နွေပူပူမှာ နေလောင်ဒဏ်ကာကွယ်စရာ

နွေပူပူမှာ နေလောင်ဒဏ်ကာကွယ်စရာ

ပူပြင်းလှသောနေ့အပူချိန်နှင့်အတူ    ခရမ်းလွန်ရောင်ခြည်လွန်ကဲစွာပါလာလေ့ရှိသည်။   ယင်းရောင်ခြည်က အရေပြား၏အနက်ရှိုင်းဆုံးအထိ ထိုးဖောက်ဝင်ရောက်ပြီး  အရေပြားဆဲလ်များကို  ထိခိုက်စေသည်။ ထို့ကြောင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း အပြင်ထွက်သည့်အခါ ထီး၊ ဦးထုပ်ဆောင်းခြင်း၊ နေကာမျက်မှန်တပ်ခြင်း၊ ပွရောင်းရောင်းချည်ထည်ဝတ်ဆင်ခြင်း၊ အရောင်ဖျော့ဖျော့ အင်္ကျီလက်ရှည်ဝတ်ဆင်ခြင်းတို့ဖြင့် ခရမ်းလွန်ရောင်ခြည်ဘေးကြောင့် အရေပြားလောင်ခြင်းနှင့် အရေပြားကင်ဆာဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ထားသင့်ပေသည်။ ထို့ပြင် တစ်နေ့တခြား သိသိသာသာပူနွေးလာသည့် ကမ္ဘာကြီးအတွက် ဥတုရာသီတိုင်းမှာ သင့်အသားအရေကို နေလောင်ကာခရင်မ်လိမ်း၍ စောင့်ရှောက်ရန်လိုသည်။

UV Rays အကြောင်းသိကောင်းစရာ

ခရမ်းလွန်ရောင်ခြည်ဟုခေါ်သော Ultraviolet (UV)  မှာ UVA နှင့် UVB ဟူ၍ နှစ်မျိုးရှိသည်။

UVA က အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေသည့်အပြင် အရေပြားအောက်ခြေရှိ  Collagen (ကော်လာဂျင်ဓာတ်)ကို ပျက်စီးစေကာ အရေပြားအဖက်လန်ခြင်း၊ ခြောက်သွေ့ခြင်းနှင့် အရွယ်မတိုင်မီ အရေပြား အိုမင်းခြင်း ဖြစ်စဉ်များအဖြစ် တွန့်ခြင်း၊ တွဲကျခြင်း၊ အရေးအကြောင်းထင်ခြင်း၊ အမည်းစက် အမည်းကွက်ပေါ်ခြင်းတို့ ဖြစ်စေနိုင်သည်။

UVB က နေလောင်ခြင်းကိုဖြစ်စေနိုင်၍ ပျမ်းမျှ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူဒဏ်ရှောင်ခြင်းက အကောင်းဆုံးဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်ဒဏ် သက်သာစေရန်အတွက် နေပူထဲထွက်သောအခါ ချည်သားအဝတ်အထည် ချောင်ချောင်ပွပွကိုသာ ဝတ်ဆင်ခြင်း၊ အရောင်ဖျော့ဖျော့ ရွေးချယ်ဝတ်ဆင်ခြင်း၊ ဦးထုပ်၊ ထီးဆောင်းခြင်း (UV ကာကွယ်သည့် ရောင်ပြန်ထီးတွေက လုံခြုံမှုကိုပေးပါသည်။)၊ မျက်စိအမြင် အာရုံတစ်ခုလုံးကို ဖုံးအုပ်ပေးနိုင်သည့် နေကာမျက်မှန်ကြီးကြီးတပ်ဆင်ခြင်း၊ နေလောင်ကာ ခရင်မ်လိမ်းပေးခြင်းတို့ ပြုလုပ်ရမည်ဖြစ်ပြီး ရော်ဘာဖိနပ်မစီးမိရန် သတိပြုသင့်ပေသည်။

Sunscreen အကြောင်းသိကောင်းစရာ

Sunscreen ဆိုသည်မှာ နေလောင်ဒဏ်ကာကွယ်ပေးသော ခရင်မ်တစ်မျိုးဖြစ်သည်။     Sunscreen ကို ကြိုတင်လိမ်းထားလျှင် ယင်းခရင်မ်က ခရမ်းလွန်ရောင်ခြည်များ  အရေပြားထဲသို့  ဝင်မလာအောင်ဆီး ကြိုစုပ်ယူပြီးနောက် ပြင်ပသို့ ပြန်ကန်တိုက်ထုတ်ပေးသည့်အတွက် အသားအရေပေါ်ရှိ မလိုလားအပ်သော အမည်းစက်ပြောက်များ၊ အရေပြားတွန့်ခြင်းများကို ဖြစ်မလာစေတော့ပေ။ Sunscreen ကို မိတ်ကပ်အောက်ခံအဖြစ်သုံးနိုင်ပါသည်။ သို့သော် အလှကုန်ဈေးကွက်ထဲတွင် ရောင်းနေသော Sunscreen အများစုမှာ UVB  ကြိုတင်ကာကွယ်ရန်အတွက်သာ အဓိကထား ထုတ်လုပ်လေ့ရှိသည်။ ထို့ကြောင့် ပစ္စည်းဝယ်သည့်အခါ ဘူးခွံပေါ်တွင် UVA နှင့့် UVB နှစ်မျိုးစလုံးကို ကာကွယ်ပေးနိုင်သည့် PA + စာတန်းပါသောအမျိုးအစားကို ရွေးဝယ်သင့်သည်။

SPF အကြောင်းသိကောင်းစရာ

UVB   ကြောင့်  အသားအရေပျက်စီးခြင်းကို ကာကွယ်ပေးနိုင်သော နေလောင်ကာခရင်မ်၏ စွမ်းဆောင်နိုင်မှု အဆင့်အတန်းကို    Sun    Protection Factor(SPF) နံပါတ်များဖြင့် စံညွှန်းထား သတ်မှတ်လေ့ရှိသည်။ ဥပမာ SPF 50 ကို လိမ်းထားသူသည် နေလောင်ကာ ခရင်မ်လုံးဝ မလိမ်းထားသူထက်  ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အဆ ၅၀ ကာကွယ်ရာရောက်ကြောင်း  အဓိပ္ပာယ်သက်ရောက်သည်။  ထို့ကြောင့် SPF ပမာဏများသော နေလောင်ကာ ခရင်မ်ကို လိမ်းထားနိုင်လေ အသားအရေကို ပိုမိုကာကွယ်နိုင်လေဖြစ်သည်။

UVA ပါဝင်မှု

အလှကုန်ပစ္စည်းများအတွက် UVA ကို PA ဟု နာမ်စားသုံးစွဲ ခေါ်ဝေါ်လေ့ရှိပါသည်။ UVA အကာအကွယ် ပါဝင်နှုန်း အနည်းအများပမာဏကို ခရင်မ်ဘူးခွံပေါ်တွင် PA+ သို့မဟုတ် PA++ သို့မဟုတ် PA+++ စသည်ဖြင့် ဖော်ပြလေ့ရှိသည်။ အထူးမှတ်ထားသင့်သည်မှာ ဘူးခွံပေါ်တွင် “+” ပါဝင်မှုများလေ နေရောင်ခြည်ကြောင့် အသားအရေအိုမင်းမှုကို ပိုမိုကာကွယ်နိုင်လေဖြစ်၍ ယင်း “+” များများပါသော အလှကုန်ပစ္စည်းမျိုးကို အထူးတလည်ရွေးချယ် ဝယ်ယူသင့်ပေသည်။

နေလောင်ကာခရင်မ်ရွေးချယ်နည်း

နေလောင်ကာခရင်မ်ကို  အိမ်ပြင်သို့  မထွက်မီအနည်းဆုံးမိနစ် ၂၀ ခန့်အလိုတွင် ကြိုတင်လိမ်းထားပေးရမည်။ အသားအရေပေါ်မူတည်၍ မိမိနှင့်လိုက်ဖက်မည့်နေလောင်ကာခရင်မ်ကို  ရွေးချယ်တတ်ရန်လိုသည်။

(က) မွေးရာပါအသားမည်းသူများအတွက် အသားမည်းသူတွေမှာ သဘာဝတရားကြီး၏ လက်ဆောင်အဖြစ်    အသားအရောင်ဖျော့သူများထက် အရေပြားဖွဲ့စည်းကြံ့ခိုင်မှုတွင်   သိပ်သည်းဆပိုမိုနေသည့်အတွက် နေလောင်ဒဏ်ကို သဘာဝအလျောက် ခုခံနိုင်စွမ်းရှိသည်။ ထို့ကြောင့် SPF 10 PA+ သို့မဟုတ် SPF 15 PA+ မျှသာသုံးပေးခြင်းဖြင့်  လုံလောက်သည်။

(ခ) ရုံးတက်၊ ကျောင်းတက်သူများအတွက် များသောအားဖြင့် ရုံးတက်၊ ကျောင်းတက်သူများသည်  နေပူထဲ  တစ်နေကုန်မထွက်ရပေ။  ရုံးသွား၊ ကျောင်းပြန်အချိန်မျှသာ နေပူထဲထွက်ရပြီး ကျန်အချိန်များမှာ နေရိပ်ထဲ သို့မဟုတ် Air Con ခန်းထဲနေရသူများဖြစ်သဖြင့် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ရာနှုန်းပြည့်မခံစားရနိုင်ပါ။ ထို့ကြောင့် SPF 24 PA++ သို့မဟုတ်  SPF 30 PA+ အမျိုးအစားခရင်မ်ကို နေ့စဉ် လိမ်းပေးရုံဖြင့် လုံလောက်သည်။

(ဂ) နေ့စဉ် နေပူထဲမကြာခဏ ထွက်နေရသူများအတွက် ခရမ်းလွန်ရောင်ခြည် သင့်ခံရသူအများစုသည် နိစ္စဓူ၀ နေပူထဲ မကြာခဏထွက်နေရသူများဖြစ်သည်။

ထို့ကြောင့် မျက်နှာအစ ခြေဖျားအဆုံး နေလောင်ကာ ခရင်မ်လိမ်းပေးထားသင့်သည်။   ထိုသူများအတွက် အသင့်တော်ဆုံးခရင်မ်များမှာ      SPF  30  PA++ သို့မဟုတ် SPF 50 PA+++ တို့ဖြစ်သည်။

(ဃ) အလည်အပတ် ဈေးဝယ်ထွက်သူများအတွက် အလည်အပတ်ဈေးဝယ်ထွက်သူများ၊ ဘုရားသွား ကျောင်းတက်သူများက  နေရိပ်ထဲဝင်လိုက်၊  နေပူအောက်ရောက်လိုက်  တစ်လှည့်စီဖြစ်၍  ခရမ်းလွန် ရောင်ခြည်ဒဏ်ကို   ရာနှုန်းပြည့်မခံစားရသော်ငြား နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးနိုင်သဖြင့် မပေါ့ဆသင့်ပေ။ ထိုသူများသည် အိမ်ပြင်မထွက်မီကတည်းက  SPF 30 PA++ ကို ကြိုတင်လိမ်းသွားရန်လိုသည်။

(င) အားကစားလိုက်စားသူများအတွက် ဥပမာ နေပူပူအောက်စက်ဘီးစီးသူများ၊ တာဝေးအပြေးသမားများ၊ တောင်တက်သူများသည် ခရမ်းလွန်ရောင်ခြည်ကို   အပြည့်အဝခံစားရသည့်အပြင် ချွေးထွက်လွန်သူများ ဖြစ်သောကြောင့်    မိမိအသားအရေကိုကောင်းစွာ မစောင့်ရှောက်နိုင်ပါက   အရေပြားပျက်စီးတတ်သည်။ ကံမကောင်းသူများတွင် အရေပြားကင်ဆာအထိဖြစ်လာစေနိုင်သည်။  ထို့ကြောင့်နေလောင်ကာခရင်မ်ကို မဖြစ်မနေလိမ်းသင့်ပြီး နားရွက်အနောက်ဘက်ကိုလည်း ချန်မထားသင့်ပေ။ နေရောင်ခြည်နှင့်ထိတွေ့မှု အများဆုံးနေရာများဖြစ်သော နှာခေါင်းနှင့်    လက်မောင်းအပေါ်ဘက်ပိုင်းတွေကို ခရင်မ်ပို၍လိမ်းပေးပါ။ အိမ်မှမထွက်မီ  SPF 50 PA+++ ကို တစ်ကိုယ်လုံးလိမ်းပေးရုံသာမက ခရင်မ်ဘူးကို   မိမိနှင့်အတူ   တစ်ပါတည်းဆောင်ထားပြီး နေပူထဲထွက်ရှိမှုကြာချိန်ပေါ်မူတည်၍   နှစ်နာရီ၊ သုံးနာရီခြားတစ်ကြိမ် ခရင်မ်ထပ်မံလိမ်းပေးပါ။ (လှေလှော်ရွက်တိုက်သူများ၊ ရေကူးသူများက water proof sunscreen SPF 50 PA+++ ကိုရွေးချယ်သုံးစွဲပါ။)

(စ) အပန်းဖြေကမ်းခြေထွက်လည်သူများအတွက်ထိုသူများသည် နေလောင်ဒဏ်အပြင် ရေလောင်ဒဏ်ကိုပါ  ခံစားရသောကြောင့်  ရေစိုခံနေလောင်ကာခရင်မ်အမျိုးအစားဖြစ်သည့်   (water proof sunscreen) ကိုသာရွေးချယ်ပေးပါ။ SPF 50 PA+++ ကိုသုံးပါ။  ယင်းထက်ပမာဏများသော  နေလောင်ကာခရင်မ်ကို သုံးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် မြန်မာ့သနပ်ခါးစစ်စစ်သည် နွေပူပူတွင်နေလောင်ဒဏ်ကာကွယ်ရန် အကောင်းဆုံး သဘာဝဆေးဖြစ်သည်။ သနပ်ခါးက အရေပြားကို အေးမြချောမွေ့စေပြီး အရေပြားဆဲလ်အတွင်းသားအထိ ခရမ်းလွန်ရောင်ခြည်ဘေးမှ အထူးကာကွယ်ပေးနိုင်စွမ်းရှိသည်။ သနပ်ခါးကိုသွေးပြီး တစ်ကိုယ်လုံးလိမ်းပေးပါက  ခန္ဓာကိုယ်တွင်းရှိ  မျက်စိဖြင့်မမြင်နိုင်သော အညစ်အကြေးအခိုးများကို ခန္ဓာကိုယ်ပြင်ပသို့ သနပ်ခါးက စုပ်ယူဆွဲငင်ယူပြီး အပူအပုပ်များကို ထွက်စေပါသည်။ သနပ်ခါးတုံးသွေး၍ ဆားအနည်းငယ်ရော ထည့်လိမ်းပေးခြင်းဖြင့် နွေရာသီတွင် ဖြစ်တတ်သော  မိတ်၊  အင်ပျဉ်ယားယံခြင်းမှ  သက်သာစေပါသည်။  သနပ်ခါးသွေးရည်ကို  တဝကြီးရှူရှိုက်ပေးခြင်းဖြင့်  စိတ်ကိုကြည်လင်လန်းဆန်းစေပြီး  နွေပူပူကြောင့် ဖြစ်တတ်သော ခေါင်းကိုက်၊ ခေါင်းအုံ၊ ဇက်ကြောထိုး၊ နှာခေါင်းပိတ် စသည့်ရောဂါများကို သက်သာပျောက်ကင်းစေသည်။  ထို့ပြင်  နွေရာသီတွင် ကလေးများ၌   ဖြစ်လေ့ရှိသော  အပူဖု၊  အပူနာ၊ ကျောက်၊ ဝက်သက်ပေါက်ချိန်တွင်လည်း သနပ်ခါးသန့်သန့်သွေးပြီး ခွံ့ပေးပါ။ တစ်ကိုယ်လုံးလိမ်းပေးပါ။

အထူးသဖြင့် နွေပူပူကာလမှာ သနပ်ခါးမှန်မှန်လိမ်းပေးပါက တင်းတိပ်၊ မှည့်ခြောက်နှင့်မျက်နှာအဆီပြန်ခြင်းမှ ကင်းဝေးပြီး အသားအရေအေးမြ၍ နေလောင်ဒဏ်ကိုခုခံနိုင်ကာ    အသားအရေစိုပြည်လှပညက် ညောစေသည်။ သို့သော် ခေတ်ပုံရိပ်အရနေ့ဘက်တွင် အလုပ်သွား၊  ကျောင်းသွား၊  အပြင်ထွက်သည့်အခါ သနပ်ခါးကို ဖယ်ထားကြသည်။ မည်သို့ပင်ဆိုစေကာမူ ညအိပ်ရာဝင်ခါနီးတိုင်း    မြန်မာ့သနပ်ခါးစစ်စစ်ကို တစ်ကိုယ်လုံးလိမ်းကာ နေလောင်ဒဏ် ကာကွယ်ကြစေလိုပါသည်။ စာရေးသူကိုယ်တိုင်လည်း ဤသို့ ဤနှယ် မိမိအသားအရေကို   ထိန်းသိမ်းစောင့်ရှောက်နေပါကြောင်း ဗဟုသုတရရှိစေရန် အလို့ငှာ မျှဝေရေးသား လိုက်ရပါသည်။                 

 ပေါက်ပေါက်