ကစားသမားမက်ဆီ ပီအက်စ်ဂျီအသင်းနှင့် ဆက်ဆံရေး မပြေလည်မှုများကြောင့် ယခုဘောလုံးရာသီ အကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည်
ပီအက်စ်ဂျီအသင်း အဓိက တိုက်စစ်ကစားသမား မက်ဆီသည် အသင်းနှင့်ဆက်ဆံရေး မပြေလည်မှုများ ကြောင့် ယခုဘောလုံးရာသီ အကုန်တွင် အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
မက်ဆီသည် ၂၀၂၁ ခုနှစ်က ဘာစီလိုနာအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် နှစ်နှစ်စာချုပ် ချုပ်ဆိုကာ ပြောင်းရွှေ့ကစားခဲ့ပြီး ယခုဘောလုံးရာသီ အကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
ပီအက်စ်ဂျီအသင်းနှင့် မက်ဆီတို့သည် အစောပိုင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ပြင်ဆင်ထား သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ် အဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် မက်ဆီနှင့် ပီအက်စ်ဂျီ အသင်းတို့အနာဂတ် မရေမရာဖြစ်လာခဲ့ကာ ပြီးခဲ့သည့် ရက်ပိုင်းက မက်ဆီသည် ၎င်း၏ မိသားစုနှင့်အတူ ပီအက်စ်ဂျီအသင်း၏ ခွင့်ပြုချက်မရရှိဘဲ ဆော်ဒီ အာရေဗျနိုင်ငံသို့ သွားရောက်ခဲ့သည့်အတွက် ပီအက်စ်ဂျီ အသင်းက ရက်သတ္တနှစ်ပတ်ကြာ အသင်းနှင့် မပူးပေါင်းရန်နှင့် လုပ်ခလစာ နှစ်ပတ်စာဖြတ်တောက်သည့် ပြစ်ဒဏ်ချမှတ်ပြီးနောက် မက်ဆီကိုယ်တိုင်က ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မက်ဆီအနေဖြင့် အသင်းဟောင်း ဘာစီလိုနာ အသင်းနှင့် ပြန်လည်ပူးပေါင်း မည်ဟု သတင်းထွက်ပေါ် နေသော်လည်း ဘာစီလိုနာအသင်း ဘဏ္ဍာရေး အခြေအနေကြောင့် ခက်ခဲဖွယ်ရှိကြောင်း သိရသည်။