှုဓလေ့စရိုက် တစ်ခုအဖြစ် ဖြစ်တည်လာခဲ့ရသည်။

သို့ကြောင့်ပင် ကျေးလက်ဒေသ၌ ယောက်ဖတို့ရေရွာလယ်က ရေတွင်းကြီးဖော်လိုက်ရအောင်...

ဟေ့၊ ပြီးရင်တော့ ကြက်ဘူး(ကြက်သားနှင့်ဘူးသီး) ကာလသားချက်လေးနဲ့    ပင်ကျရည်ချိုလေးတွဲပြီး အောင်ပွဲခံကြစို့ ဆိုတဲ့ ဆော်သြသည့်စကားသံနှင့်အတူ ကျေးရွာအုပ်စု/ရပ်ကွက်အတွင်းရှိ ရေတွင်းဟောင်းကြီး များအား လူကြီး၊ လူငယ်များစုပေါင်းဆယ်ယူကြသည့် ချစ်စဖွယ် ဓလေ့ထုံးစံများ၏နောက်ကွယ်မှာတော့ ကြေကွဲဖွယ်ရာ ဇာတ်လမ်းအများအပြား ဖြစ်ပေါ်ခဲ့သည်ကို သတိချပ်မိနိုင်စေရန်အလို့ငှာ ဤဆောင်းပါးကို ရေးသားရခြင်းလည်းဖြစ်သည်။

အကယ်စင်စစ် မြန်မာနိုင်ငံတွင် နေပူချိန်မြင့်တက်ခြင်းနှင့် ရေခန်းခြောက်မှုတို့ကြောင့် ရေတွင်းဆယ်ရာမှ နောက်ဆက်တွဲပြဿနာအဖြစ် ကျေးရွာ၊ ရပ်ကွက်နေပြည်သူအချို့ နှစ်စဉ်တန်ဖိုးရှိလှသော အသက်များစွာ ဆုံးရှုံးနေရ၏။ မိုးခေါင်ရေရှား  အညာဒေသများ၌ ရွှေကိုမလို ရေကိုလိုသည် ဆိုသည့်စကားသည် အသက်ရှင်ရေးအတွက် ရေသည် မည်မျှလိုအပ်ကြောင်း  ရှင်းပြစရာပင်မလိုအောင် ပြည့်စုံထိမိပြီး ရင်တွင်းမှလာသော စကားရပ်လေးပင်ဖြစ်မည်။

သို့ဖြစ်ရာ ရေရရှိရေးအတွက် ရေတွင်းဆယ်ခြင်းမှာ မဆန်းပါလေ။ သို့သော် ထိုသို့ရေတွင်းဆယ်ခြင်းကြောင့်  အသက်ဆုံးရှုံးရသည့်ဖြစ်စဉ်များကတော့ တစ်နိုင်ငံလုံးရှိ အများပြည်သူအကြားတွင် အမှုမဲ့အမှတ်မဲ့ပင်ဖြစ်၏။ သတိထားမိမှသာ သိရှိနိုင်၏။ နိုင်ငံတစ်ဝန်း၌ နွေရာသီသောက်သုံးရေရှားပါးချိန်ရောက်ပြီဆိုလျှင် မီးသတ်တပ်ဖွဲ့ဝင်များမှရေတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို    နှစ်စဉ်ဆောင်ရွက်ခဲ့ရသည်။ မီးသတ်ဦးစီးဌာန၏ ရှာဖွေကယ်ဆယ်ရေးမှတ်တမ်းများအရ ၂၀၁၇ ခုနှစ်တွင် ၁၅ ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ၁၇ ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် အကြိမ်၂၀ နှင့် ၂၀၂၀ ပြည့်နှစ်တွင် ၄၂ ကြိမ်၊ ၂၀၂၁ ခုနှစ်တွင် ၂၃ ကြိမ်နှင့်၂၀၂၂ ခုနှစ်တွင် ၂၂ ကြိမ်ဖြစ်ပွားခဲ့ရာ နှစ်စဉ်ပျမ်းမျှအကြိမ် ၂၀ ကျော်ရှိသည်။

၂၀၂၀ ပြည့်နှစ် မေလ ၉ ရက်နေ့တွင်လည်း ရှမ်းပြည်နယ် လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာတွင် အကျယ် ၄ ပေ၊ အနက်ပေ ၅၀ ခန့်ရှိသော ရေတွင်းဟောင်းတစ်ခုအား ပြန်လည်တူးဖော်ရာမှ ရေတွင်းထဲ၌ လူငါးဦး အောက်ဆီဂျင်ပြတ်တောက်၍ အသက်ရှူမဝဖြစ်ပြီး သတိလစ်နေခြင်းအပေါ် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကယ်ဆယ်ခဲ့သော်လည်း နှစ်ဦးကိုသာ  ကယ်ဆယ်နိုင်ခဲ့ပြီး သုံးဦးသေဆုံးခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ရသည်မှာ ရင်နင့်ဖွယ်ပင်ဖြစ်ပေတော့သည်။ ဒါ့အပြင် မကြာသေးမီက ၂၀၂၃ ခုနှစ် ဧပြီ ၁၉ ရက် နံနက် ဝရး၃၀ အချိန်ခန့်က မွန်ပြည်နယ် သထုံမြို့နယ် သိမ်ဆိပ်ရပ်ကွက် ငါးကြင်းအင်းအပိုင်းရှိ ရေတွင်းထဲသို့ ကျားတစ်ဦးပြုတ်ကျသည့်ဖြစ်စဉ်တွင် ကျိုက်ကော်နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များက အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်။

ရေတွင်းဆယ်ခြင်းကြောင့် အဖိုးတန်လူ့အသက်ပေါင်းများစွာ သေဆုံးရသည့် ဖြစ်စဉ်များကို လေ့လာကြည့်မည် ဆိုပါက တိုင်းဒေသကြီး/ပြည်နယ်များတွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အကြိမ် ၁၃၉ ကြိမ်တွင် ကယ်ဆယ်ရသည့် ဦးရေ ၁၅၀ ဦးတွင် ၄၉ ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ၁၀၁ ဦး သေဆုံးခဲ့သဖြင့် နှစ်စဉ်ပျမ်းမျှ ၁၇ ဦးခန့်သေဆုံးခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ နှစ်အလိုက် စိစစ်မည်ဆိုပါက ၂၀၁၇ ခုနှစ်တွင် ၁၈ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၁၀ ဦး၊ ၂၀၁၉ ခုနှစ်တွင် ၂၀ ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် ၂၈ ဦး၊ ၂၀၂၁ ခုနှစ်တွင် ၁၄ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၁၁ ဦး သေဆုံးခဲ့သည်။ ထိုသို့သေဆုံးရခြင်းမှာ   ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်ဆိုသည့် စကားထက် အဆပေါင်းများစွာ  ပို၍မြန်သည်က လေအသက် မိနစ်ဝက် ဖြစ်သောကြောင့်ဖြစ်သည်။

အချိန်မီကယ်ဆယ်ရန်   မိနစ်ပိုင်းသာအချိန်ရပြီး လမ်းခရီးအကွာအဝေးများကြောင့် အသက်ရှင်လျက် ကယ်ဆယ်နိုင်ရန် ခက်ခဲလှပေသည်။ လူတိုင်း ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို    သိရှိထားရန်သို့မဟုတ် အရေးပေါ်ကယ်ဆယ်ရေး နည်းလမ်းများကို တတ်မြောက်ထားရန် လိုအပ်ပေမည်။ 

တစ်နှစ်ထက်တစ်နှစ် ရေတွင်းဆယ်ခြင်းကြောင့် အသက်ဆုံးရှုံးမှုများ ပိုမိုများပြားလာသည့်အတွက် ရေတွင်း၊ ရေကန်များဆယ်ယူတူးဖော်ခြင်း၊ ရေဟောင်းလဲလှယ်ရာတွင် ရေတွင်းထဲ၌ ရေစုပ်စက်နှိုးခြင်းနှင့် အကြောင်းတစ်ခုခုကြောင့် ရေတွင်းထဲဆင်းသက်ခြင်းစသည့် ကိစ္စရပ်များကို အတွေ့အကြုံမရှိဘဲ မိမိသဘောဖြင့် မပြုလုပ်ကြရန်၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့အပါအဝင်  ကျွမ်းကျင်သူများ၏ အကူအညီကို  ရယူဆောင်ရွက်ကြရန်နှင့်  အဆိုပါကိစ္စရပ်များအပေါ် ပေါ့ပေါ့ဆဆ သဘောမထားဘဲ သတိထားဆောင်ရွက်ကြရန်အတွက် သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူးများမှတစ်ဆင့် ပြည်သူလူထုသို့ အသိပေးဆောင်ရွက်သွားကြရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်အနေဖြင့် သတိပေးနှိုးဆော်ထားပြီးလည်း ဖြစ်သည်။ ဒါ့အပြင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းများကို ၂၀၂၂ ခုနှစ်သြဂုတ်လမှစ၍ ယနေ့အထိ ၃၁ ကြိမ် ဖွင့်လှစ် ပို့ချနိုင်ခဲ့ပြီး အဆိုပါသင်တန်းများသို့ စေတနာ့ဝန်ထမ်း အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းများ၊ လူမှုပရဟိတ အသင်းအဖွဲ့များနှင့် မီးသတ်လုပ်ငန်းကို စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များ ၁၇၅၀ ဦး ပါဝင်တက်ရောက်ခဲ့သဖြင့် ရေတွင်းအသက်ကယ်နည်း စနစ်များအပြင် ရှာဖွေကယ်ဆယ်ရေး အတတ်ပညာရပ်များ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရေး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရည်ရွယ်လုပ်ဆောင်နိုင်ခဲ့သည်။

လူတိုင်းသည် မွေးဖွားသည့်အချိန်မှ ဘဝနိဂုံးချုပ်ချိန်အထိ ရေကိုလိုအပ်သည်မှာ မှန်ပါ၏။  သို့သော်လည်း အဆိုပါ ရေ ရလိုမှုလောဘကြောင့် မိမိတို့တူးဖော်နေသည့် ရေတွင်းထဲမှ အန္တရာယ်ကို အထူးသတိထားရန်မှာ ပို၍လိုအပ်ပါသည်။  သို့ဖြစ်ရာ အများပြည်သူအတွက်   သတိချပ်မိစေရန်အတွက် အဓိကအချက်များအား  ထုတ်နုတ်တင်ပြလို၏။

ကျေးလက်ဒေသ လက်ရေတွင်း အမျိုးအစားများစွာ ရှိသည့်အနက်မှ အချို့ရေတွင်းများမှာ မြေသားတွင်းများဖြစ်ပေရာ တွင်းမကြီး၏အောက်ခြေနံရံများမှာ ကာလကြာရှည်စွာ ရေတိုက်စားမှုကြောင့် ကလိုင်တွင်းကြီးများဖြစ်ပေါ်၍   ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ ခိုအောင်းနေပါသည်။  ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့သည် ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ  ခြောက်သွေ့သော လေထုတွင် ရောနှောပါဝင်သည့်   ဓာတ်ငွေ့ပေါင်း ၁၆ မျိုးထဲမှ ဓာတ်ငွေ့တစ်ခုဖြစ်သည်။ ခြောက်သွေ့သောလေထုထဲတွင် ဓာတ်ငွေ့တစ်မျိုးချင်းစီ၏ ပါဝင်သောရာခိုင်နှုန်းပမာဏအပေါ်မူတည်၍  ဓာတ်ငွေ့ရှစ်မျိုးအမည်များကိုတော့ လူသိများကြ၏။ အဓိကရေတွင်းနှင့် စပ်လျဉ်း၍  ဖော်ပြလိုသည်မှာ ခြောက်သွေ့သောလေထုထဲတွင် နိုက်ထရိုဂျင် ဓာတ်ငွေ့သည် ၇၈ ဒသမ ၀၈၄ ရာခိုင်နှုန်း၊ အောက်ဆီဂျင်ဓာတ်ငွေ့သည် ၂၀ ဒသမ ၉၄၇ ရာခိုင်နှုန်းတို့ဖြင့် အများစုပါဝင်ပြီး အာဂွန်ဓာတ်ငွေ့သည် သုည ဒသမ ၉၃၄ ရာခိုင်နှုန်း ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့သည် သုည ဒသမ ၀၃၅၀ ရာခိုင်နှုန်းဖြင့် ရာခိုင်နှုန်းနည်းပါးစွာ ပါဝင်သော်လည်း တစ်နှစ်ပတ်လုံး  သုံးစွဲနေသည့်လေစီးဝင်မှုနည်းပါးသည့်  (လေဝင်လေထွက်အားနည်းသည့်) ရေတွင်းများထဲတွင် အောက်ဆီဂျင်ဓာတ်ငွေ့အစား  ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များက  အများအပြားခိုအောင်း ပါဝင်တတ်သည်။  အကြောင်းမှာ  ကာဗွန်ဒိုင်အောက်ဆိုက်   ဓာတ်ငွေ့သည် လေထက် တစ်ဆခွဲမျှ   ပို၍လေးလံခြင်း၊ အေးမြခြင်းသဘောရှိသောဓာတ်ငွေ့ဖြစ်သည့် အားလျော်စွာ အနိမ့်ပိုင်းဖြစ်သောရေတွင်းများ၏အောက်ခြေ၌ ရှိနေခြင်းဖြစ်သည်ကို သတိပြုမိစေရန်လိုအပ်သည်။

ထိုသို့ ရေတွင်းအောက်ခြေတွင် ခိုအောင်းနေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို သတိမထားမိဘဲ   ရေတွင်းဟောင်းများ၏ အောက်ခြေရှိ ညွန်နှင့်အမှိုက်များဆယ်ယူခြင်း၊ အလားတူ ရေစုပ်ရန်ရေတွင်းထဲတွင် ရေစုပ်စက်များချလျက် စက်မနှိုးမီ အသက်ရှူရန်ပြဿနာမရှိသော်လည်း   စက်နှိုးလိုက်သည့်အခါတွင် ထွက်ပေါ်လာမည့်  ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့(မီးခိုး)များ၊ စက်သုံးဆီဖြင့် စက်နှိုးရခြင်းကြောင့် ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက် ဓာတ်ငွေ့များနှင့် မီးခိုးအဆိပ်ငွေ့များရှူမိခြင်းကြောင့် စက်နှိုးသူအတွက် အသက်အန္တရာယ်ဖြစ်နိုင်ခြင်း၊ ရေတွင်းထဲသို့ တိရစ္ဆာန်များ ပြုတ်ကျသေဆုံး၍ ပုပ်ပွမှုကြောင့် အနံ့ဆိုးသည့်  ဟိုက်ဒရိုဂျင်ဆာဖိုက်အဆိပ်ငွေ့များ ရှိနေသည်ကို ဂရုမစိုက်ဘဲဆင်းရာမှ ရှူမိခြင်း၊ အဆိပ်ရှိသော သတ္တဝါများဖြစ်သည့် မြွေများ၊ ကင်းများ၊ တွင်းအောင်းသတ္တဝါများလည်း ခိုအောင်းနေနိုင်ခြင်းများ   စသည်တို့က   

ယောက်ဖရေ နေတောင်အတော်စောင်းပြီ ချောင်းထဲမှာ ရေချိုးပြီးတို့ပြန်မည်ဟု သီချင်းတကြော်ကြော်နှင့် ရွာကျိုးရပ်ကျိုးကို ပျော်ပျော်ပါးပါး ဆောင်ရွက်တတ်ကြသည့် ကာလသားခေါင်းတို့၏   အသက်များစွာ ဆုံးရှုံးခဲ့ရသောတစ်ပူပေါ်နှစ်ပူ၊ သုံးပူဆင့်ခဲ့သည့်ဖြစ်စဉ်များကြောင့် အသက်များစွာအတွက် သတိပေးရခြင်းဖြစ်သည်။

ဤသို့ဆိုလျှင် ရေတွင်းဆယ်ခြင်းကြောင့် မတော်တဆမှုများအတွက် အရေးပေါ်အခြေအနေများကြောင့် ကူညီကယ်ဆယ်ရန်အခက်အခဲရှိပါက နီးစပ်ရာမီးသတ်စခန်း၏တယ်လီဖုန်း နံပါတ်များနှင့် မီးသတ်တပ်ဖွဲ့၏ အရေးပေါ်ဖုန်းနံပါတ် ၁၉၁  Hot Line Phone(191)သို့ အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်သင့်သည်။ မီးသတ်တပ်ဖွဲ့ကို ဖုန်းဆက်ခြင်းအပြင် လျင်မြန်စွာ ဆက်သွယ်နိုင်သည့်  အခြားနည်းလမ်းတစ်ခုမှာ 191 Report Application အသုံးပြုခြင်းဖြစ်သည်။ ၎င်း Application သည် မြန်မာနိုင်ငံအတွင်း အင်တာနက်ကွန်ရက်ရရှိသည့် မည်သည့်နေရာတွင်မဆို အရေးပေါ်အခြေအနေကို ကိုက် ၂၀ အကွာအဝေးအတွင်းမှဓာတ်ပုံမှတ်တမ်းရိုက်၍ ပေးပို့လိုက်ခြင်းဖြင့် မီးသတ်တပ်ဖွဲ့မှ    အချိန်မီကူညီကယ်ဆယ်နိုင်ပေမည်။

အရေးပေါ်  ကူညီကယ်ဆယ်ရေးများ မရောက်ရှိမီ ရှေးဦးကယ်ဆယ်ရေးအတွက် နည်းလမ်းများအား အကျဉ်းနည်းဖြင့် ဖော်ပြရသော် အများပြည်သူအနေဖြင့် ရေတွင်းထဲတွင် ရှိနေသော ကာဗွန်ဒိုင် အောက်ဆိုက်အား ထီး၊ သစ်ခက်များကိုအသုံးပြု၍ ရှင်းလင်းဖယ်ထုတ်ခြင်း၊ အောက်ဆီဂျင် ရရှိစေရန်အတွက် ရေမှုန်၊ ရေမွှားများအား ရေတွင်းထဲရှိ လူပေါ်သို့ ဖြည်းညင်းစွာဖျန်းချပေးခြင်း၊ အလင်းရောင်ကောင်းစွာမရရှိပါက   စက္ကူ၊  အဝတ်စ၊ ဖယောင်းတိုင်များအား  မီးရှို့၍ပစ်ချခြင်းများအား ရှောင်ကြဉ်ရမည်။  လုံးဝ(လုံးဝ) မပြုလုပ်ရပါ။   ပြုလုပ်ခဲ့ပါက   ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့များ ထွက်ပေါ်လာပြီး ရေတွင်းထဲရှိလူအား အန္တရာယ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ရေတွင်းဆယ်ခြင်းများ မပြုလုပ်မီ ရေတွင်းထဲတွင် အသက်ရှူရန်လုံလောက်သော အောက်ဆီဂျင်ဓာတ်ငွေ့ ရှိ၊ မရှိကို  ဦးစွာဆန်းစစ်ခြင်း၊ ရေတွင်းထဲသို့ ဆင်းသက်သူအား ကူညီနိုင်ရန် လုံလောက်သောလူအင်အား၊  ကြိုးများ၊ စက်သီးများ၊ လှေကားများ၊ အသက်ရှူရာတွင် အထောက်အကူပြုနိုင်သည့် (၃/၄)လက်မ(သုံးမတ်လုံး) ပလတ်စတစ်ရေပိုက်ရှည်များ၊ ရေပန်းခရားပုံးများ၊ လက်နှိပ်ဓာတ်မီးများ၊ ထီးများ (မရှိပါက သစ်ရွက်များများ ပါရှိသော သစ်ခက်များ)အသင့်ပြင်ဆင်ထားရှိရန် လိုအပ်ပေမည်။

နိဂုံးချုပ်အားဖြင့်တင်ပြရသော် ကမ္ဘာ့လူဦးရေ သန်း ၁၀၀၀ ခန့်သည် မသန့်ရှင်းသောရေကို သောက်သုံးနေကြရဆဲဟု မှတ်သားမိပါသည်။

ယခုလို ပူပြင်းခြောက်သွေ့သော နွေရာသီတွင် မြေအောက်ရေလျော့ကျကာ ရေခန်းခြောက်သည့်ကာလ၌ မိမိတို့ရပ်ကွက်၊ လမ်း၊ နေအိမ်များအနီးရှိ ရေတွင်း၊ ရေကန်များဆယ်ယူခြင်းလုပ်ငန်းများအား ဆောင်ရွက်ရာတွင် ရေတွင်းဆယ်ခြင်းနှင့်စပ်လျဉ်းသည့်  အတွေ့အကြုံ ဗဟုသုတမရှိသည့် ကလေးသူငယ်၊ လူငယ်လူရွယ်များအား ပြောဆိုဆုံးမ အသိပညာပေးခြင်းဖြင့် နိုင်ငံတစ်ဝန်း မတော်တဆဖြစ်ပွားတတ်သော  ရေတွင်းဆယ်ခြင်း လုပ်ငန်းများကြောင့် နိုင်ငံသားများ၏ အသက်အန္တရာယ်ထိခိုက်ပျက်စီးခြင်းများမှ ဝိုင်းဝန်းကာကွယ် ပေးနိုင်စွမ်းကြခြင်းငှာ ဤဆောင်းပါးဖြင့် တိုက်တွန်းရေးသားရင်း ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။  ။