အခြေခံပညာ Grade-9 နှင့် Grade-12 သင်ရိုးသစ် ဗဟိုအဆင့် သင်တန်းဖွင့်ပွဲ ကျင်းပ

အခြေခံပညာ Grade-9 နှင့်  Grade-12 သင်ရိုးသစ် ဗဟိုအဆင့် သင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော် မေ ၄

    ပညာရေးဝန်ကြီးဌာန   အခြေခံပညာ Grade-9 နှင့် Grade-12 သင်ရိုးသစ် ဗဟိုအဆင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် Naypyitaw State Academy ရှိ စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီကြီးကြပ်မှုဖြင့် Grade-9  နှင့် Grade-12 သင်ရိုးသစ်များကို ကိုယ်တိုင်ရေးသား ပြုစုခဲ့ကြသော သင်ရိုးညွှန်းတမ်းရေးဆွဲရေး အဖွဲ့နှင့်  ဘာသာရပ်ဆိုင်ရာ  သင်ရိုးညွှန်းတမ်း ကော်မတီမှ သင်တန်းဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနသည် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်က စတင်ကာ    KG + 12 သင်ရိုးသစ်ကို  အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး  ယခုပညာသင်နှစ်သည် Grade-9    နှင့် Grade-12 အတန်းများကို သင်ရိုးသစ်ဖြင့် သင်ကြားပို့ချမည်ဖြစ်သဖြင့် အတန်းစဉ် အားလုံးသင်ရိုးသစ်ဖြင့် ပြည့်ဝစွာ အကောင်အထည်ဖော် ပြီးမြောက်ပြီဖြစ်ကြောင်း၊ သင်ရိုးသစ်များသည် ကျောင်းသား၊ ကျောင်းသူများကို ၂၁ ရာစု ကျွမ်းကျင်မှုများ ရရှိအောင် လေ့ကျင့်သင်ကြားပေးနိုင်ရန်နှင့်  နိုင်ငံတကာ အဆင့်မီစေရန် ရည်ရွယ်ကာရေးဆွဲပြုစုထားကြောင်း၊  Grade-9    နှင့် Grade-12 သင်ရိုးသစ်ကို ကိုယ်တိုင်ရေးသားခဲ့ကြသော တက္ကသိုလ်ပါမောက္ခများ၏ တိုက်ရိုက်သင်ကြား ပြသမှုရရှိစေရန် ရည်ရွယ်၍ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများကို ဗဟိုအဆင့်နည်းပြ သင်တန်းဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊  ယခုသင်တန်းပြီးပါက သက်ဆိုင်ရာ တက္ကသိုလ်အလိုက် သတ်မှတ်ဧရိယာများရှိ အခြေခံပညာကျောင်းများမှ အခြေခံပညာဆရာ၊ ဆရာမများကို တက္ကသိုလ် ဆရာကြီး၊ ဆရာမကြီးများက တိုက်ရိုက်ဆင့်ပွားသင်တန်းများ   ပြန်လည်ပို့ချ သင်ကြားပေးကြရမည်ဖြစ်ကြောင်း။

ဗဟိုအဆင့်သင်တန်းမှ ဆင့်ပွားသင်တန်း၊ ထပ်ဆင့် ဆင့်ပွားသင်တန်းများမှ တစ်ဆင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများကို   အရည်အသွေး ပြည့်ဝသော၊ ဗလငါးတန်နှင့်ပြည့်စုံသော  လူတော်လူကောင်းများ၊ နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်   လေ့ကျင့်သင်ကြား ပေးကြမည့်  အခြေခံပညာ   ဆရာ၊ ဆရာမများ၏ သင်ကြားမှုစွမ်းရည်များ တိုးတက်ကောင်းမွန်စေရေး  ဆရာကြီး၊   ဆရာမကြီးတို့က  တစ်တပ်တစ်အား  ကြိုးပမ်း ဆောင်ရွက်ပေးကြရန်   တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က  ဝမ်းမြောက်စကား ပြောကြား ပြီး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆင့်ပွားသင်တန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယနေ့ဖွင့်လှစ်သည့်   ဗဟိုအဆင့်နည်းပြ သင်တန်းသို့ တက္ကသိုလ်များမှ သင်တန်းသား ပါမောက္ခနှင့် တွဲဖက်ပါမောက္ခ ၁၂၇၉ ဦးနှင့် သင်တန်းသား အခြေခံပညာ ဆရာ၊ ဆရာမ ၂၀၀ ဦး တက်ရောက်ကြပြီး Grade-12  သင်ရိုးသစ် ဗဟိုအဆင့် နည်းပြသင်တန်းကို Naypyitaw State Academy တွင် လည်းကောင်း၊ Grade -9 သင်ရိုးသစ် ဗဟိုအဆင့် နည်းပြသင်တန်းကို   နေပြည်တော်ရှိ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း တွင်လည်းကောင်း မေ ၄ ရက်မှ ၁၀ ရက်ထိ ခုနစ်ရက်ကြာ    ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။